တစ်ခါတုန်းက တက္ကသိုလ်မှာ(၂ )

Photo: တစ်ခါတုန်းက တက္ကသိုလ်မှာ(၂ )

 ကျွန်မတို့ ဖရက်ရှာ အဖြစ်တက္ကသိုလ် ရောက်တော့ ဂျပန်မေဂျာနဲ့ ဂျာမန်မေဂျာတွေက သိပ်ကိုစည်းလုံးပြီး အားကျစရာကောင်းအောင် ထက်မြက်ကြပါတယ်။ ဂျပန်မေဂျာက ဆင်တူမေဂျာအင်္ကျီတွေကို ရက်ပိုင်းအတွင်း ဝတ်ဆင်ကြပါတယ်။ ဂျာမန်မေဂျာကတော့ ဘယ်သူတွေက ဘယ်လိုထုတ်မှန်းမသိ ပေမယ့်သူတို့တွေက မေဂျာတံဆိပ်နဲ့ တူညီတီရှပ်တွေကို ၃မျိုးလောက် ထုတ်ဝတ်နေကြပါပြီ။ တစ်ခြားမေဂျာတွေ ကလည်း တရက်ပြီးတစ်ရက် ကိုယ့်မေဂျာရှပ်တွေ ထုတ်ဝတ်ကုန်ကြပါပြီ။
           
           ကျွန်မတို့လည်း မေဂျာတီရှပ် ဆင်တူကို ဝတ်ချင်လိုက်ကြတာ တပိုင်းသေနေတာပါပဲ။ဒါနဲ့ အမျိုးသားECကို မေဂျာရှပ်ထုတ်ဖို့ ပြောကြတော့ သူက ဌာနမှူးက ထုတ်ခွင့်မပေးဘူးလို့ ပြောပါတယ်။ဒါနဲ့ ကျွန်မနဲ့သူငယ်ချင်း တစ်သိုက်က ဌာနမှူးကို သွားပြောကြပါတယ်။ဌာနမှူးက "မနှစ်က တတိယနှစ်ကျောင်းသားတွေကို ထုတ်ခွင့်ပေးထားတယ်။ ဒီနှစ်ဒုတိယနှစ်ကျောင်းသားတွေ အလှည့်လေ။ သမီးတို့ထုတ်ချင်ရင် နောက်နှစ်မှထုတ်ပါ"တဲ့။
       
           "အဲ့ဒါဆိုရင် လာမယ့် ဖရက်ရှာဝဲလ်ကမ်း အမီ ထုတ်ပေးပါတီချယ်။ 
တခြားမေဂျာတွေက ကိုယ်ပိုင်မေဂျာတီရှပ်တွေ ထုတ်ဝတ်ကုန်တော့ မိုင်နာခန်းမှာ ဆုံရင် သမီးတို့ရော မေဂျာတီရှပ်မရှိသေးဘူးလားးး ဘာလို့မရှိတာလဲလို့မေးခံရတယ်တီချယ်။ သမီးတို့ သိပ်မျက်နှာငယ်ရတာပဲ။"
          
           "ဖရက်ရှာဝဲလ်ကမ်းအမီတော့ မရဘူးကွယ့် ဒီမယ်ကြည့် " ဆိုပြီးတော့ ကွန်ပျူတာကနေ ပုံတစ်ပုံပြပါတယ်။ လူဝံရုပ်ပေါက်နေတဲ့ လူဖြစ်စပုံစံရှိတဲ့ ရုပ်ကြီးတွေနဲ့ စိမ်းစိမ်းစိုစို မြက်ပင်တွေပေါ် ထိုင်ပြီး ပါးစပ်ကြီးတွေဟပြီး စာလိုက်ဆိုနေတဲ့ ပုံတွေပါ။ ပန်းချီဆွဲတဲ့ ကင်းဗတ်စလိုပေါ်မှာ အက္ခရာတွေ ဗျည်းတွေရေးထားပြီး ဆံကျစ်ကျစ်ထားတဲ့ လူဝံရုပ်မပျောက်သေးတဲ့ ကမ္ဘ္ဘာဦးလူသားရုပ်နဲ့ ဆရာမက သစ်ပင်အောက်မှာ စာသင်နေတဲ့ပုံကြီးပါ။
          
            "အဲ့ဒီပုံကို ပန်းချီဆွဲတတ်တဲ့လူ ရှိလားးး ရှိရင်တော့ အင်္ကျီမှာ တံဆိပ်ရိုက်ပြီး မြန်မြန်ရမယ်။ အခုတော့ ဘယ်သူမှမဆွဲတတ်လို့ မေဂျာတီရှပ် မရနိုင်သေးဘူးးး ကိုယ့်ဘာသာလည်း ထုတ်ချင်တိုင်းထုတ်ခွင့် ဆရာမကမပေးနိုင်ဘူးးး။ "
         
            ဌာနကအပြန်မှာပဲ ဒုတိယနှစ်အတန်းက အကိုတွေအမတွေကို ဝင်တွေ့ပြီး ဒီကိစ္စကို ဆက်ဆွေးနွေးပါတယ်။ ပန်းချီဆွဲတတ်သူတစ်ယောက် အမြန်ရှာဖို့နဲ့ မရလည်း တခြားလွယ်တဲ့ပုံသုံးပြီး တီရှပ်အင်္ကျီကို ဝဲလ်ကမ်းအမီ ထုတ်ပေးဖို့ တွေကို ပြောဖြစ်ကြပါတယ်။သူတို့အားလုံးက ဘယ်လိုအကြံပြုချက်ကိုမှ လက်မခံဘဲ ပန်းချီဆွဲတတ်တဲ့ လူတစ်ယောက် မိုးပေါ်က ကျလာမယ့်အချိန် ကို ဌာနမှူးနဲ့အတူ မျှော်လင့်စောင့်စားနေ ကြပါတယ်။ 
          
           ဒုတိယနှစ်အခန်းက ထွက်လာတော့ သူငယ်ချင်းတစ်သိုက်လည်း စိတ်ဓါတ်တွေကျနေကြပါပြီ။ ကျွန်မရင်ထဲ မှာတော့ ဒေါသတွေ အလိပ်လိုက် ထွက်နေပါတယ်။ ဒီလောက်ပိစိညှောင့်တောက် ကိစ္စလေးကို ဘာလို့အကြီးအကျယ်တွေးပြီး ခက်ခဲနေရတာလဲ။ မလုပ်နိုင်ရင် မလုပ်တတ်ရင် ဘေးဖယ်နေလိုက်တော့။ လုပ်တတ်တဲ့သူ လာလုပ်လိမ့်မယ်... 
          
            အဲ့လိုတွေတွေးမိပြီး ကိုယ့်အခန်းထဲပြန်ရောက်တော့ ဖရက်ရှာ ဝဲလ်ကမ်းအမီ မေဂျာတီရှပ်လိုချင်ရင် စာရင်းပေးပြီး စာရံငွေ ငါးရာတစ်ခါတည်းပေးပါ ဆိုပြီး စာရင်းကောက်လိုက်ပါတယ်။ဌာနကနေ အတူတူပြန်လာတဲ့ သူငယ်ချင်းတွေက သူတို့လည်း မေဂျာတီရှပ်ယူပါ့မယ်။ ဒါပေမယ့် မေဂျာအင်္ကျီထုတ်တဲ့ထဲတော့ မပါပါရစေနဲ့ဆိုပြီး ဖြစ်ကုန်ရော။ အဲ့ဒါနဲ့ အတူတူလှုပ်ရှားဖို့ ဘယ်သူကျန်လဲဆိုတော့ မေလဲ့တစ်ယောက်ပဲ ကျန်ပါတယ်။ "နင်သာ တကယ်လုပ်မယ်ဆိုရင် ငါရောပါမယ်။" "အေးးးး"
              
           ဖေဖေက မနက်ကျောင်းပို့ပြီး ပြန်သွားတာနဲ့ မေလဲ့စက်ဘီးလေးနဲ့ သူငယ်ချင်းနှစ်ယောက် ကျောင်းလစ်ပြီး နှစ်ရက်ဆက်တိုက် လှုပ်ရှားကြပါတယ်။ဒီလိုနဲ့ စုံစမ်းလိုက်တာ ဈေးချိုတော်နဲ့ အရှေ့ဘက်တိုက်တန်းက တီရှပ်အဖြူလက်ကားရောင်းတဲ့ ဆိုင်တွေ အကုန်နှံ့ကုန်ပါတယ်။၃၅လမ်းတစ်ကြောက တံဆိပ်ရိုက်ဆိုင်တွေ တစ်ဆိုင်မကျန်ဝင်စုံစမ်းပစ်ပါတယ်။
            
           နောက်ဆုံးမှာတော့ ဈေးချိုပြီး သဘောကောင်းတဲ့ တံဆိပ်ရိုက်ဆိုင်ကို ရွေးလိုက်ပါတယ်။ သူကလည်း ပုံတောင်းပါတယ်။ ကိုရီးယားအလံလည်း မမြင်ဖူးလို့ ဓါတ်ပုံပေးပါလို့ ဆိုပါတယ်။ ဒါနဲ့ပဲ ဘာပုံပေးရမှန်းမသိ အလံလည်းဘယ်သွား ရှာရမှန်းမသိတွေ ဖြစ်ပြီး သူငယ်ချင်းနှစ်ယောက် ကလယ်ကလယ်တွေ ဖြစ်ကုန်ရော။ 
              
            "မေလဲ့ရေ…ဌာနမှူးအခန်းထဲက ပြက္ခဒိန်ကြီးက ကိုရီးယားသံရုံးက လက်ဆောင်ပေးထားတာဟ။ ကိုရီးယားအလံလည်း ပါတယ်။ ရိုးရာပုံတွေလည်း အများကြီးပဲ။ အဲ့ပုံတွေ ရရင် သိပ်ကောင်းမှာပဲ။" "ပေးနေလိမ့်မယ် နင့်ဂျီးတော် ဌာနမှူးက။ ဒါတွေလုပ်နေမှန်း သိရင်တောင် ခေါ်တားမှာ သေချာတယ်။" 
           
           "သူမသိအောင်ယူမှာပေါ့ဟ။" "ပြက္ခဒိန်က အဖိုးမတန်ဘူးနော်၊ ပြဿနာ တက်ရင်တော့ အမှုကအကြီးကြီးပဲ။ခိုးမှုတဲ့ ခိခိ" "အမ်မာ  ဘာလို့ခိုးရမှာလဲ။ဒီမှာ ကလေးကတည်းက ငါးပါးသီလကို ခါးဝတ်လိုမြဲလာတာ သိရဲ့လားးး" "ဦးတို့ အန်တီတို့ကိုကြောက်လို့ မြဲတာမလားးး မသိခက်မယ်။" "ဘာကြောင့်မြဲမြဲဟာ မြဲရင်ပြီးတာပဲ။ငါက ပြက္ခဒိန်ကို ခဏငှားပြီး ပြန်ပေးမှာပါဟ။ တီချယ်ကြီး လက်ချာဝင်နေတဲ့အချိန် သွားယူမယ်လေ။ ပြီးရင် ချက်ခြင်းပြန်ပေးလိုက်မယ်။" 
              
            "အယ်....လွယ်တာ။နင်၃၅လမ်းလည်း ရောက်ရော လက်ချာချိန်လည်းပြီးရောနေမှာ ဘယ်လိုပြန်လာလို့ အချိန်မီမှာလဲ။" "၃၅လမ်းထိ ဘာလို့သွားမှာလဲဟ။ တက္ကသိုလ် ဓမ္မာရုံဘေးက White Rose မှာမိတ္တူဆွဲပြီး ပြန်လာထားရင် ၅မိနစ် မကြာပါဘူး။ ဒီနေ့ညနေ ကျောင်းကအပြန် White Roseကိုဝင်ပြော ထားလိုက်မယ်လေ။မနက်ဖြန် ပြက္ခဒိန်တစ်ခု မိတ္တူကူးဖို့ ယူလာပါမယ်။ ရောက်တာနဲ့ချက်ခြင်းကူးပေးပါ ဆိုပြီး ငွေပါတစ်ခါတည်းကြိုချေပေးလိုက်မယ်။"  
        
           နောက်တစ်ရက်မှာတော့...... "မေလဲ့ရေ...ဌာနမှူးတော့ တတိယနှစ်အခန်းထဲ ဝင်သွားပြီ။ ငါတို့သွားဖြုတ်ကြစို့။" "ဟိုခုံအမြင့်ကြီးယူဟ။ ဒီခွေးခြေလောက်နဲ့မရဘူး။ ပြီးရင်ငါတက်ဖြုတ်မယ်။နေနေက ခုံကိုင်ပေးထားးး။" "အမလေးးး ဘုရားဘုရားးး တီချယ်ကြီးက တစ်ခုခုမေ့လို့ ပြန်လာယူရင်တော့ ပွဲပြီးပြီ။ ကြောက်ထှာ" "ဟေ့ကောင် သေချာကိုင်ထားးး လျှောက်အော်မနေနဲ့။"
              
            "ကိုင်ထားတာာပဲကို။" "အာ့ဆိုခုံက ဘာလို့လှုပ်နေတာလဲ။" "ဘယ်သိမလဲ။ လှုပ်ချင်လို့ လှုပ်တာနေမှာပေါ့။" "ဟဲ့ ဘာလုပ်နေကြတာလဲ။" "အယ်...တီချယ်ချို ဒီပြက္ခဒိန်ပြုတ်ကျနေလို့ ပြန်ချိတ် ပေးနေတာပါ။" "အေးအေး မရလည်းထားခဲ့လိုက်။တီချယ်က ကလေးနေမကောင်းဖြစ်နေလို့ အခုမှရောက်တာ။အတန်းဝင်ရမှာ နောက်ကျနေလို့ သွားပြီနော်။ သမီးတို့လည်း အတန်းနောက်ကျမယ်။သွားကြတော့။" "ဟုတ်ကဲ့။ " 
            
          "ဒါလေးဖြုတ်တာကို ဒီလောက်ကြာသလားကွ။ ဆင်းတော့ ငါဖြုတ်မယ်။" "သံမှိုက ကြီးပြီးကောက်နေတာဟ။ အပေါက်ကကျဉ်းနေတယ်။ရပြီရပြီ။" ပြက္ခဒိန်ကို နှစ်ချိုးဖွဖွခေါက်ယူပြီး ခြေကုန်သုတ်ကြသည်။ အားလုံးပြီးတော့ ပြက္ခဒိန်ကြီးကို နေရာတကျ ပြန်ချိတ်ပေးခဲ့ပါသည်။ အားလုံးပေါင်း ကြာချိန်ခုနှစ်မိနစ်ခန့်ရှိပါသည်။ပြီးတော့မှ မိတ္တူလေးတွေယူပြီး တံဆိပ်ရိုက်ဆိုင် အပြေးသွားရပါတယ်။
        
         "ဒီပုံသုံးရင် ဒီလိုဖြစ်မယ် ညည်းတို့ ဟိုပုံသုံးလိုက်ပါလားးး" "အာ..ကြိုက်ပါဘူးးး ဦးလေးကြီးကလည်း။ ဒါကို ဒီလိုယူသုံးရင်ရော ဖြစ်မလားးး။" "မေလဲ့...ကျောဘက်မှာ အဲ့ဒါထည့်ရင်အလံနဲ့ မေဂျာနာမည်က ဘယ်နားသွားထည့်မှာလဲ။" "ဟိုပုံက ဒါယူပြီးထည့်မယ်။ ဒီပုံက ဒါလေးညှပ်ထည့်လိုက် အဲ့အောက်မှာ စာကိုဒီလိုလေး ကိုရီးယားလိုရေးမယ်။" "နောက်ကျောမှာတော့ ကာလာနှစ်မျိုး သုံးပြီး မေဂျာနာမည်ကို အင်္ဂလိပ်လိုရေးမယ်။ သဘောတူတယ် မလားနေနေ။" "ငါတို့ကို မခံချင်အောင်လာစပြီး ကောနေတဲ့ ဟိုဂျာမန်ကောင်တွေကို ချေပြီးဝတ်ပြဖို့ ငါတို့ကိုယ်ပိုင်မေဂျာအင်္ကျီ ဖြစ်ရင်ပြီးရောဟာ။ ကြိုက်သလိုသာလုပ်။"  
                 
           "အေးဆေးပေါ့ဟ။ဘာတွေလော နေတာလဲ။" "အေးဆေးမနေနဲ့။ တီချယ်ကြီးအချိန် အမီပြန်ဝင်ရမယ်လေ။ မပြီးခင် သူရိပ်မိလို့ မဖြစ်ဘူး။" "အာ့ဆိုအဲ့အတိုင်း လုပ်ပေးတော့ ဦးလေးကြီး။ စာတွေကို နင်ရေးပေးလိုက်လေ နေနေ။ " "အနော့်လက်ရေးတွေအတိုင်း ထည့်မရိုက်နဲ့နော်ဦးလေး။ပန်းချီဆရာကို ပြန်ပြီးပုံတူရေးခိုင်းပေးပါနော်။" "အေးပါဟ။စိတ်ချ။ငါအကုန်ကြည့်ပြီး လှအောင်လုပ်ထားလိုက်မယ်။ သဘက်ခါညနေမှ လာယူလှည့်တော့။ ခြောက်နာရီထက်မစောနဲ့နော်။"
         
         နောက်တစ်ရက်ကျော် ကြာပြီးနောက်... "ဦးလေးကြီး ရပြီလားး။" "အေးအေးးရပြီ။" "ဟာ  အနော့်လက်ရေးကြီးတွေအတိုင်း စာတွေရိုက်ထားတယ်ပေါ့။ လုပ်ပြီဗျာ။ လက်ရေးတွေက လှလည်းမလှဘူးးးး "  "ဒါပေမယ့်ညည်းတို့ မေဂျာက ရှမ်းကြီးအုပ်စုက ဒီတီရှပ်တွေကို တွေ့သွားပြီး ငါ့ကိုမေးနေတယ်ဟ။ ငါလည်း မသိပါဘူးးးတပည့်တွေက လက်ခံထားတာပါလို့ ပြောလိုက်ရတယ်။္ဃသူတို့ရှမ်းအင်္ကျီတွေလည်း ဒီမှာပဲ တံဆိပ်ရိုက်ကြတယ်လေ။သူတို့က တော်တော်ဒေါခီးနေကြတယ်။ ဒီနှစ်က သူတို့လုပ်ရမယ့်နှစ်တဲ့။ ဒါကိုဖရက်ရှာတွေက လူပါးဝပြီးလုပ်တယ်ဆိုလားပြောနေတယ်။ မနက်ဖြန်ဝဲလ်ကမ်းမှာ ခေါ်ပြီးတော့ အဲ့ကောင်တွေကို ဗျင်းမယ်တဲ့။ လက်သီးစာကျွေးမယ်တွေရော ကြိမ်းသွားတယ်။ ဒါပေမယ့် ပြဿနာမရှိပါဘူးအေ။သူတို့ကို ကျော်လုပ်လို့ ယောက်ျားလေးတွေထင်ပြီး ကြိမ်းတာပါ။ မိန်းကလေးတွေဆိုတာ သိရင် မလုပ်လောက်ပါဘူးးး။" "ဟုတ်ကဲ့ဦးလေး။ယူသွားပြီနော်။ကျေးဇူးပါပဲ။" 
          
          "မေလဲ့ရေ ဘယ်လိုလုပ်ကြမလဲဟင်။ ငါကြောက်တယ်ဟ။ ဌာနမှူးရော သူတို့ကပါ သေချာပြောထားပါရက်နဲ့ ဒီလိုလုပ်တယ် ဆိုပြီးတော့ တော်တော်ခီးနေလောက်ပြီ။" "မထူးတော့ဘူးလေဟာ ကြောက်မနေနဲ့တော့။ ဖြစ်လည်း နင်နဲ့ငါ အတူတူခံရမှာပဲ။" "ဟင့်အင်းးး ငါတော့မခံနိုင်ပါဘူးးး ဒုတိယနှစ်တွေ အကြီးဖြစ်ပြီး သုံးစားမရလို့ ငါတို့ဘာသာလည်း အပင်ပန်းခံ လုပ်ရသေးတယ်။ ပြီးတော့ လက်သီးနဲ့လည်း ထိုးခံရမယ်ဆိုရင်တော့ မဖြစ်ဘူးးးဟ။ ဘယ်လိုလုပ်ကြမလဲ။တောင်ကြီးသားတွေက နာမည်တစ်လုံးနဲ့နေတာဟ။ ငါကြောက်တယ်။" 
          
           "မကြောက်ပါနဲ့ နေနေရယ်။ခံရမယ်ဆိုတာက စကားအဖြစ်ပြောတာပါ။ လာထိကြည့်ပါလားးး မေလဲ့တို့က ပြန်တီးထဲ့လိုက်မှာပေါ့။ငါ့ကို ဆယ်တန်းတုန်းက ကျူရှင်အသွားအပြန် လိုက်နှောင့်ယှက်တဲ့ကောင်ရှိတယ်။ စက်ဘီးချင်းယှဉ်ပြီးတော့ ရုပ်ဆိုးသလေး ဘာလေးတွေလည်း ပြောတယ်။ အဝတ်အစားဝတ်တာထိလည်း မဟုတ်တရုတ်တွေ လျှောက်စတယ်ဟာ။တစ်ရက်ငါက စက်ဘီးပေါက်လို့ ဘီးဖာဆိုင်ဝင်တော့လည်း သူက ဘီးရပ်ပြီး လျှောက်စနေပြန်ရော။ အာ့နဲ့ဘေးနားမျက်စိ ကစားလိုက်တော့ ဂွအကြီးကြီးတစ်လက် တွေ့တာနဲ့ ဆတ်ခနဲကောက်ယူပြီး ခေါင်းကို အားကုန်လွှဲရိုက်ပစ်တာ သွေးတွေဆိုတာ အနှစ်လိုက် အခဲလိုက်ကျလာတာပဲ။"
         
              "ဖျားဖျားးး နင့်ကိုရဲက မဖမ်းဘူးလားဟင်။" "အဲ့ကောင် တိုင်တာနဲ့ ငါတို့ကလည်း အမျိုးသမီးကာကွယ် စောင့်ရှောက်တဲ့ ဥပဒေတွေနဲ့ ပြန်တရားစွဲပြီး ထောင်ချမယ်လို့ ကြိမ်းထားတာဟ။ သူ့အပြစ်သူသိတော့ မလှုပ်ရဲပါဘူး။ အာ့ကြောင့်ပြောတာ လာထိလို့ကတော့ တွေ့သွားမယ်။" "အားရလိုက်တာ မေလဲ့ရယ်။ ငါလည်းမကြောက်တော့ဘူး။ ငါ့လာလုပ်ရင် ပြန်လုပ်ပစ်မယ်။ ဟွန်းးးး " 
           
             တကယ်တမ်းမှာတော့ ကျွန်မရင်ထဲမှာ စိုးရိမ်ပူပန်စိတ်တွေနဲ့ မွမ်းကျပ်နေခဲ့ ပါတယ်။ အတွေးပေါင်းစုံတွေ ဖြစ်ပေါ်ပြီး ကြောက်ရွံ့နေခဲ့ပါတယ်။ "ငါတော့ ရာဇဝတ်အိုးကို ဒုတ်နဲ့ထိုးမိပြီ။ တီရှပ်က ပုံတွေကို ကြည့်လိုက်တာနဲ့ ပြက္ခဒိန်ကပုံတွေဆိုတာ အသိသာကြီး ပါလားနော်။ ဌာနမှူးက ခေါ်မေးရင် ဘယ်လိုဖြေရမလဲ?? ဟိုလူတွေက မိန်းကလေးရော ဘာရော နားမလည်ဘဲ လုပ်ချင်တာလုပ်တတ်တဲ့ လူတွေဆိုရင်ရော ဘယ်လိုလုပ်ကြမလဲ?? အဲ့တော့လည်း မေလဲ့ပြောသလို ဖမ်းပြီးတရားစွဲပစ်မယ်... အင်းးးတရားစွဲတာကနောက်၊ အရင်ဆုံး လက်သီးစာမိပြီး ပါးရိုး နှာရိုး နဲ့ သွားလေးတွေ ကျိုးကုန်မှဖြင့် ငါတော့ အလှပျက်ရချည်ရဲ့။"
       
          " ရှုပ်ပါတယ် ကိုယ့်ကိုယ်ကိုတော့ ကာကွယ်ရမှာပဲ။အိမ်မှာရှိတဲ့ ချင်းဓါးရှည်ကြီး ထည့်သွားမှပဲ။ ဘာနဲ့ထည့်ပြီး ဘယ်လိုသယ်ရပါ့မလဲ?? မဖြစ်ပါဘူးးး ခရမ်းချဉ်သီးလှီးတဲ့ ဓါးသေးသေးပဲ ယူသွားမှပါ။ အို... ရှုပ်ပါတယ်၊ ဘာဓါးမှမယူတော့ဘူးးး တီချယ်ကြီးနားပဲ မခွာဘဲကပ်နေလိုက်ရင်ကို အန္တရာယ်ကင်း နေပါပြီ။ တီချယ်ကြီးက ဆူဆူ ဆဲဆဲ ဗိုက်ခေါက်ဆွဲဆွဲ ခေါက်ခေါက် ခံလိုက်တော့မယ်။"
           
             ဒီလိုတောင်စဉ်ရေမရတွေ တွေးပြီး အိပ်မပျော်ဘဲ မိုးလင်းသွားပါတယ်။ထုံးစံအတိုင်း အလှတွေပြင်ပါတယ်။ မေဂျာအင်္ကျီသစ်တွေကို ကားပေါ်ရောက်မှ ဝေမှာမို့ အထုပ်ကြီး နှစ်ထုတ်နဲ့ သယ်ရပါတယ်။ မေလဲ့အဆောင်ကို ဝင်ခေါ်တော့ မရွှေချောက ရေချိုးတုန်းတဲ့။ အဲ့ဒါနဲ့ အိမ်ကကားကိုပြန်လွှတ်လိုက် မိပါတယ်။မေလဲ့အဆောင်နဲ့ ကျောင်းက နီးနီးလေးမို့လို့ပါ။တကယ်တမ်းမှာတော့ အဝတ်ထုတ်ကြီးတွေကို ဆွဲပြီး လမ်းလျှောက်တော့မှဘဲ ကျောင်းနဲ့အဆောင်ဟာ တော်တော်ဝေး ပါလားလို့ သိလိုက်ရပါတယ်။
       
           မိန်းပေါက်ဝက ယူနီဆန်ကဖေးကို ကျော်ပြီး တက္ကသိုလ်အရံတပ်ရင်းနား ရောက်ခါနီးမှာ...ဒန်တန့်တန်။ "မေလဲ့ရေ... ရှေ့မှာဟိုတောင်ကြီးသားတွေဟ။ ဖြည်းဖြည်းလျှောက် ငါကြောက်တယ်။ ဒီနားက လူလည်းပြတ်တယ်။" "အိုပါး အိုပါးးး" "အယ်..အယ်..မေလဲ့မခေါ်နဲ့လေ ဟာ။" ထောင်ထောင်မောင်းမောင်းနဲ့ ဆံရှည် တောင်ကြီးသား၃ယောက်က လှည့်ကြည့်ကြပါတယ်။ "အိုပါးဒူးလ် အာညောဟာဆယ်ယို။" အိုပါးနောက်က ဒူးလ်ဆိုတာ အများကိန်းကို ညွှန်းတာပါ။ ချိုမြကြည်ရွှင်စွာပြုံးပြီး နှုတ်ဆက်နေတဲ့ မေလဲ့ကိုကြည့်ရင်း ကျွန်မဒူးတွေ မခိုင်အောင် ဖြစ်ရပါတယ်။ "တားနေတဲ့ကြားက သွားခေါ်နေတာ ဟိုကောင်တွေက ငါတို့မှန်းသိပြီး တစ်ခုခုလုပ်လို့ကတော့ နင့်ကိုထားပြီး ထွက်ပြေးမယ်သိလားးး" 
         
            မေလဲ့ကကျွန်မကို  တစ်ခုခု ပြန်ပြောမယ် လုပ်တဲ့အချိန်မှာပဲ တောင်ကြီးသားအုပ်စုနဲ့ တော်တော်ကြီးနီးကပ်သွားပါပြီ။ "အိုပါးးး ညီမလေးလေ အဆောင်မှာ ပိုက်ဆံအိတ်မေ့ကျန်ခဲ့လို့လေ အဲ့ဒါလေ ပြန်သွားယူရမှာမို့လေ.... အိုပါးတို့က ဒီအိတ်လေးတွေကို စုရပ်ဆီကို ယူသွားပေးပါနော် နော်။" "အော် ဟတ်လားး ရပါတယ်။အကိုတို့ယူသွား ပေးပါ့မယ်။" "အာ့ဆိုလည်း ဒီစာအုပ်လေးပါ ယူသွားပြီး စာရင်းအတိုင်း နာမည်လေးခေါ်ပြီး ဝေထားပေးပါနော်...အိုပါးးးးနော်။" ပြောပြီးပြီးချင်းမှာပဲ မေလဲ့က ခမ်းစားဟာမနီဒါ.. ကျေးဇူး အထူးတင်ပါတယ် လို့ပြောပြီး ခါးညွတ်အလေးပြုလိုက်ပါတယ်။
          
             "ဟေ့ကောင် လာလေ လမ်းကူးမယ်။" လမ်းတစ်ဖက်ကူးပြီး နည်းနည်းလျှောက်လိုက်တော့ View Point ကဖေးကို ရောက်ပါတယ်။မေလဲ့ခေါ်တဲ့နောက်လိုက်ရင်း ကဖေးဆိုင်မှာထိုင်လိုက်ပါတယ်။ မေလဲ့က ရှမ်းခေါက်ဆွဲနှင့် ကော်ဖီနှစ်ခွက် မှာပါတယ်။ "မေလဲ့ နင်ပိုက်ဆံအိတ် သွားယူမှာဆိုရင် ဒီမှာ ရှမ်းခေါက်ဆွဲ ထိုင်စားလို့ မမှီတော့ဘူးလေဟာ။" "နေနေ  နင်ကလေ လည်တော့လည်း ထိပ်က အတော့လည်း ဘိတ်ကပဲ။ပိုက်ဆံအိတ်က ဒီမှာ စလွယ်သိုင်းလွယ်ထားတာ မတွေ့ဘူးလားးးးဟားဟားဟားးး" "ဟီးဟီးဟီးးး ခိခိခိ။ မေလဲ့ နင်ကသိပ်တော်တာပဲ။ ဒီခေါက်ဆွဲဖိုး ငါရှင်းမယ် နော်နော်။ "
           
          ကျွန်မအတွက် ဧရာမ ပြဿနာကြီးလို့ ထင်ပြီး ညကအိပ်မပျော်အောင် ဖြစ်ခဲ့ရတဲ့ ပြဿနာ ကြီးဟာ အံ့သြဖွယ်ရာပဲ အလွယ်တကူ ပြီးဆုံးသွားခဲ့ပါတယ်။ စုရပ်ကို ရောက်တော့လည်း ကူညီတတ်တဲ့ အိုပါးတွေက မေဂျာအင်္ကျီလေးတွေကို နာမည်စာရင်းအတိုင်း ဝေပေးထားကြပါတယ်။ ဒီတော့မှပဲ ကျွန်မလည်း အိတ်စပရက်ကားကြီးပေါ်မှာ စိတ်ချလက်ချ အိပ်ပျော်ရင်း လိုက်သွားတာ နိုးတဲ့အချိန်မှာ ပြင်ဦးလွင်မြို့ကို ရောက်နေပါပြီ။ 
                    ဆက်လက်ဖော်ပြပါမည်
                      နေထက်ထက်အောင်

— with Maung Paing and 58 others.

0 comments:

Post a Comment

Followers