ခြုံပေါ် ရွက်ဟင်းချို နဲ့ ထန်းရည်နည်ချက်


by ရုပ် ဆိုး on Tuesday, January 22, 2013 at 6:15am ·
(ရှိတဲ့ဟင်းချိုပုံပဲသုံးထားတာပါ)

    အခုကျွန်တော်ရောက်နေတဲ့ အရပ် က ဟင်းသီး၊ဟင်းရွက် အင်မတန်ရှားပါးပါတယ် ။ အခုလိုဆောင်းရာသီဆိုရင် ပိုလို့တောင်ဆိုးသေးတယ် ။ စားစရာအသီးရွက်ဆိုလို့ တရုတ်မုန်လာလို့ ခေါ်တဲ့ မုန်ညှင်းထုပ်နဲ့ ဂေါ်ဖီထုပ် ၊မုန်လာဥနီ အဲလောက်သာရပါတယ် ။  အဲဒါဆိုတော့ ထမင်းစားခါနီးတိုင်း အိမ်ကအမေ ချက်ကျွေးတဲ့ လတ်လတ်ဆတ်ဆတ် အသီးအရွက်ဟင်းလေးတွေ ၊ ထမင်းပူပူ ဟင်းပူပူလေးတွေ ကို ကျွန်တော်အရမ်းလွမ်းပါတယ် ။ အလွမ်းတကာ့ အလွမ်းဆုံး ကတော့ တခြားဘယ်ထမင်းဆိုင်မှာ မှ မရနိုင်တဲ့ ခြုံပေါ်ရွက်ဟင်းချို နဲ့ ထန်းရည်နှယ်ချက် ပါ ။

    ခြုံပေါ်ရွက်ဆိုတာ က တခြားဟာတော့မဟုတ်ပါဘူး ခြုံပေါ်က ခူးလို့ရတဲ့အရွက်တွေ မို့ အလွယ် ခြုံပေါ်ရွက်လို့ ခေါ်လိုက်တာပါ ။ ကျွန်တော်တို့ အညာက အိမ်တွေရဲ့ ကြက်သွန်စင် တို့ ၊ နွားတဲတို့ မှာ ချိတ်ကြီးကြီးတစ်ချောင်းရှိတတ်ပါတယ် ။ဟင်းသီးဟင်းရွက်ကလည်း အိမ်မှာအဆင်သင့်ချက်စရာမရှိ ၊ နီးနီးနားနားလည်း သွားဝယ်ဖို့ မရှိတဲ့ ခါ  အိမ်ရှင်မတွေ က ငါးပိရည် အိုးလေးကို မီးအေးအေးနဲ့ တည်ထားခဲ့ပြီး ပုဆိုးစုတ်လေးတစ်ထည်ခါင်းမှာပတ် နဲ့ ချိတ်ကလေးလက်က ယူပြီး ရွာအစပ် ကို ခြုံပေါ်ရွက်ခူးထွက်ပါတယ် ။ ရွာ တွေ နဲ့ မလှမ်းမကမ်းမှာ အပင်ကြီးတွေ မဟုတ်တဲ့ နဘူးခြုံ ၊ သဗွတ်ခါးခြုံ ၊ ဘောင်မှဲ့ခြုံ ၊ ချယ်နားကပ် ခြုံလေးတွေရှိကြတယ် ။  အယ် .. ချယ်နားကပ် ဆိုတာ က သူ့မှာ ပွင့်တဲ့ အပွင့်လေးတွေ က မိန်းကလေးတွေ နားမှာဝတ်တဲ့ ချယ်နားကပ် တွေလိုပဲ ။ ငယ်ငယ်ကတော့ မိန်းကလေးတွေက အဲဒါလေးတွေ နားမှာ နားကပ်အနေနဲ့ ပန်ပြီး ဆော့ကြတယ်  ။ အဲဒီခြုံလေးတွေ ပေါ်မှာ ပေါက်နေတဲ့  ဒေါင်းဒလိတ်ရွက် ၊ ဟင်းသုံးဆင့်ရွက် ၊ ပရန္နဝါရွက် ၊ ဟင်းဇိမ်စားရွက် ၊ အောင်ပန်းညိုရွက် ၊ ကင်းပုံရွက် ၊ ကျီးအာညွန့် စတဲ့ အရွက်လေးတွေ ကို ချိတ်လေးနဲ့ လှမ်းလှမ်းဆွဲပြီးခူးကြပါတယ် ။ ခူးလို့ ရလာတဲ့ အရွက်လေး ၊ အညွန့်လေးတွေကိုခေါင်းမှာပတ်လာတဲ့  ပုဆိုးစုတ်လေးအိတ်ထောင်လုပ်ပြီးထည့်ပေါ့ ။  ဆူးပုတ်ရွက်(ဆူးပုတ်ညိုလို့လည်းခေါ်တယ် ၊ တောဆူးပုတ်လို့လည်းခေါ်တယ် ) တို့ အုန်းသျှစ်ရွက်တို့ ၊ ကင်ပွန်းတို့ ကတော့ ရွာတွေ နဲ့ အတော်လှမ်းတဲ့ ရိုး တွေ ၊ ချပ်တွေ (ချိုင့်ဝှမ်း ကိုပြောတာပါ ..ကျွန်တော်တို့ နယ်မှာတော့ ချပ်လို့ ပဲခေါ်ကြတယ် ) ၊ တောင်ကုန်းတွေမှာ သာရှိတယ် ။ ရွားနီးချုပ်စပ် မှာ အလွယ်ရနိုင်တာကတော့ ခြုံပေါ်ရွက်လို့ခေါ်တဲ့ ခြုံပေါ်မှာနွယ်တက်ပေါက်နေတဲ့ အရွက်စုံလေးတွေပါ ။  အိမ်ရှင်မတွေ က တစ်နပ်စာရပီဆိုရင် အိမ်ပြန် လာ ၊ မီးဖိုပေါ် က ငါးပိရည်လေးကလည်း အနည်အကျ နဲ့ ကွက်တိ ။ ထင်းချောင်းလေး ပြန်ထိုး ပြီး ငါးပိရည် အိုးကိုပြန်ပြီးဆူအောင် တည်တယ် ။ အဲဒီမှာ ကြက်သွန်ဖြူ နဲ့ ငရုတ်သီးလေးကိုရောထောင်းပေါ့ ။ ငါးပိရည်အိုးလည်းအပွက် အရွက်လေးတွေ နဲ့ ထောင်းထားတာလေးခပ်လိုက်တယ် ။ အဲဒါဆိုရင် ခြုံပေါ်ရွက်ဟင်းချိုတခွက်ရတယ် ။ အချို မှုန့်မပါ ပေမဲ့ အင်မတန်မှချိုပါတယ် ။ ပူပူစပ်စပ်ချိုချိုလေး နဲ့ အရည်လေးတွေက အစိမ်းရောင်လေး ၊ တရူးရှူး နဲ့ သောက်လိုက် ၊ အရည်လေးနဲ့ အဖတ်လေးကို ထမင်းပန်းကပ်ထဲဆမ်းလိုက် ၊ ထမင်းလေးနဲ့ လူးစားလိုက် ...သောက်ဆမ်းလူး လေးပေါ့ ။


    နောက်တစ်မျိုးကတော့ ထန်းရည်နှည်ချက် ဗျ ။ ကျွန်တော်တို့ နယ်က က ပခန်းနယ်မြောက်ဘက် ကပ်လျှက်ဆိုတော့ ထန်းပင်တွေဆိုတာ နေရာတကာလက်ညှိုးထိုးမလွဲပါပဲ။ထန်းရည် က သူ့ အပင်က ထွက်တဲ့ မူလအရာသာဟာ ဖန်ချိုချိုလေး ပါ ။  ထန်းရည်ခံတဲ့မြူအိုးလေးတွေကို  ထန်းရွက်နဲ့ မီးမြိုက် ၊ ထုံးလေးနည်းနည်းခပ်ပြီး ထန်းစ (ထန်းရည်ထွက်တဲ့နေရာ) မှာသွားခံထားလိုက်ရင် ထန်းလျှက်ချက်တဲ့ ထန်းရည်အချိုရတယ် ။ အဲဒီထန်ရည် အချို က မူလအရသာလို ဖန်ချိုလေးမဟုတ်တော့ဘူး ။ ချို နှစ် ၊ အီစိမ့် နေတယ် ။ သောက်ဖူးသောက်စ မရှိတဲ့သူဆိုရင် ထန်းရည် အခါးထက် ထန်းရည်အချို က ပိုမူးတယ် ။ (ကျွန်တော်ကတော့ အဲလို ထန်းရည်ချိုကို တစ်ထိုင်တည်း နဲ့ တစ်မြူကုန်အောင်သောက်နိုင်သဗျ ။ တစ်မြူကို သုံးလီတာခွဲ ဆန့်တယ် ။ တချို့ ထန်းရည်အယို ကောင်းတဲ့ အပင်တွေဆိုရင် ...တစ်ရက် ၂ ခါလှီးတာတောင် ဂုတ်ထိ တို့ ၊ ဒိန်ရှန် တို့ အထိ ရပါတယ် ။ (ဂုတ်ထိဆိုတာက ပြည့်လုပြည့်ခင် ခေါ်တာ) (ဒိန်ရှန် ဆိုတာက ပြည့်လျှံနေတာကိုခေါ်တာ) ။ အဲဒီရလာတဲ့ ထန်းရည် အချို ကိုမှ အပေါ်ယံရည်လေးကိုအမှုန်တွေ အဖတ်တွေမပါရအောင် ထန်းဇစ် (ထန်းပင်ကထွက်တဲ့ အဖတ်) လေးနဲ့ စစ်.. ပြီးဖယ်လိုက်တယ် ...အဲဒါကိုချက်ရင်ကျတော့ ထန်းလျှက်အဖြူလေးတွေရတယ် ။ ထန်းညက်ကောင်း လို့လည်းခေါ်တယ် ။ မူရင်းအရောင် က ဖြူစွတ်မနေဘူး ..ဝါကျင်ကျင်လေးရယ် စားလိုက်ရင် ရွှမ်းရွမ်းနဲ့မြည်တယ် ။  အညာကလူတွေကတော့" ထန်းညက်လေးက ကောင်းလိုက်တာ ရှပ်နေတာပဲ" လို့ ပြောတယ် ။ ဖွေးအုပြီး စိမ်းနေချင်ရင်ကျတော့ ချွတ်ဆေးနည်းနည်းခပ်လိုက်တယ် ။ (ကျွန်တော်တို့ နယ်မှာတော့ အဲလိုထန်းလျှက်မစားကြဘူး ..မြို့ကလူတွေ ပဲစားတယ်) ။ အထားပိုခံတယ်လို့ လည်းပြောကြတယ် ။ အပေါ်ယံထန်းရည်အချိုလေး ယူပြီး ကျန်ခဲ့တဲ့ တစ်ဝက်လောက်ဟာရယ် ၊ အောက်ကထုံးနယ်တွေပါတဲ့ ဟာရယ်တွေ ချက်လိုက်ရင်ကျတော့ မဲတူးနေတဲ့ ..ထန်းလျှက်လုံး အမဲတွေရတယ် ။


    နောက်တစ်ပိုင်းက ထန်းရည်ခါး ။ ထန်ရည်ခါး လောင်းချင်ရင် (ထန်းရည်ခါးလုပ်ချင်ရင်) ကျတော့ မြူအိုး(မြေအိုး) အသစ်သပ်သပ်ထားရတယ် ။  ထန်းပင်ကအရည်ကိုထုံးမခတ်ပဲ ခံရတယ် ။ ရလာတဲ့ ထဲ ကမှ တစ်လယ်မယ်ရည် (နို့ဆီဗူးတစ်ဗူးစာ) လောက်ကို ထန်းပင်အောက်က တည်အိုး (အောက်မှာတည်ထားတဲ့အိုးကိုပြောတာ)  ထဲထည့်ပြီး ၃ ရက်လောက်ပစ်ထားရတယ် ။ အဲဒါဆို ထန်းရည်က အချဉ်ပေါက်ပြီး အောက်ချေ မှာ အနည်ထိုင်လာတယ် ။ အဲဒါလေးကိုမှ အပေါ်ယံအရည်လေး သွန်ပစ်လိုက်ရင်  မြူအိုးဖင်မှာ အဖြူရောင် အနည်လေးတွေ ကပ်လာတယ် ။ ဖလံပင် က အခေါက်ကို ခွါပြီး အဲဒီထန်းရည် အနယ်ထဲ ထည့်ထားရတယ် ။ အဲဒါဆို ရင် ထန်းရည် အနယ်တွေ က ဖျစ်ဖျစ် ဖျစ်ဖျစ်နဲ့ ပူပေါင်းလေးတွေ ထပြီး ပိုပွားလာတယ် ။ နောက် တခါ ထန်းပင်က ရလာတဲ့ ထန်းရည် အသက်ကို အဲဒီထဲ ထပ်လောင်းပေးရတယ် ။ အဲဒီအချိန်ဆိုရင် ထန်းရည်နှယ် က ထန်းရည်အသစ်ကိုစား ပြီး ပူပေါင်းလေးတွေ က အပေါ်ကိုတဖျက်ဖျက်နဲ့ ခုန်နေတယ် ။ ပုဇွန်ဆိတ်ခုန် ဆိုတာ အဲဒီအခြေနေကို ပြောတာ ။ မြို့ပေါ် က မိုက်လှပါဆိုတဲ့ ဘီအီးဂျိုးတွေ ရွာလာလည်တယ် ၊ ဘီအီး ကို ဂါလံလိုက်တည်ပေးရတယ်ဆိုလို့ ...ပုဇွန်ဆိတ်ခုန်နေတုန်း ခပ်တိုက်တာ နှစ်မြူတောင် မကုန်ပဲ နောက်ပစ်လဲတယ် ။  မူးတယ်ဆိုရာမှာ ထန်းရည်မူးနဲ့ အရက်မူးမတူဘူးဗျ ...ထန်းရည်မူးရင်နောက်လန်တယ် ...လမ်းလျှောက်ရင်ရှေ့တစ်လှမ်းနောက်သုံးလှမ်း။ အရက်မူးရင် ကျတော့ ဂျွမ်းစိုက်တယ် ။ ကျွန်တော်တို့ နယ်က ထန်းရည်သမားတွေ က ပုဇွန်ဆိတ်ခုန်နေတုန်းမသောက်ကြဘူး ။ အဲဒီကနေ တစ်နာရီလောက်နေ အနည်ထိုင်သွားတော့ ထန်းရည်အိုးပေါ်မှာ အမြှပ်ဖြူဖြူလေးတွေက ထောင်တက်လာတယ် ။ အဲဒါကို ခေါင်းပေါင်းဖြူ တယ်လို ခေါ်ကြတယ် ။ ခေါင်းပေါင်းဖြူပြီဆိုရင် အမြှုပ်လေးတွေကို ထန်းရွက်လေးနဲ့သပ်ပစ်လိုက်တယ် ။ ထန်းရည်အရောင်က စိမ်းမြနေတယ် ။ ဆန်ဆေးရည်လို့ အရောင်မဟုတ်ဘူး ။  သောက်လိုက်ရင် စကိုင်းဘီယာ လို့ တင်စားရလောက်အောင် အေးစိမ့်ပြီး ၊ ဖန်ချိုချို ၊ ခါးသက်သက်လေး ။  ပဲခူးနား ကထန်းရည်တို့ ၊ မန်းလေး ဦးပိန် ကထန်းရည်တို့ မြို့သားတွေ ခေါ်လို့ ကျွန်တော်လိုက်သွားသောက်ဖူးတယ် ။ ထန်းရည်နှယ်ထဲ ဆန်ဆေးရည်ခပ်ပြီး ပုဇွန်ဆိပ်ခုန်လာတဲ့ ဟာတွေ ။ အရောင်က ဆန်းဆေးရည်ရောက် ၊ သောက်လိုက်ရင် ချဉ် ၊ခါး ။ မန်းလေးသား ၊ ရန်ကုန်သားတွေကတော့ ပင်ကျရည်လေး ပင်ကျရည်လေးနဲ့ သောက်ကြတာပေါ့ ။ ကျုပ်တို့လိုထန်းပင်ဖက်မွေး လာတဲ့ ကောင်တွေကျတော့ ... အရောင်မြင် ၊ နှခေါင်းတပ်ကြည့်ရုံနဲ့ ဒါထန်းရည် မဟုတ်ဘူးဆိုတာသိတော့သိပ်ဟက်ဟက်ပက်ပက် မရှိဘူး ။ သူငယ်ချင်းတွေ သောက်ကြတယ် တစ်ယောက် ၁၀ ပုလင်းလည်းမမူး ၊ ၁၅ ပုလင်းလည်းမမူး ။ ကျုပ်တို့ဆီက အဲဗား သောက်နေတဲ့ အိုးဆားဗစ်ထန်းရည်သမားကြီးတွေ တောင် ၂ မြူကုန်အောင်ဘယ်သူမှ မသောက်နိုင်ကြဘူး ။

    ပြောချင်တာက ထန်းရည်နှယ်ချက် ။ ပြောရင်းတန်းလန်း ဇာတိက ပြလာတော့ ထန်းရည်အကြောင်းရောက်တာများ သွားတယ် ။ အဲဒီ ထန်းရည်ခါးကနေ ရလာတဲ့ ထန်းရည်နှယ်ကို ခွက်သန့်သန့် လေးထဲ လှယ်ပြီး ဆားလေးခပ်ထားရတယ် ။ ပြီးတော့ ကြက်သွန်ဖြူ ၊ ကြက်သွန်နီလေး ကို နံနွင်းလေး အဆာပလာလေးခပ်ပြီး ဆီသပ် ။ ကြက်သွန်လေး နွမ်း ပြီဆိုတော့ ထန်းရည်နှယ်လေးကိုလောင်းထည့်လိုက်တယ် ။ အဲဒါဆိုရင် နနွင်းအဝါရောင် လေးနဲ့ ချဉ်ပြုံးပြုံးအရသာရှိတဲ့ ထန်းရည်နှယ်ချက်လေးရတယ်ဗျ ။

    ထမင်းပူပူ ၊ ခြုံပေါ်ရွက်ဟင်း ပူပူ ချိုစပ်ကလေးနဲ့ ထန်းရည်နည်ချက် ချဉ်ပြုံးပြုံးလေးနဲ့ လူးလူးပြီးလွေး ရတဲ့ အရသာဟာ ကျွန်တော့် အတွက်တော့ နသုဒ္ဓါ နဲ့ မလဲနိုင်တဲ့ အရသာပါ ။ ခု စားချင်စိတ်လေး ဖြစ်နေလို့ ... သူများတွေပါ သူခိုးသေဖော်ညှိလိုက်တာပါ ။ ....:)

(ရုပ်ဆိုး)

0 comments:

Post a Comment

Followers