နောက်ဆုံးဧကရာဇ်

နောက်ဆုံးဧကရာဇ်
* * * * * * * * * 

ကုန်းဘောင်မင်းဆက်၏ နောက်ဆုံးမင်းဖြစ်သော သီပေါမင်း၏ မျိုးရိုးစဉ်ဆက်နှင့် မိဖုရားများ၊ သားတော် သမီးတော် မြေးတော်များအကြောင်း ဖော်ပြချက်အကျဉ်း ....

မိဘမျိုးရိုးစဉ်လာ
=========

(၁) ဖခင် မင်းတုန်းမင်းသည် တတိယနိုင်ငံတည် အလောင်းမင်းတရားကြီးမှ တိုက်ရိုက်ဆင်းသက်လာသော မင်းမျိုးဖြစ်သည်။ အလောင်းမင်းတရား+ (မိဖုရားခေါင်ကြီး) ခင်ယွန်းစံ (တို့၏သားတော်) - ဗဒုံမင်း + (မြောက်နန်းမိဖုရား-၁) ဒေါ်လွန်းသူ (တို့၏သားတော်) - အိမ်ရှေ့မင်းသား ဦးပေါ် + (ဗဒုံမင်း၏ မိဖုရားခေါင်ကြီး ဒေါ်လွန်းမယ် မှ မွေးဖွားသော) မိဖုရား ဒေါ်ကေ (တို့၏သားတော်) - သာယာဝတီမင်း + (ပုဂံမြို့သူကြီးသမီး) ပဒေသာတိုက်စား မိဖုရား (ကျောက်မော်မြို့စား) တို့မှ ၅-၇-၁၈၁၄ နေ့တွင် မင်းတုန်းမင်းအား မွေးဖွားခဲ့သည်။ ၁-၁၀-၁၈၇၈ နေ့ အသက်(၆၄)နှစ် အရွယ်တွင် နတ်ရွာစံသည်။ မင်းတုန်းမင်း (ဦးလွင်)တွင် မိတူဖတူ မွေးချင်းအရင်းအဖြစ် ညီတော် အိမ်ရှေ့စံ ကနောင်မင်းသား (ဦးကောက်) တစ်ဦးတည်းသာ ရှိသည်။ ကနောင်မင်းသားမှာ ၅-၉-၁၈၁၉ နေ့တွင် မွေးဖွားပြီး ၂-၈-၁၈၆၆ နေ့ မြင်ကွန်းမြင်းခုံတိုင် ပုန်ကန်မှု အရေးတွင် သေဆုံးခဲ့သည်။

(၂) သီပေါမင်း၏ မိခင်မှာ (သီရိမဟာမင်္ဂလာသုပဘာဒေ၀ီဘွဲ့ခံ) လောင်းရှည်မြို့စား မိဖုရားဖြစ်သည်။ လောင်းရှည်မိဖုရား၏ ဖခင် ဦးမှေးမှာ ဗဒုံမင်း၏ သားတော် (အိမ်ရှေ့မင်းသား) ဦးပေါ် + မိဖုရား နန်းမွေးခန်း တို့မှ မွေးဖွားခဲ့သောကြောင့် မင်းမျိုးပင်ဖြစ်သည်။ ဦးမှေးသည် စစ်ကိုင်းမင်းလက်ထက်တွင် သတိုးမင်းရဲ ကျော်စွာဘွဲ့ဖြင့် ရမ္မာဝတီမြို့စားဖြစ်ခဲ့ပြီး အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအပြီးတွင် သီပေါမြို့စား ဖြစ်လာခဲ့သည်။ မင်းတုန်းမင်း လက်ထက်တွင် ချွန်းတောင်မြို့စား မိုးနဲဗိုလ်မှူးအဖြစ် အမှုထမ်းရသည်။ 

လောင်းရှည်မိဖုရား၏ မိခင် မယ်အိ မှာ ဟံသာဝတီဆင်ကြားရှင်၏ အဆက်အနွယ်ဖြစ်သည်။ မြေဒူးမင်း ဇင်းမယ်ကို တိုက်ခိုက်အောင်မြင်သည့်အခါ ဇင်းမယ်သို့ ရောက်ရှိနေသော ဆင်ကြားရှင်သည် နေပြည်တော်သို့ ပြန်လည်လိုက်ပါလာခဲ့သည်။ ဆင်ကြားရှင် ၏သမီး ရှင်အောင်လံ သည် စစ်သူကြီး ဒလပန်း၏ညီ ပုတ္တကျော်နှင့် စုံဖက်ရာမှ ရှင်ပုဇွန် ကိုမွေးဖွားသည်။ ရှင်ပုဇွန်သည် ညောင်ရမ်းမြို့စား စကြာဝန်ကြီး ဦးမြတ်ရာနှင့် လက်ဆက်ရာမှ လောင်းရှည်မိဖုရား၏ မိခင် မယ်အိကို မွေးဖွားသည်။ လောင်းရှည်မိဖုရားကို ဦးမှေး+မယ်အိ တို့မှ ၁၈၁၅ ခုနှစ်တွင် မွေးဖွားပြီး ၁၈၈၁ ခု၊ ဇွန်လတွင် မန္တလေးမြို့၌ ကွယ်လွန်ခဲ့သည်။ မွေးချင်းများမှာ ခေါင်းတုံးမြို့စား ဦးဖိုးကြီးနှင့် မင်းဂါမဏိ တို့ဖြစ်ကြသည်။

သီပေါမင်း၏မွေးချင်းမောင်နှမများ
=================

(၁) (သုသီရိပဘာဝတီဘွဲ့ခံ) ချွန်းတောင်းမင်းသမီး (အချို့ဖော်ပြချက်တို့တွင် ချွန်းတောင်းမင်းသမီး မပါဝင်ပဲ သီပေါမင်း၏မွေးချင်းကို ၃-ဦးသာ ရေတွက်ပြသည်။)

(၂) (သုသီရိရတနာဒေ၀ီဘွဲ့ခံ) မိုင်းခိုင်းမင်းသမီး (ပခန်းကြီးစုဖုရား) - ၁၉၅၇ ခုတွင် မွေးဖွားသည်။ သီပေါမင်း ပါတော်မူပြီးနောက် အင်္ဂလိပ်တို့ ခန့်အပ်သော သီပေါစော်ဘွား စောခွန်ဆိုင်နှင့် စုံဖက်ခဲ့သည်။ မန္တလေးမြို့၊ ဆိုင်းတန်းရပ်တွင် နေထိုင်ခဲ့ပြီး ၇-၃-၁၉၁၁ နေ့တွင် ကွယ်လွန်သည်။ (သာသမီး မထွန်းကားဟု ဆိုသည်။)

(၃) (သီရိမဟာဓမ္မရာဇာဘွဲ့ခံ) သီပေါမင်းသား - ၁-၁-၁၈၅၉ နေ့တွင် မွေးဖွားပြီး အမည်ရင်းမှာ ဦးမျိုးဆက် ဖြစ်သည်။ စာပေထူးချွန်၍ အနေအထိုင် အေးဆေးတည်ငြိမ်သည်။ အသက်(၁၆)နှစ်အရွယ်တွင် ရှင်သာမဏေ ၀တ်ခဲ့ပြီး ပထမကျော်စာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့သည်။ ၂-၁၀-၁၈၇၈ နေ့တွင် ရတနာပုံထီးနန်းအား ဆက်ခံခဲ့ပြီး နန်းစံသက် (၇)နှစ်ခန့်တွင် အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို အပြီးတိုင်သိမ်းယူခဲ့သဖြင့် ၃၀-၁၁-၁၈၈၅ နေ့တွင် ထီးနန်းမှ ဆင်းခဲ့ရသည်။ အင်္ဂလိပ်တို့သည် သီပေါမင်းနှင့် မိသားစုအား အိန္ဒိယနိုင်ငံသို့ ခေါ်ဆောင်ခဲ့ရာ ၁၅-၁၂-၁၈၈၅ နေ့တွင် မဒရပ်မြို့သို့ ရောက်ရှိခဲ့သည်။ မဒရပ်စံအိမ်တော်၌ (၁၅)နှစ်ခန့် နေထိုင်ခဲ့ပြီး ၁၃-၁၁-၁၉၁၀ နေ့တွင် ရတနာဂီရိသို့ ပြောင်းရွှေ့ခဲ့ရသည်။ ၁၂-၁၂-၁၉၁၆ နေ့တွင် ရတနာဂီရိစံအိမ်၌ နတ်ရွာစံခဲ့သည်။

(၄) (သီရိသုရုဇာဝတီဘွဲ့ခံ) ပြောင်းပြာမင်းသမီး (မိတ္ထီလာစုဖုရားလေး) - ၁၉-၅-၁၈၆၀ နေ့တွင် မွေးဖွားပြီး ဦးကျော်လိမ်းမောင်မောင် နှင့်စုံဖက်ကာ သမီးတစ်ဦးမွေးဖွားခဲ့သည်။ ၁-၆-၁၈၉၆ နေ့တွင် ကွယ်လွန်သည်။

သီပေါမင်း၏မိဖုရားများ
============

သီပေါမင်း၏ မိဖုရား(၃)ပါးလုံးမှာ မင်းတုန်းမင်းနှင့် အလယ်နန်းမိဖုရား ဆင်ဖြူမရှင်တို့မှ မွေးဖွားသော သမီးများသာ ဖြစ်ကြသည်။

(၁) (သီရိသုရတနာ မင်္ဂလာဒေ၀ီဘွဲ့ခံ) မိုင်းနောင်စုဖုရားကြီး - ၂၆-၂-၁၈၅၄ နေ့ တွင် မွေးဖွားသည်။ သီပေါမင်းပါတော်မူပြီးနောက် မိခင် ဆင်ဖြူမရှင် နှင့်အတူ ထားဝယ်မြို့သို့ လိုက်ပါနေထိုင်ခဲ့ရသည်။ ထို့နောက် ၁၈၈၈ ခုတွင် မိခင်နှင့်အတူ သီပေါမင်းရှိရာ ရတနာဂီရိသို့ အပို့ခံရပြီး (၁)နှစ်ခန့်အကြာတွင် ရန်ကုန်သို့ ပြန်လည်နေထိုင်ခွင့် ရခဲ့သည်။ ဆင်ဖြူမရှင်သည် ရန်ကုန်မြို့၊ စမ်းချောင်းရပ်၊ ရှင်စောပုလမ်းတွင်ပင် သေသည် အထိ နေထိုင်ခဲ့ပြီး မိုင်းနောင် စုဖုရားကြီးမှာမူ သီလရှင်ဝတ်ကာ မင်းကွန်းချောင်တွင် တရားအားထုတ် နေခဲ့သည်။ ၂၅-၁၁-၁၈၉၈ နေ့ (၁၉၀၀-ပြည့်နှစ်ဟုလည်းဆိုသည်) တွင် သီလရှင်ဝတ်ဖြင့် ကွယ်လွန် ခဲ့သည်။ (သားသမီးမထွန်းကားပေ)

(၂) (သီရိသုပသာရတနာဒေ၀ီဘွဲ့ခံ) မြတောင် စုဖုရားလတ် - ၁၃-၁၂-၁၈၅၉ နေ့ တွင် မွေးဖွားသည်။ ပါတော်မူစဉ် သီပေါမင်းနှင့်အတူ အိန္ဒိယနိုင်ငံ၊ ရတနာဂီရီသို့ လိုက်ပါခဲ့ရပြီး သီပေါမင်း နတ်ရွာစံပြီးနောက် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။ ချာချီလမ်း (ကိုယ့်မင်းကိုယ်ချင်းလမ်း) အမှတ်(၂၃) စံအိမ်တွင် နေထိုင်ခဲ့ရာမှ ၂၄-၁၁-၁၉၂၅ နေ့တွင် ကွယ်လွန်သည်။ (သား ၁ ဦး သမီး ၆ ဦး မွေးဖွားခဲ့ပြီး သား ၁ ဦးနှင့် သမီး ၂ ဦးတို့ ငယ်စဉ်က ကွယ်လွန်သည်။)

(၃) ရမည်းသင်းစုဖုရားလေး - ၁၈၆၂ ခုနှစ်တွင် မွေးဖွားပြီး သီပေါမင်း ပါတော်မူခါနီး၌ မိဖုရားဖြစ်လာ ခဲ့သည်။ အိန္ဒိယနိုင်ငံ ရတနာဂီရိ၌ သီပေါမင်းနှင့်အတူ လိုက်ပါနေထိုင်ရင်း ၂၅-၁-၁၉၁၂ နေ့တွင် ကွယ်လွန်သည်။ (သားသမီး မထွန်းကားပေ။)

သီပေါမင်းသည် ရတနာပုံထီးနန်းကို ဆက်ခံပြီးနောက် မကြာမီပင် ဆင်ဖြူမရှင်မိဖုရားကြီး ကြိုတင်စီစဉ် ထားသည့်အတိုင်း မိုင်းနောင် စုဖုရားကြီးကို မိဖုရားခေါင်ကြီးအရာထားလျက် မဟေသီဘိသေကသဘင် ပြုလုပ် ကျင်းပခဲ့သည်။ ထိုအခမ်းအနားသို့ သီပေါမင်း မင်းသား ဘ၀က ချစ်ကြိုက်ခဲ့သော မြတောင်စုဖုရားလတ် သည် မိမိသဘောအလျောက် ကြွချီလာခဲ့ပြီး ဘိသိက်ခံရာ ဘမရာသနပလ္လင် ထက်သို့တက်၍ သီပေါမင်းနှင့် စုဖုရားကြီး တို့အကြား ၀င်ထိုင်ကာ ဘိသိက်ခံယူခဲ့သည်။ ထို့ကြောင့် သီပေါမင်းသည် သမိုင်းတစ်လျောက် မိဖုရား ခေါင်ကြီး (၂)ပါးဖြင့် ဘိသိက်ခံယူခဲ့သော ပထမဆုံးနှင့် နောက်ဆုံးမင်း ဖြစ်လာခဲ့သည်။

မိုင်းနောင် စုဖုရားကြီးသည် မိဖုရားခေါင်ကြီးအဖြစ် ကြိုတင်သတ်မှတ်ထားပြီး ဖြစ် သည့်အတွက် အဂ္ဂမဟေသီ မိဖုရားခေါင်ကြီးစံရာ နန်းမတော်ဆောင်တွင် နေထိုင်ရသည်။ မိဖုရားခေါင်ကြီး အဖြစ် ဘိသိက် ခံယူပြီးဖြစ်သည့် မြတောင် စုဖုရားလတ် မှာမူ နေစရာ အဆောင် မရှိသဖြင့် သီပေါမင်းစံရာ ဘမရာသန မှန်နန်းဆောင်သို့ တက်ရောက်နေ ထိုင်ခဲ့သည်။ ထို့ကြောင့် စုဖုရားလတ်အတွက် မှန်နန်းဆောင်အနီးတွင် ရွှေဆောင်တော် အသစ်ကို အလျှင်အမြန် ဆောက်လုပ်ပေးခဲ့ရသည်။

ပဒေသရာဇ် မင်းဧကရာဇ်တို့မည်သည် တောင်ညာစံ အဂ္ဂမဟေသီ မိဖုရားခေါင်ကြီး (နန်းမတော်)၊ မြောက်နန်းမိဖုရား၊ အနောက်နန်းမိဖုရား၊ အလယ်နန်းမိဖုရား ဟူသော နန်းရ မိဖုရားကြီး(၄)ပါးနှင့် တောင်ဆောင်တော်၊ မြောက်ဆောင်တော်၊ တောင်ရွှေရေးဆောင်၊ မြောက်ရွှေရေးဆောင် ဟူသော အဆောင်ရ မိဖုရား (၄)ပါး စသည့် မိဖုရားကြီး(၈)ပါးကို ထားမြဲဖြစ်သည်။ ထို့အပြင် မြို့စားနယ်စား၊ စော်ဘွား၊ အခြားသော တိုင်းပြည် မင်းဧကရာဇ်တို့မှ ဆက်သလာသည့် သမီးကညာတို့အားလည်း မိဖုရား ကိုယ်လုပ်မောင်းမမိဿံ အဖြစ်ထားရှိ၍ မြို့စား ရွာစားအဆောင်အယောင်များ သင့်လျော်သလို ပေးကမ်းချီးမြှင့်ခြင်း ပြုမြဲ ဖြစ်သည်။

သို့သော် စုဖုရားလတ် အနေဖြင့် သီပေါမင်းအား မိဖုရားအများအပြား ထားခွင့်မပြုခဲ့သည့်အပြင် အစ်မရင်းဖြစ်သူ မိုင်းနောင်စုဖုရားကြီး ထံသို့ပင် ဆောင်တော်ကူးခွင့် မပြုခဲ့ကြောင်း သိရသည်။ အပယ်ခံ မိဖုရားခေါင်ကြီးသဖွယ် ဖြစ်နေသော စုဖုရားကြီးလည်း နန်းမတော်ဆောင်ကို စွန့်ခွာ၍ မယ်တော် ဆင်ဖြူမရှင်၏ အဆောင်သို့ ပြောင်းရွှေ့နေထိုင်ကာ ရက်ရှည်ဥပုသ်စောင့်နေ ခဲ့ရသည်။ နောက်ပိုင်းတွင် နန်းမတော်ဆောင် အား စုဖုရားလတ် ပြောင်းရွှေ့ နေထိုင် ခဲ့သည်ကို တွေ့ရသည်။ (ဤအချက်ကြောင့် သီပေါမင်းသည် ဖော်ပြပါ မိဖုရား (၃)ပါးမှလွဲ၍ အခြားသော မိဖုရား ကိုယ်လုပ်မောင်းမ မရှိခဲ့ခြင်း ဖြစ်ပေမည်။)

ထိုသို့ အရာရာချုပ်ကိုင်လိုသော မြတောင်စုဖုရားလတ်၏ သဘောကို မနှစ်သက်သော သီပေါမင်း၏ လက်သုံးတော် ငယ်ကျွန်ကြီးများ ဖြစ်ကြသည့် (ဘုရင့်နောင်ဘွဲ့ခံ၊ မင်းသား အဆောင်ရ၊ ရနောင်မြို့စား၊ မြောက်ဒ၀ယ်ဗိုလ်) မောင်မောင်တုတ်၊ (စီးတော်မြင်းဝန်၊ ရွှေ တိုက်စိုး၊ တောင်သမန်လယ်စား၊ ဖိနပ်တော်ခေါင်း၊ ဘုရင့်စာဆိုတော်) မောင်ဖေငယ် (မောင်မောင်ဖေ) တို့သည် သီပေါမင်းအား မိဖုရားများရရှိအောင် ကြိုးပမ်း ပေးခဲ့ကြသည်။

မြတောင်စုဖုရားလတ်၏ ပထမသားတော် ကွယ်လွန်ပြီးနောက် ဒုတိယသမီးတော် ကို မွေးဖွားပြီးစ အချိန်ခန့်တွင် သီပေါမင်းသည် ၎င်းနှစ်သက် သဘောကျနေသော ဒိုင်းအတွင်းဝန် ဦးဘိုးကြီး ၏သမီး (မွေးစား သမီး-တူမ) ဒိုင်းခင်ခင် (ခင်ခင်ကြီး) အား (မြောက်ရွှေရေးဆောင်မိဖုရား) အဖြစ်လည်းကောင်း၊ ပင်းအတွင်းဝန် ဦးစံငြိမ်း ၏သမီး ပင်းခင်ခင်ကြီး အား (တောင်ရွှေရေးဆောင်မိဖုရား) အဖြစ်လည်းကောင်း မြှောက်စားရန် ရည်ရွယ်ခဲ့သည်။ 

ထိုသို့ သီပေါမင်း၏ အကြံအစည်အား အချိန်မီ သိရှိခဲ့သော စုဖုရားလတ်သည် ရနောင်မြို့စား မောင်မောင်တုတ်၊ ၎င်း၏ညီ ပင်းသာမြို့စား မောင်မောင်ဗြောင်း၊ တောင် သမန်လယ်စား မောင်ဖေငယ်၊ ခန်းပတ်မင်းကြီး (ဒိုင်းဝန်၏ဖခင်)၊ ရေနံချောင်း မင်းကြီး၊ ရွှေမြို့တော်ဝန်၊ ပဌနဂိုရ်မြို့စား ၀န်ထောက်၊ မကွေးမြို့စား ၀န်ထောက်၊ ကောင်ဟန် ၀န် ခင်မောင်လတ်၊ ဒိုင်းအတွင်းဝန်နှင့် ၀န်ကတော်၊ သမီး ဒိုင်းခင်ခင်ကြီး စသည့် ပတ်သက်သမျှ လူအားလုံးအပြင် လက်သုံးတော်ကိုင်များ၊ ၀င်းမှူးများ၊ စာရေးစာချီများ၊ သံတော်ဆင့် များပါမကျန် အားလုံးကို ဥပါယ်ဖြင့် ဖမ်းဆီးခဲ့ပြီးနောက် ထီးနန်းစည်းစိမ်ကို ကြံစည်သည် ဟူသော စွဲချက်ဖြင့် ရာထူးမှထုတ်ပယ်၍ အကျဉ်းစီရင်သည်။ (ခန်းပတ်မင်းကြီးနှင့် ရေနံချောင်းမင်းကြီးတို့ကို ရာထူးချ၍ အကျဉ်းမှ ပြန်လွှတ်သည်။ ကျန်အကျဉ်းသားများမှာ သီပေါမင်း ပါတော်မူပြီး အင်္ဂလိပ်အုပ်ချုပ်သော အချိန်ရောက်မှ လွတ်မြောက်ကြသည်။ )

သို့သော် ဒိုင်းအတွင်းဝန်၊ ၀န်ကတော်၊ သမီး ဒိုင်းခင်ခင်ကြီးတို့နှင့် တောင်သမန် လယ်စား မောင်ဖေငယ် တို့ကို သေဒဏ်စီရင်ခဲ့သည်။ (သေဒဏ်စီရင်ခံရစဉ်က ဒိုင်းခင်ခင်ကြီးတွင် သီပေါမင်းနှင့် ရသော ရင်သွေး ရှိနေကြောင်း သိရသည်။) သီပေါမင်း နန်းတက်စအချိန်က မင်းညီမင်းသားများကို လုပ်ကြံရာတွင် အဓိကနေရာမှ ပါဝင်ခဲ့သူ ရနောင်မြို့စား မောင်မောင်တုတ် မှာမူ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံ ရသော်လည်း ထောင်အတွင်းမှာပင် ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့သည်။ (လုပ်ကြံခံရ၍ သေဆုံးသည် ဟုလည်း ဆိုသည်။) 

ပင်းအတွင်းဝန်မှာ ရှေ့ရေးကိုကြိုတွေးမိ၍ ၎င်း၏သမီးဖြစ်သူ ပင်းခင်ခင်ကြီးအား မောင်မောင်ဖြူ ဟူသော အမျိုးကောင်းသားတစ်ဦးနှင့် အလျှင်အမြန် အိမ်ထောင်ချထား ပေးခဲ့သောကြောင့် ဒိုင်းခင်ခင်ကြီး အရေး ပေါ်ပေါက်ချိန်တွင် အပြစ်မဖြစ်တော့ပဲ ကင်းလွတ်ခဲ့ရသည်။

ထိုသို့ ဒိုင်းခင်ခင်ကြီး အရေးပေါ်ပေါက်ပြီးသည့် အချိန်မှစ၍ မိဖုရားခေါင်ကြီး စုဖုရားလတ်သည် ၎င်း၏ ကိုယ်စား သီပေါမင်းအား အချိန်ပြည့် အနီးကပ်ပြုစု နိုင်ရန်အတွက် ညီမငယ် ရမည်းသင်းစုဖုရားလေး အား တာဝန်ပေးအပ်ခဲ့ရာမှ နောက်ပိုင်းတွင် သီပေါမင်း၏ တတိယမြောက် မိဖုရားဖြစ်လာသည်။


သီပေါမင်း၏ သားသမီးမြေးများ
================

သီပေါမင်း၏ မိဖုရား (၃)ပါးမှ မြတောင် စုဖုရားလတ် တစ်ဦးတည်းကသာ သားသမီး မွေးဖွားခဲ့သည်ကို တွေ့ရသည်။ ပထမဆုံး မွေးဖွားသော သားတော် "ရွှေကိုယ်တော်လေး"၊ ဒုတိယနှင့် တတိယ မွေးဖွားသော "သမီတော်" နှစ်ပါး၊ ပေါင်း သားတော် သမီးတော်(၃)ပါးတို့သည် လသားအရွယ်ကတည်းက ကျောက်ရောဂါဖြင့် ကွယ်လွန်ခဲ့သောကြောင့် ထပ်မံမွေးဖွားသည့် သမီးတော်(၄)ပါးသာ ကျန်ရှိခဲ့သည်။

(၁) ထိပ်စုမြတ်ဘုရားကြီး - ၂၇-၁၀-၁၈၈၂ နေ့ မန္တလေးမြို့၌ မွေးဖွားခဲ့ပြီး၊ ပါတော်မူစဉ်က လေးနှစ် အရွယ်မျှသာရှိသေးသည်။ သီပေါမင်း ရတနာဂီရိ၌ စံနေရစဉ် အင်္ဂလိပ်အစိုးရ ခန့်အပ်ထားသော အိမ်တော် အခိုင်းအစေ များအား အုပ်ချုပ်ရသည့် အိန္ဒိယနိုင်ငံသား အိမ်တော်ခေါင်း ဂိုပယ်ဘာရိုးဆ၀န့် နှင့် စုံဖက်ခဲ့ရာမှ သမီး တုတု ကိုမွေးဖွားခဲ့သည်။ (သီပေါမင်းနှင့် မိဖုရားတို့က မြေးငယ် တုတုအား အလွန်ချစ်မြတ်နိုးသည်ဟု ဆိုသည်။) သီပေါမင်း နတ်ရွာစံပြီးနောက် မယ်တော်နှင့်အတူ ရန်ကုန်သို့ လိုက်ပါခဲ့ရသော်လည်း ခင်ပွန်း ဖြစ်သူရှိရာ ရတနာဂီရိသို့ ပြန်သွားခဲ့ပြီး ၃-၆-၁၉၄၇ နေ့တွင် ရတနာဂီရိ၌ ကွယ်လွန်ခဲ့သည်။ (သမီး တုတု သည် ရတနာဂီရိမှ စက်ပြင်ဆရာ ရှန်ကာပါဝါ ဆိုသူနှင့် အိမ်ထောင်ကျပြီး သားသမီး ၇-ယောက် မွေးဖွား သည်။)

(၂) ထိပ်စုမြတ်ဖုရားလတ် - ၄-၁၀-၁၈၈၃ နေ့တွင် မန္တလေးမြို့၌ မွေးဖွားခဲ့သည်။ နောင်တွင် သီပေါမင်းနှင့် မိသားစုအား ချစ်ခင်သောကြောင့် မန္တလေးမှ ရတနာဂီရိအထိ လိုက်ပါပြုစုနေသော အမြောက်ဝန် (တိုင်တား မင်းကြီး၏ သမီး ပတိမ်းသခင်၏သားဖြစ်သူ) ဦးခင်မောင် နှင့် ၀န်ကတော် (မင်းတုန်းမင်း၏ မြောက်နန်းမိဖုရား ခင်သဲ၏ မောင်အရင်း စီးတော်မြင်းဝန်၏သမီးဖြစ်သူ) မံသကြီးရွာစား ခင်ခင်ကြီး တို့၏ သားဖြစ်သူ ဦးခင်မောင်လတ် (လတ်သခင်) နှင့် ၎င်းတို့ဆန္ဒအလျောက် စုံဖက်ခဲ့သည်။ စုဖုရားလတ်မှ သဘောမတူသဖြင့် အင်္ဂလိပ်အစိုးရ အထောက်အပံ့ဖြင့် သီးခြားခွဲနေခဲ့သည်။ ထို့နောက် အိန္ဒိယနိုင်ငံ (တစ်ချို့-နီပေါနိုင်ငံ) ကလင်ပုံမြို့တွင် ခင်ပွန်းဖြစ်သူနှင့်အတူ နေထိုင်ရင်း ၄-၄-၁၉၅၆ နေ့တွင် ကွယ်လွန်ခဲ့သည်။ (သားသမီး မထွန်းကားပေ။)

(၃) ထိပ်စုမြတ်ဖုရား - သီပေါမင်းပါတော်မူစဉ်က စုဖုရားလတ်တွင် ကိုယ်ဝန်ပါရှိခဲ့ပြီး၊ ၇-၃-၁၈၈၆ နေ့တွင် အိန္ဒိယနိုင်ငံ မဒရပ်မြို့၌ ထိပ်စုမြတ်ဖုရားကို မွေးဖွားခဲ့သောကြောင့် မဒရပ်စုဖုရား ဟုလည်း အမည်တွင်သည်။ သီပေါမင်းနတ်ရွာစံပြီးနောက် မယ်တော်နှင့်အတူ ရန်ကုန်မြို့တွင် လိုက်ပါနေထိုင်ခဲ့သည်။ ၁၉၂၂ ခုတွင် ကနောင်မင်းသားကြီး၏မြေး ထိပ်တင်ကိုယ်တော်ကြီး (တို့ဗမာအစည်းအရုံးဥက္ကဋ္ဌ) နှင့် စုံဖက်ခဲ့ပြီး သမီး ထိပ်စုကြီးဖုရား ကိုမွေးဖွားသည်။ နောက်ပိုင်းတွင် နိုင်ငံရေးပယောဂကြောင့် လင်မယားကွာရှင်းခဲ့ပြီး ၀တ်လုံ ဦးမြဦးနှင့် ထပ်မံလက်ဆက်ခဲ့သည်။ ၂၁-၇-၁၉၆၂ နေ့တွင် ကင်ဆာရောဂါဖြင့် မေမြို့၌ ကွယ်လွန်သည်။ (သမီး ထိပ်စုကြီးဖုရား (ခ) မင်းသမီးရီတာ မှာ ၀မ်းကွဲမောင်တော်သည့် စတုတ္ထသမီးတော်၏ သား တော်ဘုရားနှင့် လက်ဆက်ခဲ့ပြီး သား ၄-ဦး၊ သမီး ၂-ဦး ထွန်းကားခဲ့သည်။)

(၄) ထိပ်စုမြတ်ဖုရားလေး - ၂၅-၃-၁၈၈၇ နေ့တွင် အိန္ဒိယနိုင်ငံ ရတနာဂီရိ၌ မွေးဖွားခဲ့သဖြင့် ရတနာဂီရိ စုဖုရားဟု အမည်တွင်သည်။ (သီပေါမင်းနှင့် စုဖုရားလတ်တို့၏ အချစ်ဆုံးသမီးဟု ဆိုသည်။) သီပေါမင်း နတ်ရွာစံပြီးနောက် ရန်ကုန်သို့ပြန်လည်နေထိုင်စဉ် ၁၉၂၁ ခုနှစ်တွင် ဦးကိုကိုနိုင် နှင့် စုံဖက်ခဲ့ကာ သား ၄- ဦး၊ သမီး ၂-ဦး မွေးဖွားခဲ့သည်။ ၃-၃-၁၉၃၆ နေ့တွင် မော်လမြိုင်မြို့၌ ကွယ်လွန်သည်။ (တော်ဘုရားကလေး ဦးအောင်ဇေ မှာ စတုတ္ထသား ဖြစ်သည်။)

0 comments:

Post a Comment

Followers