"၀န်ကြီးကား"

by Ter Tee (Notes) on Saturday, June 2, 2012 at 9:51am
ကိုအောင်ဆန်း ၊ ကိုကြီးနု တို့ တို့ဗမာအစည်းအရုံး မ၀င်မီကပင် သာဓု "သခင်"  ဖြစ်နေခဲ့သည်မှာ နယ်ချဲ့သမားများကိုတိုက်ရခြင်းသည်၎င်း ၊ ငို့ဘ နိုင်ငံရေးသမားကြီးများကို ကလော်ရခြင်းသည်၎င်း

ပျော်လည်းပျော်၏ ။ စိတ်ဇွဲလည်းထက်သန်၏ ။




ဂျပန်ခေတ် ကိုရွှေသခင်များ ရာထူးအမယ်မယ် ရကြသောအခါ

လုပ်ဖော်ကိုင်ဘက်ချင်းပင် မျက်နှာထားတင်းလာကြသောကြောင့် သာဓုစိတ်ပျက်စပြုလာ၏ ။ နိုင်ငံရေးကိုစိတ်ပျက်ခြင်းမဟုတ် ။ စိန်နားကပ် မပန်ဖူးသူ ဗြုန်းကနဲ ပန်လိုက်ရသော်

နားတခါခါရှိတတ်သကဲ့သို့ "ရာထူးနှင့် အာဏာ" ခေါင်းပေါင်းကလေး ပေါင်းလိုက်ရသောအခါ

သခင်အချို့ ခေါင်းတခါခါ ဖြစ်လာသောကြောင့် "မူ" ကိုမဟုတ် "လူ"  ကိုစိတ်ပျက်သဖြင့်

သာဓုလည်း နိုင်ငံရေးမှထွက်ကာ ပူတူတူး ပေါင်ဒါ လုပ်ရောင်းရင်းခပ်အေးအေးနေခဲ့၏ ။


ဂျပန်ပြေးရပြီး အင်္ဂလိပ်များ ပြန်ဝင်လာသည် ။ ထို့နောက် ဖ-ဆ-ပ-လ အစိုးရဖွဲ့သည် ။


တနေ့သော် သာဓုသည် ပူတူတူး ပေါင်ဒါကြော်ငြာကားကို မြေနီကုန်းဘက်မှ မောင်းလာစဉ်

ဦးဝိစာရအ၀ိုင်းသို့ အရောက် ရွှေတိဂုံဘုရားဘက်မှ အရှိန်ပြင်းစွာ ၀င်လာသော မာစီဒီးကား တစ်စီးနှင့်

တိုက်မိလုလု ဖြစ်သွားသည် ။ ကားလမ်းစည်းကမ်း အရဆိုလျှင် သာဓုက အ၀ိုင်းဆီရောက်နှင့်နေပြီ ။

ထိုကားက အရှိန်သတ်ရပ်စောင့်ရမည်ဖြစ်သော်လည်း တဇွတ်ထိုးမောင်းဝင်လာသည် ။

ထိုကားကမှားနေသည် ။ သို့တိုင်အောင် ယင်းမာစီဒီးကားသည် နောက်ဆုတ်ရှောင်မပေး ။ မောင်းသူကပင် သာဓုကိုဘုကြည့်ကြည့်ကာ တစ်စုံတစ်ခုရေရွတ်သည် ။ သာဓုမကြားရ ။


မကြာမီ ဘေးမှထိုင်လိုက်လာသူ ဆင်းလာသည် ။ သို့မှပင် ဆင်းလာသူသည်သက်တော်စောင့် ၊

နောက်မှထိုင်လိုက်လာသူသည် ၀န်ကြီးဖြစ်သည်ကိုသတိထားမိ၏ ။ ဆင်းလာသူသက်တော်စောင့်က

စတင်းဂန်းလော ၊ တော်မီလော မမှတ်မိ ။ သေနတ်ကိုင်ထားးသည် ။



"ခင်ဗျားဘယ်လိုမောင်းတာလဲ"



"သူလိုငါလိုပဲမောင်းတာပေါ့" ...  သို့သာဓုဖြေသည်ကို သူမကျေနပ် ။

မှားနေသူအဖို့မေးခွန်းရှားပါးနေဟန်ဖြင့်ကြောင်နေသည် ။ ၀န်ကြီးလုပ်သူကလှမ်းခေါ်သည် ။

သူမကြား၍လော ၊ အာဏာပြလို၍လော မသိ ။ သက်တော်စောင့်မင်းက မဖြစ်သေးသောကိစ္စ ၊

အကြောင်းရင်းမဟုတ်သော စကားဖြင့် မေးခွန်းထုတ်နေပြန်၏ ။


"ခုမတိုက်မိသေးဘူး ၊ ကဲ တိုက်မိပြီဆိုပါတော့ ဘယ်သူလမ်းမှားသလဲ"  ဟု သာဓုက လိုရင်းကိုကိုင်လိုက်သောအခါ သူဘာပြောရမှန်းမသိ ဖြစ်သွားရာမှ ...



"ဒါ ဘယ်သူ့ကားလဲ ၊ မသိဘူးလား"



သာဓုက မသိဟန်ဆောင်ကာခေါင်းခါ ပြလိုက်သည်နှင့် ...



"ဒါ ၀န်ကြီးကား ၊ ကြည့်ရှောင်မှပေါ့"



သာဓုတွင် ပူကနဲသွေးဆူသွား၏ ။ ဥပဒေဆိုသည်မှာ ပြည်သူအတွက်သပ်သပ် ၊

ဝန်ကြီးများအတွက် တစ်မျိုးဟူ၍ မရှိ ။ ကမ္ဘာတွင်လည်းမရှိ ။ ၀န်ကြီးကား လမ်းမှားလျှင် အပြစ်မရှိ ၊

မှန်သူပင် အလျော်ပေးရမလိုဖြစ်နေသည် ။ သူတို့ရာဇ၀တ်မှုကျူးလွန်လျှင် မည်သို့နည်း ။

သို့သော် သာဓု တိုတိုပင်ပြောလိုက်သည် ။



"ဘယ်သိမလဲ ၊ ကောင်းပြီ ၊ နောက်ကိုကျုပ်ကြည့်ရှောင်မယ် ၊

ဝန်ကြီးကားမှန်း သိအောင်လည်း ခေါင်းလောင်းလေး တပ်ထား ၊ ကလောင်ကလင်ဆို ဘေးကပ်ပေးမယ်" ... သို့ပြောလိုက်သည်နှင့် သူ့မျက်နှာတွင် ရဲကနဲ နီသွားသည် ။

တစုံတရာ ပြောဆိုမည်အပြုတွင် ကားထဲပါလာသူဝန်ကြီးက ...


"ဟေ့ လာ လာ ပြောမနေနဲ့တော့ ၊ သွားမယ် လာ"  ဟုလှမ်းခေါ်လိုက်သဖြင့် သက်တော်စောင့်လည်း

ခပ်ဆောင့်ဆောင့် ထွက်သွားရင်းက  သိပ်လူဝါးဝတဲ့ကောင် ဟူသော အကြည့်မျိုးဖြင့် ဘုကြည့်ကြည့်သွားသေး၏ ။



ခြောက်လခန့် ကြာသောအခါ ဆွေးနွေးပွဲတခု၌ ၀န်ကြီး သခင်လွင် ၊ ၀န်ကြီး သခင်ချစ်မောင် ၊

ဝန်ကြီး ဦးရာရှစ် တို့နှင့် အမှတ်မထင် တွေ့ဆုံမိကြခိုက် ၁၃၀၀ ပြည့် အရေးတော်ပုံ ၊ ရေနံသပိတ် ၊

လွတ်လပ်ရေးတိုက်ပွဲ ... စသည်တို့ဖြင့် စကားစပ်မိသည်တွင် သခင်လွင်က ...

ပူတူတူး ပေါင်ဒါ အသံချဲ့စက်ကို ဟောပြောပွဲတိုင်း ကူညီခဲ့သည့်အကြောင်း ရောက်သွားသည်နှင့် ဦးရာရှစ်လည်း သာဓုကိုလှည့်ကြည့်၏ ။ အားနာပြုံး ပြုံးပြ၏ ။



                                                                                                                                         သာဓု

                                                                                                                      ( သာဓု လူဝါးဝတယ် စာအုပ်မှ )

0 comments:

Post a Comment

Followers