ရိုးမြေကျ ပေါင်းမှာလား……..ကျမအပျိုမဟုတ်တော့ဘူး


===========================
မင်းဘဝလေးကို ကိုယ်သနားတယ်။
မင်း ဆင်းဆင်းရဲရဲ နေတာ ကိုယ်မကြည့်ရက်ဘူး။
ကိုယ်တို့က ငယ်ချစ်တွေပါ။ ဟိုလူကြီးတွေကြောင့် တို့တွေဝေးခဲ့ရတာ။

မလုပ်ပါနဲ့ ရှင် ကျမဘဝ နှစ်ငါးဆယ်ကျော် အထုအထောင်းတွေနဲ့ ရုပ်လဲကျနေပါပြီ။



တို့အမေ အဲ့လူကြီးကို ယူရင်ကောင်းမှာဘဲ။
ပိုက်ဆံလည်း ရှိမဲ့ပုံဘဲ။
အပြောဆိုလည်း ကောင်းတယ်။ လူဝင်ဆံ့တယ်။ တရပ်ကွက်လုံးနဲ့လည်း အဆင်ပြေတယ်။
တို့ အဖေနဲ့တော့ တစ်ခြားစီဘဲ။ ထုံထုံအအနဲ့ကွာ။

တစ်အိမ်လုံး မီးလောင်ပြီး ကုန်းကောက်စရာမရှိသည့် အချိန် ကိုစောရဲ့ အဓမ္မသိမ်းပိုက်ခြင်းကို ခံခဲ့ရသည်။
ဘဏ်ထဲမှာလဲ ငွေမရှိ။ လက်ငုပ်လက်ရင်းလေးများလဲ ပြုတ်ပြုတ်ပြုန်း။
ကိုစောရဲ့ လက်ထဲမှာ ကျမဘဝ တဖန်ပြန်စဖို့ ဖြစ်လာသည်။
သူ့လူတွေနဲ့ သူတတ်နိုင်သလောက် ရှင်းသည်။ မီးလောင်ပြင်မှာ ခနော်ခနဲ့ အိမ်လေးကို ပြန်တည်ဆောက်သည်။
သူ စာအများကြီးတတ်လှသူမဟုတ်။
စီးပွားရေးက မလုပ်တတ် မကိုင်တတ်။ ဘိုလို ရေလယ်အောင်မပြောတတ်တော့ လူရာမဝင်။
သူကတော့ ပြောရှာသည်။ မိုးလုံလေလုံ အိမ်လေးဆောက်ပြီး သူအိမ်ပေါ်က ဆင်းပါမည်တဲ့။
မင်းချစ်တဲ့သူကို မင်းပေါင်းပါတဲ့။

ကံကြမ္မာ မျက်နှာသာ မပေးလို့ အိမ်စီးပွားရေးက ကြပ်။
သားသမီးတစ်ပြုံတစ်ခေါင်းနဲ့ သူစိတ်ပင်ပန်း အားကြီးလွန်း၍ထင်ပ။
စိတ်ဖောက်ပြန် သွားသည်ဟုသာ သိရသည်။

သူ့လူ ကိုရွှေက သူအားလုံးတာဝန်ယူသည်တဲ့။
ကျမဘဝ ရေတိမ်နစ်ဖို့ ဖြစ်လာသည်လား။ ဘယ်ဘဝက ဝဍ်ကြွေးတွေလည်း။ ပြေပါစေတော့ ရှိပါစေတော့လေ။
ကိုရွှေက အလုပ်ကြိုးစားသည်။ ပုံစံက နှစ်လိုဖွယ်မရှိပေမယ့် လုပ်ရည်ကိုင်ရည်တော့ ထက်လှသည်။
သူ့လူတွေကို သူနိုင်အောင်ထိန်းထားနိုင်သည်။ ဘယ်သူမှ ထိကပါး ရိကပါး မလုပ်ရဲ။
ကလေးတွေကိုလည်း သူနိုင်သည်။ အနုနည်း အကြမ်းနည်း အို…..စုံလို့ပါပဲ။
ပထမတော့ သူလည်း ကိုစောတုန်းက ပေးခဲ့သည့် ဂတိကို မဖျက်။ မင်းချစ်သူနှင့် မင်းပြန်ပေါင်းရမှာပါတဲ့။
ဒါပေမဲ့ ငါကိုယ်တိုင် ရွေးပေးမယ်။ ငါအစီအစဉ်ဆွဲလိုက်ဦးမယ်တဲ့။
လောလောဆယ် မင်းမိသားစု စားဝတ်နေရေးက အရေးကြီးတယ်လို့ ဆိုတယ်။
အလုပ်တွေနင်းကန်လုပ်တယ်။ ကလေးတွေလည်း ပညာသင်လို့။ တစ်ချို့လည်း ရရာ အလုပ်တွေထွက်လုပ်ကြပေါ့။
အိမ်လေးလည်း လူရိုသေ၊ ရှင်ရိုသေ တောက်တောက်ပြောင်ပြောင်ဖြစ်လာပြီး……………..

သူဘာစိတ်ပြောင်းသွားတယ် မသိ။ ကျမကို စည်းကမ်းတွေ တစ်လှေကြီး ထုတ်လာသည်။ ကလေးတွေကိုလည်း ထိန်းချုပ်လာသည်။ အိမ်စီးပွားရေး တစ်ခုလုံးက သူ့လက်ထဲရောက်နေပြီ။ စည်းစိမ်တွေနဲ့ သာယာသွားသည်လား။
သူကတော့ သူ့ကိုယ်သူ ကယ်တင်ရှင်ကြီးလို့သာ တွင်တွင်အော်နေတော့သည်။
ကျမချစ်သူနှင့် ပေါင်းရဖို့က မသေခြာရေးချ မသေခြာ။ ကျမမှာ ရွေးခြယ်ခွင့် မရှိတော့ပြီ။
သူပေးမှ/ သနားရမည့် ဘဝပါဘဲ။ ဟူး………..ရင်မောရပါဘိ။

အစတော့ ဈေးရောင်းဈေးဝယ်လေး ကောင်းလို့။ ဘဏ်ထဲမှာလည်း အထိုက်အလျောက် ငွေရှိလာသည်။ ကလေးတွေလည်း ကျောင်းတွေတက်လို့။ ဧည့်သည်များ အဝင်ထွက်များလာ ပြီ။
နောက် ကျမချစ်သူနှင့် သူတို့ဘာတွေဖြစ်ကြသည်မသိ။ ဈေးရောင်း/ဈေးဝယ်တွေပါးကုန်သည်။ သား/သမီးတွေနဲ့လည်း ပြသနာတွေတက်ကြသည်။ စီးပွားရေး ပိတ်ဆို့ခံလိုက်ရသည်သာ သိတော့သည်။ ကိုရွှေက အသေးစိတ်မရှင်းပြတော့။
သူမှန်တယ်ထင်တာသာ ဆက်လုပ်တော့သည်။
ကျမချစ်သူနှင့် ဝေးခဲ့ရပေသည်။ ၂၂ နှစ်တိုင်တိုင်…………

၂၀၁၀ နောက်ပိုင်း အရိပ်အရောင်များ……..
ကျမချစ် ချစ်/ မချစ် ချစ်။ ကိုရွှေ ဘယ်ဂတိ/ဂဝတ်များဖြင့် ကိုစိန်လက်ထိုးအပ်သွားသည်လဲ။
ကျမဘဝ လှပရတော့မည်လား…..
ကျမကလေးတွေ ကျောင်းကောင်းကောင်း တက်ရတော့မည်လား…..
ထမင်းဝဝ စားရတော့မည်လား……….
ကလေးတွေ တစာစာ အော်ကြသည်။

မီဒီယာလောကသားတွေ မြန်မာ့သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၊ စာပေစိစစ်ရေးတွေ ဖျက်သိမ်းဖို့ ဆန္ဒရှိကြတယ်။ ဒီမိုကရေစီ စနစ်နဲ့ မကိုက်ညီ မလျော်ညီဘူးလို့ တောင်းဆိုလာကြသည်။ ကမ္ဘာစီးပွားရေးဖိုရမ် ဒီဘိတ်မှာ ပြန်ကြားရေးဝန်ကြီးဌာန ဆက်ထားသင့်/မသင့် ဆွေးနွေးလာကြတယ်။ အစိုးရ ယန္တယားတွေဟာ ဒီမိုကရေစီ စနစ်နဲ့ မလျော်ညီတာတွေကို ပြုပြင်ပြောင်းလဲရမယ်။ စွမ်းဆောင်ရည် နိမ့်နေတာတွေ မြှင့်တင်ရမယ်။ စက်ရုံတွေ၊ ဌာနဆိုင်ရာတွေ၊ ဝန်ကြီးဌာနတွေကို နိုင်ငံတော်အပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေဖို့၊ ဒီမိုကရေစီ စနစ်နဲ့ မောင်းနှင်ရာမှာ တုန့်နှေး မနေစေဖို့ ခပ်ရှင်းရှင်း ပြောရရင် ဖျက်သိမ်းတာ၊ ပုဂ္ဂလိကလွှဲလိုက်တာ လွယ်ပါတယ်။ မလွယ်တာက ဝန်ထမ်းတွေ။ EIA, SIA အကြောင်း အသံကျယ်လောင်စွာ အော်နေတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ ဌာနဆိုင်ရာ၊ စက်ရုံ၊ ဝန်ကြီးဌာနတွေ ဖျက်သိမ်းလိုက်တိုင်းမှာ ကသောင်းကနင်း ဖြစ်သွားတဲ့ ဝန်ထမ်းတွေရဲ့ ဘဝ၊ လူမှုပတ်ဝန်းကျင် ထိခိုက်မှုအကြောင်း ဆွေးနွေးဖူးကြပါသလား။ ပြည်သူလူထု၊ တစ်နည်း တိုင်းပြည်ကောင်းစားရေးဟာ အရေးကြီးသလို ပြည်သူဖြစ်တဲ့ ဝန်ထမ်းတွေရဲ့ ဘဝတွေကရော အရေးမကြီးတော့ဘူးလား။

ဘယ်လောက် အသုံးမကျဘူး ပြောပြော ပြည်သူလူထုကို နှိပ်စက်တဲ့ ဝန်ထမ်းရှိသလို အစိုးရယန္တယားကြီး ပုံမှန်လယ်ပတ်နေဖို့ ဆီလေးတစ်စက်၊ သဲလေး တစ်ပွင့်အဖြစ် ကြောတစ်ခင်းစာအတွက် ဝန်ထမ်းလုပ်နေတဲ့ ပြည်သူတွေဟာ ဝန်ကြီးဌာနတွေ ဖျက်တိုင်း၊ စက်ရုံတွေဖျက်တိုင်း ဟိုစက်ရုံက ဒီစက်ရုံပေါင်း၊ ဟိုဝန်ကြီးဌာနကနေ ဒီဝန်ကြီးဌာနကပ် ဇာတ်ဆရာအလိုကျ လိုက်ယိမ်းနေရတဲ့ ဆောက်တည်ရာမရ ဖြစ်သွားတဲ့ သူတို့ ရင်ဘတ်ထဲထိ ဝင်ကြည့်ဖူးပါသလား။ အဲ့ဒီကိစ္စမှာရော SIA ဆိုတာကြီး မလိုတော့ဘူးလား။

ကွန်ပြူတာ စာရင်းကိုင်တွေခန့်၊ လက်နှိပ်စက် အဘွားအို၊ စာရင်းကိုင် အမယ်အိုတွေထုတ်၊ ဂိတ်စောင့် အဖိုးကြီးနေရာမှာ Automatic Access Card, CCTV နဲ့ အစားထိုးလိုက်ရင် လစာတွေ အပေးသက်သာမယ်။ လိုင်းခန်းတွေ လျော့ပစ်လို့ရမယ်။ Ferry Bus ကြီးအစား Minibus လောက်နဲ့ အဆင်ပြေနိုင်တယ်။ တိုင်းပြည် ဘဏ္ဍာငွေ သက်သာမယ်။ ဌာစွမ်းဆောင်ရည်တက်မယ်။ ဌာနနဲ့ ဆက်နွယ်တဲ့ ပြည်သူတွေ အဆင်ပြေစေမယ်။ အဆင်မပြေတာက အဲ့ဒီ အိုကြီး/အိုမ/ပေါက်သင်ညို၊ တောက်တက် လေးတွေဘဲ။ မသနားနိုင်ဘူးလား။

ဝန်ထမ်းဥပဒေအရ ဘယ်ဝန်ထမ်းကိုမှ ဘက်ဂျက် မလောက်လို့၊ ဖွဲ့စည်းပုံ အသစ်အရ မလိုအပ်တော့လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ အငြိမ်းစား ပေးလို့မရတာပဲ။ ပေးလိုက်ရင်လည်း ဒီမိုကရေစီ ခေတ်၊ သူတို့ ဆန္ဒပြမှာပေါ့။ အကြောင်းရှာပြီး အနားပေးလိုက်ရင် လက်မှိုင်ချထွက်သွားတဲ့ သူတို့ ကြောပြင်ကို ခင်ဗျား ကြည့်နေနိုင်ရင် နေနိုင်မယ်။ သူတို့ မျက်ဝန်းတွေကို စေ့စေ့ကြည့်ရဲဖို့တော့ မလွယ်လောက်ဘူး။

သိပ်ကောင်းလှတဲ့ ဝန်ထမ်းဘဝ မဟုတ်ပေမဲ့ အပြင်မှာလည်း ထူးမခြားတဲ့ ဘဝတွေမို့ တံစက်မြိတ်လေးမှာ သူတို့ ရပ်နေတာပါ။ မိုးစဲတော့ သူတို့လည်း ထွက်သွားမှာပေါ့။ မိုးစဲရင် ခင်ဗျားတို့ လိုသလို ဖြိုဖျက် အိမ်သစ်ဆောက်နိုင်ပါပြီ။ သူတို့ မိုးမင်းကြီးကို ဆုတောင်းပေးနေပါတယ်။ အခုတော့ သူတို့ ခင်မျာ ဝန်ကြီးဌာနတွေလျော့မယ်ဟဲ့၊ စက်ရုံတွေ ပုဂ္ဂလိက ပေးမယ်ဟဲ့ အသံတွေကြားတိုင်း ဒီတဲ့ပုပ်လေးက ဟိုး ဝေးလံတဲ့ တဲပုပ်လေးဆီ မိမိစရိတ်နဲ့ ပြောင်းနိုင်ဖို့ အရေး ထုပ်ထားတဲ့ အိပ်ရာလိပ်တွေတောင် ဖြန့်မခင်းမိပဲ ကြမ်းပေါ် အိပ်ခဲ့ရတဲ့ ညတွေလည်း များလှပါပြီ။

သူတို့ နှစ်ပေါင်းများစွာ စားခဲ့ရတဲ့ အသီးက ခါးသက်လွန်းတော့ အခုစားရမဲ့အသီးက ချိုမှာလား။ သူတို့ဘဝတွေ တောက်ပြောင်လာမှာလား။ ဘယ်လောက် ကြာဦးမှာလဲ။ လောလောဆယ် လ မြန်မြန်ကုန်ဖို့။ မျက်စီဖွင့်/နားလေး စွင့်လို့ ငွေချေးရမဲ့ အသိ ကြိုကြို ကြည့်ထားရတဲ့ ဘဝတွေပါ။ ဖြေးဖြေးတော့ မောင်းပါကွယ်။ သူတို့ အပြေးမသန်တော့ဘူး။ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေ၊ ပုဂ္ဂလိက စက်ရုံအလုပ်ရုံတွေ အထိုက်အလျောက် ဖွံ့ဖြိုးတိုးတက်၊ အလုပ်အကိုင် အခွင့်အလမ်းတွေ အဆင်ပြေလာတဲ့အခါ အပြောင်းအလဲ ဟန်ချက်ညီမယ် ထင်ပါ့။ လောလောဆယ် ပုဂ္ဂလိကပိုင် လုပ်တော့ လုပ်ငန်းရှင်က မြေဘဲယူမယ်။ ကျန်တာမယူနိုင်ဘူး ဆိုလို့ မကောင်းတဲ့ စက်တွေ တစစီဖြုတ်လို့ ဝန်ထမ်းတွေ တသီကြီးရွှေ့။ နေရာသစ်မှာ ပြန်ဆင်လဲ အမြတ်မထွက်ပြီမို့ ရပ်ထားတာ ကောင်းပါတယ်ဆိုပြန်တော့ အဲ့ဒီ ပါးစပ်ပေါက်တွေ ဘာနဲ့ ကျွေးရမှာလဲ။ JV လုပ်မှဖြစ်မယ်ဆိုတော့ မလုပ်နိုင်ဘူးတဲ့။ အစိုးရ (တနည်း နိုင်ငံ /ပြည်သူ) မို့ အရှုံးခံနိုင်မယ် ကျုပ်တို့က အရှုံးမခံနိုင်ဘူး ဆိုတော့ကာ "မိအေးရယ်………………နင်တော့ ဆယ်ခါမက နာပြီပေါ့"။

တခါတလေ ကလေးဆန်ဆန် တွေးကြည့်တယ်။ အစိုးရ ယန္တယားကြီး အထနှေး၊ အသွားနှေး၊ အပေါ်ပိုင်းပြောင်းတယ်။ အောက်ပိုင်းက အပြောင်းဘူးလို့ ဆိုကြတယ်။ Driver ပြောင်းတာ ဘာခက်လဲ။ ဘာကောင်ဘဲ တက်တက်၊ အာတွန်ဆန်န ပဲမောင်းမောင်း ချီးပိုးထိုးကားက ဖွတ်ချက်ဖွတ်ချက်နဲ့ဘဲ သွားမှာပေါ့။ ဖာဂူဆန်/ဝင်းဂါး ဘယ်သူဘဲ ကိုင်ကိုင် မြန်မာအသင်း အာရှချန်ပီယံ နေ့ချင်းညချင်း ဖြစ်မလာဘူးမဟုတ်လား။ နဂိုရှိမှ နဂိုင်းထွက်တာလေ။ ဒီတော့ လက်ရှိဝန်ထမ်းတွေကို ပုံမှန်အစိုးရအဖြစ် သတ်မှတ်။ နေမြဲအတိုင်းနေ၊ သိပ်တာဝန်မပေးနဲ့တော့။ တိုးတက်ဖို့ ခေတ်မီဖို့ Democratization Process ဆိုတာကြီး မြန်မြန်ဖြတ်ဖို့ Dynamic Democratic Government ဆိုတာ သက်သက် ဖွဲ့လိုက်ရင် ကောင်းမယ်လို့။ လူသစ်တွေနဲ့လေ။

နို့မိုဆို ၂၀၁၅ နောက်အစိုးရလည်း တက်ရော ခရီးမပေါက်တိုင်း သွားလေသူကြီးတွေ အပစ်တင်၊ လက်ရှိ လိပ်/မြွေ/ဖား/ပေါက်သင်ညို/တောက်တက် လေးတွေကို ကန်ကြောက်၊ ဖြုတ်/ထုတ်/သတ် ခံရ၊ မျက်စိသူငယ်၊ နားသူငယ်နဲ့ ယန္တယားကြီး ပေါက်ကွဲသွားမှ ဟုတ်ပေ့ ဖြစ်နေဦးမယ်။ ပြည်သူတွေကလည်း "ဘယ်သူ နိုင် နိုင်" "ငါတို့နိုင် နိုင်"၊ "ဘယ်သူ့ ကြက်ဖ ရှုံး ရှုံး" "သူတို့ ကြက်ဖ ရှုံး ရှုံး ကြေးဖလားနဲ့ ကြက်သားတုံး" ဆိုပြီး တက်ကြွ နေကြတာမဟုတ်လား။ ပုဝါလေး ယမ်းလိုက် "ဝေ့" လို့ အော်လိုက်တာနဲ့ "ဝေး……….ဟေး………..ဟေး၊ ဖြောင်း ဖြောင်း ဖြောင်း" ဖြစ်နေကြတာ မဟုတ်လား။

သားတော့ ဘယ်သူနဲ့ဘဲ ယူယူ၊ အမေ့ အဆုံး အဖြတ်ပါ။
အမေ့ကို ကိုတရုတ်ကလည်း ကြည့်နေတယ်။
ကိုကုလားကလည်း ရှိုးနေတယ်။
ဟိုး နောက်ဖက်ရပ်ကွက်ကလည်း ချောင်းနေတယ်။ အိမ်နီးချင်းတွေကလည်း ဘယ်လိုလဲတဲ့။

အမေ့ ရင်ခွင်ကို ပြန်လာချင်တဲ့ သား/သမီးတွေလည်း ရှိတယ်။ အမေမှားရင် အမေ့ ကို မေးငေါ့၊ အမေ့ သား/သမီးလို့ ပြောရမှာ ရှက်၊ အမေ့ စကား လူကြားထဲ မသုံးရဲတော့မဲ့ တနယ်တကြေးက ဝမ်းမနာသားတွေ များလာမှာပေါ့။

"ကျမ ဘယ်လို ဆုံးဖြတ်ရမလဲ၊ ခေါင်းတွေပူလာပြီ။ အသင် ရုက္ခစိုးနတ်မင်း ကယ်ပါ။"

"ဝုန်း………….ရှီး…"

"အိမ်း………..နင် လိုလားတောင်းတလွန်းလို့ ငါ ကိုယ်ထင်ပြရတာကွ"
"နင်ဖာသာ ဆုံးဖြတ်ရမှာဘဲ၊ ငါလည်း မလုပ်ပေးနိုင်ဘူး။"
"ကလေးတွေကို စာသင်၊ ဥာဏ်အလင်းကို ဖွင့်"
" အလုပ်ကြိုးစားဖို့ပြော၊ အလုပ်အကိုင်တွေရှာပေး"
"လုပ်စားကိုင်စား ရှိမယ့် ပတ်ဝန်းကျင် ဖန်တီး၊ အချင်းချင်း စည်းစည်းလုံးလုံး ရှိပစေ"
"နင် ဘယ်ယောင်္ကျားနဲ့ ပေါင်းပေါင်း အရေးမကြီးဘူး"
"သူတို့ ခြေထောက်ပေါ် သူတို့ ရပ်နိုင်အောင် လုပ်ပေးဖို့လိုတယ်။"
"သူတို့ ညီအစ်ကိုတွေ အချင်းများဘဲ တက်ညီလက်ညီ လုပ်သွားရင် ရပ်ကွက်ထဲ နင်တို့ တိုက် အမြင့်ဆုံး ဖြစ်မှာဘဲ။"
"နင်ကြာကြာပေါင်းလှ တစ်ယောက် ၅ နှစ်ပေါ့။"

"ဝုန်း…" "'ဒုန်း….." "ဂလွမ်း" "အီး……..ဝါး…"

"မေမေ သားကို ကလားတွေ နှိပ်စက်နေတယ်"
"မေမေ ဘုရားစင် မီးလောင်နေတယ်"
"ကျွန်တော့်ကို အမွေခွဲပေးတော့"
"မရရင် ချမှာပဲ ထိရဲ ထိကြည့်"
"နောက်ဖေးနံရံ အချိုးခံနေရပြီ၊ ငါဖာသာ လုပ်မှရတော့မယ်။"
"သမီးကို ဈေးဆိုင် ပေးနော်"
"သားက နားကပ်ယူမယ်"

(ပြာရိပြာရာ လေသံဖြင့်)
"ကိုစိန်…..ကိုစိန် ရှင်ဘာလုပ်နေတာလဲ။ မီးငြိမ်းလေ၊ ကလေးတွေထိန်းဦးလေ"
"ဒုက္ခပါပဲ၊ မလေးက အငယ်မရော ဘာဖြစ်နေပြီလဲ"
"မေမေ သားသား ဗိုက်ဆာတယ်"

(အသံ ခပ်မြင့်မြင့်လေး)
"ကို…စိန်"
"ဆန်နို့ ဆီဗူး နှစ်လုံးနဲ့ ဆီ ငါးကျပ်သားလောက် လမ်းထိပ်ဆိုင်မှာ သွားချေးဦး"

(စိတ်ရှုပ် အားငယ်သံ)
"ကျမ ဒုက္ခတွေ ရှင် မြင်ပါရဲ့လား၊ ကျမ ဒုက္ခတွေ ရှင် မျှဝေယူမှာလား"
"ရိုးမြေကျ ပေါင်းမှာလား၊ ရှင်မရှိတဲ့ နောက်ပိုင်း ကျမ ကလေးတွေ အတွက်ရော ဘာတွေ စီမံထားပြီလဲ….."
(တိုးညှင်းစွာဖြင့်)
"ရှင့်မလဲ ရှင့်ကလေးတွေနဲ့"
"ရင်မောရပါဘိ"

ရူးအော့သလော က ကောင်းဆုံး ဖြေဆေးလား၊ ဒုတ်တပျက် ဒါးတပျက် ရူးအော့သ မလောတဲ့ သားတွေကို ဘာနဲ့ ထိန်းမှာလဲ။
အိမ်ဦးခန်းမှာ ဘုရားစင် သုံးလေးငါးမျိုး ထားပြီး ကိုယ်ယုံကြည့်ရာ ကိုးကွယ်တဲ့ ယဉ်ကျေးမှု အမှန်တကယ် ထွန်းကားပြီလား။
အင်္ဂလိပ်ခေတ်က ရေးဆွဲထားတဲ့ မပြင်ရသေးတဲ့ ဥပဒေ (၆၀၀) ကျော် ဘယ်နှရက်နဲ့ ပြင်မှာလဲ။
တရားမဝင် ဆောက်ထားတဲ့ ဗလီတွေကို ဖျက်မယ် တဆာဆာအော်နေတဲ့ အရပ်မှာ ဘဘုရား ဘုန်းဘုန်း ကိုယ်တိုင်ဆောက်ထားတဲ့ သုံးထပ်ကျောင်းဆောင်တွေ လက်ညိုးထိုးလာရင် ဘယ်လို ရှင်းမှာလဲ။
ဂူတွေ၊ ဌာပနာတိုက်တွေ၊ စေတီ၊ ပုထိုးတွေ အတွက် စည်ပင်/ဆောက်လုပ်ရေး လျောက်ရမှာလား။
ဘယ်လို စံချိန်စံညွှန်းတွေနဲ့ စစ်ဆေးခွင့် ပြုမှာပါလဲ။
ဘင်္ဂါလီတွေ၊ ဝှက်ကဒ်တွေ၊ မှတ်ပုံတင် သန်းခေါင်စာရင်းတွေ အကြောင်း ပြောပြောနေကြတော့ မြန်မာပြည် အနှံ့အပြားက မှတ်ပုံတင်/သန်းခေါင်စာရင်း မရှိတဲ့ ကျေးရွာတွေ၊ နယ်စပ်ဒေသ ဟိုဘက်ကူး၊ ဒီဘက်ကူး ကြုံသလို မွေးလာတဲ့ တိုင်းရင်းသား ကလေးငယ်တွေ၊ ကိုယ့်အဖိုး/အဘေး ဘယ်သူမှန်းမသိ၊ မိဘတွေ ပြည်တွင်းစစ်မှာ ကျဆုံးသွားပြီ ဖြစ်လို့ တိုင်းရင်းသား စစ်စစ်ကြီးကနေ နိုင်ငံမဲ့ ဖြစ်သွားရမယ့် သိန်းသန်းချီနေတဲ့ ပြည်သူတွေ။
အိမ်နီးချင်း နိုင်ငံတွေနဲ့ မပြီးပြတ်သေးတဲ့ ကုန်း/ရေ ပိုင်ဆိုင်မှု အငြင်းပွားတာတွေ။
ကိုယ်က ရူးအော့သလောနဲ့ လုပ်ပေးပါဆိုလို့ သတိထောက်လိုက်တာ၊ ရူးအော့သလော အတိုင်း ဖြစ်စေရပါမယ်ဆိုပြီး တရားဝင်/မဝင် အကုန်ဖမ်းပြလိုက်တာတွေ…..

ကျန် ပြသနာပေါင်း သောင်းခြောက်ထောင်ကို ခင်ညားတို့ ပြောပြောနေတဲ့ Transparency တွေ၊ Accountability တွေနဲ့ ငြင်းခုန်ကြပါလေ။

နောက်ခံတေး…

"အယူအဆ အမျိုးမျိုး လိုရာဆွဲကာ…………..အဖိုး/အဖွားနဲ့ သားသည် မိခင်…." (ခင်ဝမ်းအသံဖြင့်)
"ဟေ့ သွေးချင်း ညီအစ်ကိုများ…..စည်းလုံးချင်းသည် အင်အား…." (ရင်ဂို အသံ ဖြင့်)
"လေပြင်မုန်တိုင်း တိုက်ခတ်သော်လည်း…….မက်တက်သာ…" (မာမာအေး အသံဖြင့်)

ဇာတ်ညွှန်း၊ သရုပ်ဆောင်၊ ဇာတ်ပို့၊ ဇာတ်ရံ၊ ဒါရိုက်တာ၊ နောက်ခံတေး

သက်ထွေးအောင်
(၁၀-၆-၂၀၁၃)

0 comments:

Post a Comment

Followers