နှလုံးသားဒိုင်ယာရီ (၂၄)




၂၀-၅-၂၀၀၃
နေခြည်လှုပ်နှိုးမှုကြောင့် အိပ်ယာထက်မှလူးလဲထလိုက်မိသည့်ကျနော် ညကကောင်းစွာအိပ်မရ။ အတွေးများနှင့်နပမ်းလုံးရင်း ညဥ့်အတော်နက်ခဲ့ရသည်။ ယခုလည်း မဟာမိတ်တပ်မတော်တွင် ဖမ်းဆီးချုပ်နှောင်ထားသော အကျဉ်းသားတစ်ဦးအား သွားရောက်စစ်ဆေးပေးရအုံးမည်။ အကျဉ်းသားကား မည်သူမည်ဝါရယ်မသိရသေးပေ။ မဟာမိတ် တပ်မတော်ဌာနချုပ်နှင့် ကျနော်တို့တပ်မှာ အတော်လေးအလှမ်းဝေးသည်ဟုဆိုရမည်။ စစ်သားခြေ ထောက် ပြင်းပြင်းနှင့်ပင် မိနစ်လေးဆယ်ခန့်ခရီးနှင်ရသည်။

0 comments:

Post a Comment

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန် နဲ့အလုပ်သမားဆန္ဒပြပွဲတွေရဲ့နောက်ကွယ်က ကြိုးကိုင်သူများ





ကမ္ဘောဒီးယားနိုင်ငံမှာ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၃ရက်နေ့ က စတင်ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေဟာ ယနေ့အထိ မပြီးဆုံးသေးဘဲ ဇန်နဝါရီ၂၆ ရက်နေ့မှာထပ်မံဆန္ဒပြခဲ့ကြပါတယ်။  ယင်း ဆန္ဒပြပွဲမှာ ဘုန်းတော်ကြီး တွေအပါအဝင် ဆန္ဒပြသူတွေက ၃ရက်နေ့ ဆန္ဒပြပွဲတုန်းက ဖမ်းဆီးထားတဲ့ ဆန္ဒပြသူတွေကို ပြန်လွှတ်ပေး ဖို့နဲ့ အထည်ချုပ် စက်ရုံတွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေအတွက် အခြေခံလစာ တွေကို တိုးမြှင့် ပေးဖို့ ထပ်မံဆန္ဒပြ တောင်းဆို ခဲ့ကြပါ တယ်။
အထည်အလိပ်အလုပ်သမား တွေ ၊ သမ္မဂ အဖွဲ့အဝင်တွေ၊ လယ်မြေသိမ်းမှုအတွက် ဆန္ဒပြသူတွေ နဲ့ ဘုန်းကြီး တွေအပါအဝင် လူပေါင်း ၂၀၀ ကျော်ဟာ  ဖနွမ်းပင် ဥယာဉ်အတွင်း စုဝေးဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ ဆန္ဒပြသူ တွေ နဲ့ ရဲတွေအကြား ကျောက်ခဲတွေ၊ တုတ်တွေနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် နှစ်ဖက်စလုံးမှာ ဒဏ်ရာ အနာတရ တွေရရှိခဲ့ပါတယ်။
ဒီဆန္ဒပြပွဲတွေဟာ အလုပ်သမားတွေက လစဉ်အနိမ့်ဆုံးလခကို ဒေါ်လာ ၁၆၀ အထိ  တိုးမြှင့်ပေးဖို့ တောင်းဆိုရာကနေ စတင်ခဲ့တာဖြစ်ပါတယ်။သာမန်အားဖြင့် ဒါဟာ အလုပ်ရှင်နဲ့အလုပ်သမားကြား ဖြစ်ပျက်တတ်တဲ့ ပြသနာလို့ ထင်ရပေမယ့် ယခုဆန္ဒပြပွဲတွေရဲ့နောက်ကွယ်မှာ နိုင်ငံရေးပြသနာတွေ ၊အစိုးရနဲ့ အလုပ်ရှင် တွေပေါင်းပြီး အလုပ်သမားတွေပေါ်မှာ မတော်မတရား ခေါင်းပုံဖြတ်မှုတွေ၊ ဖွံ့ဖြိုးပြီး (developed)နိုင်ငံတွေ ရဲ့မတိုးတက်သေး တဲ့(underdeveloped)နိုင်ငံတွေအပေါ် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးအရ လွှမ်းမိုးချယ်လှယ်မှုတွေ ပါဝင်ပက်သက်နေ တယ်ဆိုတာ တွေ့ရပါတယ်။
ကမ္ဘောဒီးယားနိုင်ငံရဲ့ ပို့ကုန် ၈၀ ရာခိုင်နှုန်းကျော်ဟာ အဝတ်အထည်တွေဖြစ်ပါတယ်။ ဒါကြောင့် အထည်ချုပ် လုပ်ငန်းဟာ ကမ္ဘောဒီး.ယားရဲ့ အဓိက စီးပွားရေးလုပ်ငန်းဖြစ်တယ်လို့ သတ်မှတ်နိုင်ပါတယ်။  လက်ရှိ မှာ အထည်ချုပ် စက်ရုံပေါင်း ၅၅၈ ရုံရှိပြီး ၄င်းစက်ရုံတွေကနေတဆင့်နိုင်ငံခြားငွေတနှစ်ကို ယူရို ၃.၃၈ ဘီလီယံ ရနေပါတယ်။အဲဒီလို နိုင်ငံခြားဝင်ငွေရှာပေးနေတဲ့ကမ္ဘောဒီးယားရဲ့ ပို့ကုန်တွေကို ထုတ်လုပ်ပေး တဲ့ စက်ရုံတွေမှာအလုပ်သမားပေါင်း ၅ သိန်းကျော်ရှိတယ်လို့ The council for the development of Cambodia အဖွဲ့က ဆိုပါတယ်။
တဖက်မှာတော့ အဲဒီလိုနိုင်ငံခြားဝင်ငွေအမြောက်အများကိုနှစ်စဉ်ရှာပေးနေတဲ့အလုပ်သမားတွေ ဟာ   လေ ဝင်လေထွက် မကောင်းတဲ့စက်ရုံတွေထဲမှာအလုပ်လုပ်နေကြရပါတယ်။အဆိုးဆုံးကတော့ နည်းပါးလွန်းတဲ့ အခြေ ခံလစာနဲ့မလုံ လောက်တာကြောင့် အချိန်ပိုတွေကို အလွန်အကျွံဆင်း ပြီးဘဝနေထိုင်မှုအတွက်ပင်ပင်ပန်းပန်းနဲ့ ရုန်းကန် နေရခြင်းဖြစ်ပါတယ်။
၂၀၁၂ ခုနှစ်တုန်းက အနိမ်ဆုံး လစာ ၆၁ ဒေါ်လာ ကို လက်ခံပေးဖို့  အလုပ်သမားဝန်ကြီး ဌနက တိုက်တွန်းခဲ့ ပါတယ်။ အဲဒီတုန်းကလည်း အလုပ်သမားတွေဘက်က ထပ်မံတောင်းဆိုမှု တွေပြုခဲ့တာကြောင့် အနိမ့်ဆုံးလစာကို ၇၅ ဒေါ်လာအထိ တိုးပေးခဲ့ဖူးပါတယ်။
လက်ရှိအချိန်မှာတော့  အလုပ်သမား တွေက သူတို့ရဲ့အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့အတွက် အနည်း ဆုံးဝင်ငွေ ဒေါ်လာ ၁၅၀ ရရှိမှ ဖူလုံမယ်လို့ ဖနွမ်းပင်အခြေစိုက် လူ့အဖွဲ့အစည်းအတွင်းပညာပေးရေးအဖွဲ့က ဆိုပါတယ်။
ပြီးခဲ့တဲ့လတုန်းက ကမ္ဘောဒီးယားနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာ အလုပ်သမားတွေ အတွက် အခြေခံလစာ  ကို ဒေါ်လာ ၃၀၀ နီးပါးတိုးမြှင့်ပေးခဲ့ပါတယ်။ဒါပေမယ့်အိမ်နီးချင်း ကမ္ဘောဒီးယား နိုင်ငံမှာတော့ ဒေါ်လာ ၁၆၀ ရဖို့ တိုက်ပွဲဝင် နေရတုန်းပါ။
အခုလို လုပ်ခလစာတွေ နဲပါးပြီး အလုပ်သမားခ ဈေးပေါလွန်းတာကြောင့် နိုင်ငံခြားက ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီတွေဟာ ကမ္ဘောဒီးယားနိုင်ငံကို ပြောင်းရွှေ့လာကြပါတယ်။ အထူးသဖြင့်တရုတ်စက်ရုံ တွေပြောင်းလာတာ များ တယ်လို့ ကမ္ဘောယားလူမျိုး ကုမ္ပဏီပိုင်ရှင်တဦးက ကမ္ဘောဒီးယားနေ့စဉ်သတင်းစာကိုပြောခဲ့ပါတယ်။
The council for the development of Cambodia ရဲ့ မှတ်တမ်းများအရ တရုတ်ဟာ ကမ္ဘေုာဒီးယားနိုင်ငံမှာ အများဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်ပြီး တစတစ တိုးပွားလာသော တိုင်းပြည်တွင်းက တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုများဟာ ၁၉၉၄ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အတွင်း ၉.၆ ဘီလီယံ ရှိတယ်လို့ဆိုပါတယ်။သူ့ရဲ့စီမံကိန်းအများစုဟာ အထည်ချုပ်စက်ရ၊ုံ ဖိနပ်စက်ရံ၊ု ဘဏ်လုပ်ငန်း၊ စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်း၊ စွမ်းအင်၊ မိုင်း ၊မြေကွက်၊ သယ်ယူပို့ဆောင်ရေး နဲ့ စက်သွယ်ရေးအပိုင်း တွေဖြစ်ပါတယ်။ 

၂၀၁၀ အထိ Garment Manufacturers’ Association in Cambodia (GMAC) အဖွဲ့ရဲ့  ကမ္ဘောဒီးယား နိုင်ငံတွင်းရင်းနှီးမြှုပ်နှံမှုပိုင်ဆိုင် နှုန်းပြဇယားအရ  ထိုင်ဝမ် ၂၈ ရာခိုင်နှုန်း၊ တရုတ် ၁၉ ၊ ဟောင်ကောင် ၁၇၊ တောင်ကိုးရီးယား ၁၃၊ မလေးရှား ၆၊ ကမ္ဘောဒီးယား ၅ ၊စင်္ကာပူ ၄၊ ယူအက်စ် ၄  ရာခိုင်းနှုန်းအသီးသီး ပိုင်ဆိုင်ကြပါတယ်။ စက်ရုံပိုင်ဆိုင်မှုအနေနဲ့  ထိုင်ဝမ် ၆၆ ရုံ၊ တရုတ် ၄၄ ရုံ၊ ဟောင်ကောင် ၁၇ ၊ တောင်ကိုးရီးယား ၃၁၊  မလေးရှား ၁၄ ၊ကမ္ဘောဒီးယား ၁၃၊  စင်္ကာပူ ၁၀၊နဲ့  ယူအက်စ် ၉ရုံပိုင်ဆိုင်ကြပါတယ်။၎င်းမှတ်တမ်းများအရ ဒေသခံလူမျိုးများ ရဲ့ ရင်းနှီးမြှုပ်နှံမှု ပိုင်ဆိုင်နှုန်းဟာ အလွန်နဲပါးနေတာကိုတွေ့ရပါတယ်။ ရင်းနှီးမြှုပ်နှံမှုအပိုင်းမှာ ပိုင်ဆိုင်မှု နည်းပါးသလို ဒေသခံလူမျိုးအများစု အလုပ်လုပ်ကြရတဲ့ စက်ရုံတွေမှာလည်း အခြေခံ လုပ်ခလစာတွေဟာအခြားနိုင်ငံတွေနဲ့ယှဉ်လျှင် အင်မတန်နဲပါး နေတာကိုတွေ့ရပါတယ်။
ကမ္ဘောဒီးယားအပါအဝင် ဖွံဖြိုးဆဲနိုင်ငံတွေမှာ ထုတ်လုပ်တဲ့ အဝတ် ထည် တွေကို ဖွံဖြိုးတိုးတက်ပြီး ဖြစ်တဲ့ အနောက်နိုင်ငံဈေးကွက်ကို တင်ပို့တဲ့အခါအလုပ်ရှင်တွေဘက်က  အခွန်အခ တွေ အများအပြား ပေးဆောင်ရပေမယ့်  စက်ရုံတွေလာရောက် တည်ဆောက်ပြီး ရင်းနှီးမြှုပ်နှံထားတဲ့ အာရှနိုင်ငံတွေမှာ တော့ အခွန်အခတွေ မပေးဆောင် ရပါဘူး။ လုပ်အားခတွေဈေးပေါပေါနဲ့ရပြီး သဘာဝအရင်းအမြစ် ပေါများတဲ့ (underdeveloped)မဖွံဖြိုးသေးတဲ့ နိုင်ငံ တွေကနေ အမြတ်စွန်း ကြီးကြီးလည်းရကြပါသေးတယ်။
အလုပ်သမားသမ္မဂညွန့်ပေါင်းအဖွဲ့ချုပ်ဟာ ပြီးခဲ့တဲ့၂၀၁၃ခုနှစ် ဒီဇင်ဘာလကုန်မှာ အထည်ချုပ်စက်ရုံပိုင်ရှင်တွေနဲ့ အလုပ်သမားဝန်ကြီးဌနကို ဆန္ဒပြဖို့ကြေညာခဲ့ပါတယ်။ စက်ရုံပေါင်း တရာကျော်က အထည်ချုပ်စက်ရုံအလုပ်သမားတွေ ဆန္ဒပြပြီး  ၁၀ ရက်မြောက်တဲ့နေ့မှာ အခြားအလုပ်သမား၊ လယ်သမား ၊ကျောင်းသား နဲ့ ဘုန်းတော်ကြီးတွေပါ ဆန္ဒပြပွဲကို ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ဒါကြောင့် ယင်းဆန္ဒပြပွဲတွေကိုကြောက်ရွံ့လာတဲ့အစိုးရဟာဆန္ဒပြသူတွေကို အကြမ်းဖက်ပြီး ဖြိုခွဲခဲ့ပါတယ်။ ဆန္ဒပြပွဲအတွင်း  ဆန္ဒပြသူ ၅ ယောက်သေဆုံးခဲ့ပြီး  ၁၂ယောက်ကျော်ဒါဏ်ရာရခဲ့တယ်လို့ Cambodia daily news က ဖော်ပြခဲ့ပါတယ်။
အကြမ်းဖက်မှုတွေအပြီး ကမ္ဘောဒီးယားအစိုးရဟာ ယနေ့အချိန်အထိ ဖမ်းဆီးမှုတွေကို ဆက်တိုက်ပြု လုပ်နေခဲ့ပါတယ်။ ဆန္ဒပြသူတွေဘက်ကလည်း အလျှော့မပေးဘဲဆန္ဒပြပွဲအတွင်း ဖမ်းဆီးသွားတဲ့သူတွေကိုပြန်လွှတ် ပေးဖို့ထပ်မံ ဆန္ဒပြခဲ့ကြပါတယ်။
             အလုပ်ရှင်တွေ ဘက်ကလည်းအစိုးရနဲ့ပေါင်းပြီး ဆန္ဒပြသူ အလုပ်သမားတွေကို နည်းအမျိုးမျိုးနဲ့နှိပ်ကွပ် ခဲ့တဲ့အပြင် အလုပ်သမားသမ္မဂကို လည်းပစ်တင်ပြောဆိုခဲ့ကြပါတယ်။  ဆန္ဒပြမှုတွေကြောင့် စီးပွားရေးအရ သူတို့ဆုံးရှုံးနစ်နာသွားတဲ့ အပေါ်မှာလည်း ဝေဖန်ခဲ့ကြ ပါတယ်။
တချိန်ထဲမှာပဲ ကမ္ဘောဒီးယားအရေးလေ့လာသုံးသပ်သူ အန်ဂျီအိုအဖွဲ့တွေနဲ့ ပညာရှင်တွေကလည်း ကမ္ဘောဒီး ယားမှာ လာရောက်ရင်းနှီးမြှုပ်နှံတဲ့နိုင်ငံခြားအစိုးရတွေကို စိတ်ဆိုးဒေါသထွက်ခဲ့ကြပါတယ်။ အထူးသဖြင့် အဓိကရင်း နှီးမြှုပ်နှံတဲ့နိုင်ငံတွေထဲက တနိုင်ငံ ဖြစ်တဲ့ တောင်ကိုးရီးယား အစိုးရကိုဖြစ်ပါတယ်။
ဇန်နဝါရီ ၃ရက်နေ့ အကြမ်းဖက်မှုတွေမဖြစ်လာခင်အလုပ်သမားတွေဟာ သူတို့ရဲ့ လုပ်ခလစာတွေ တိုးမြှင့်ပေးဖို့ ဖနွမ်းပင်လမ်း မတွေအပြင်ကိုးရီးယားပိုင် (Yakjin)စက်ရုံရှေ့မှာလည်း ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီအချိန်မှာ ကမ္ဘောဒီးယား အခြေစိုက် ကိုးရီးယားသံရုံးက သူတို့စက်ရုံတွေကို ကမ္ဘောဒီးယားအစိုးရအနေနဲ့ဆန္ဒပြသူတွေရဲ့ ရန်က ကာကွယ်ပေးဖို့ ၊ ကိုးရီးယားရဲ့ အကျိုးစီးပွားကို မထိခိုက်မပျက်စီးရအောင်စောင့်ရှောက်ပေးဖို့ အစီရင်ခံစာတစောင် ထုတ်ဝေပြီး တောင်း ဆိုခဲ့ပါတယ်။  ယင်းအစီရင် ခံစာထွက်ပေါ်လာပြီးနောက်ပိုင်း  ကမ္ဘောဒီးယားအစိုးရက စစ်တပ်အင်အားသုံးပြီးကိုး၇ီးယား စက်ရုံရှေ့မှာ ဆန္ဒပြတဲ့သူတွေကို ပြင်းပြင်းထန် ထန်နှိမ်နင်းခဲ့ပါတယ်။ဒါ့အပြင် ကိုးရီးယား စစ်ဝတ်စုံကိုဝတ်ဆင်ထားတဲ့ စစ်သားတဦးဟာအကြမ်းဖက်သူ ကမ္ဘောဒီးယား စစ်သားတွေအကြား ပါဝင်ပြီး ဆန္ဒပြသူတွေကိုနှိမ်နင်း ခဲ့ပါတယ်။ အဲဒီလိုအကြမ်းဖက်နှိမ်နင်း နေတဲ့  ကိုးရီးယားစစ်ယူနီဖောင်းဝတ်ဆင်ထားတဲ့ စစ်သားတဦးပုံကို  သတင်းမီဒီယာတွေက အမိအရ ရိုက်ယူခဲ့ ပါတယ်။
ကမ္ဘောဒီးယားအရေးလေ့လာသုံးသပ်သူအချို့နဲ့ ဂလိုဘယ်လ်ပို့စ် သတင်းဌာနက ကိုးရီးယားအစိုးရဟာ ကမ္ဘောဒီးယားအစိုးရကို အကြမ်းဖက်မှုတွေပြုလုပ်အောင် နောက်ကွယ်ကနေကြိုးကိုင်ပြီး စေခိုင်းနေတယ် လို့ပြောဆို ရှုံ့ချခဲ့ပါတယ်။ အဲဒီလိုဝေဖန်ပြောဆိုမှုတွေကြောင့် ကမ္ဘောဒီးယားအခြေစိုက် ကိုးရီးယားသံရုံးက ဆန္ဒပြပွဲအတွင်း ထုတ်ပြန်ခဲ့တဲ့၎င်းတို့ရဲ့ ကြေညာချက်ကို အင်တာနက်စာမျက်နှာကနေ ပယ်ဖျက်ခဲ့ပါတယ်။ ဒါ့အပြင်ယင်းကြေညာချက်နဲ့ ဓါတ်ပုံတွေကို ဖော်ထုတ်ခဲ့တဲ့ ဂလိုဘယ်ပို့စ် သတင်းစာကိုလည်းကိုးရီးယား နိုင်ငံခြားရေးဝန်ကြီးဌနက စာတစောင်ပေးပို့ခဲ့ပါတယ်။
ယင်းစာထဲမှာ သူတို့အနေနဲ့ ကမ္ဘောဒီးယားအစိုးရကို အကြမ်းဖက်မှုတွေဖြစ်အာင် အားပေးအားမြှောက်မလုပ်ခဲ့ ကြောင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံထဲမှာရှိနေတဲ့သူတို့ရဲ့စက်ရုံတွေကို အကာအကွယ်ပေးဖို့သက်သက်သာ ရည်ရွယ်ကြောင်း ကိုးရီးယားသံရုံးကဲ့သို့ပဲ ကမ္ဘောဒီးယားအခြေစိုက် အခြားသံရုံးတွေဖြစ်တဲ့ ဂျပန်နဲ့ တရုတ်သံရုံးတွေကလည်း အလားတူ ရေးသားခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။
ဒါပေမယ့် ဂလိုဘယ်ပို့စ် အနေနဲ့ ကိုးရီးယားအစိုးရရဲ့နောက်ကွယ်က ပါဝင်ပက်သက်မှုတွေအပေါ် ကိုးရီးယား အစိုးရရဲ့ ဖြေရှင်းချက်ကို အယုံအကြည်မရှိတဲ့အပြင် သံသယဖြစ်စရာ အချက်တွေလည်း အမြောက်အများရှိနေ သေးတယ် လို့ ဇန်နဝါရီလ ၄ ရက်နေ့ က၄င်းတို့ရဲ့သတင်းဝက်ဆိုဒ်မှာရေးသားခဲ့ပါတယ်။
ဇန်နဝါရီလ ၈ရက်နေ့ တနင်္ဂနွေနေ့မှာလည်းတောင်ကိုးရီးယားနိုင်ငံ ဆိုလ်းမြို့တော်ခန်းမရှေ့မှာ ကမ္ဘောဒီးယား လူမျိုးတွေနဲ့ကိုးရီးယားလူမျိုး အပါအဝင် နိုင်ငံတကာလူ့အခွင့်အရေးအတွက်လှုပ်ရှားတက်ကြွသူတွေက ကမ္ဘောဒီးယား အစိုးရနဲ့ ကိုး၇ီးယားအစိုးရကို ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြပွဲမှာ ကမ္ဘောဒီးယားအကြမ်းဖက်မှုအတွင်း သေဆုံးသွားကြတဲ့ အလုပ်သမား ငါးယောက်အတွက် တ၇ားမျှတမှုကို ကမ္ဘောဒီးယားအစိုးရအနေနဲ့ ဖော်ဆောင်ပေးဖို့၊ ကမ္ဘောဒီးယား ဝန်ကြီး ချုပ်ဟွန်ဆန်ရာထူးက ဖယ်ရှားပေးဖို့ အပြင် ကိုးရီးယားအစိုး၇အနေနဲ့ ဆင်းရဲတဲ့နိုင်ငံ တွေအပေါ် စီးပွားရေးအရ ခေါင်းပုံဖြတ် အမြတ်မထုတ်ဖို့ ၊အခြားနိုင်ငံရဲ့နိုင်ငံရေးပြသနာတွေမှာ ဝင်ရောက်မခြယ်လှယ်ဖို့ ဆန္ဒပြတောင်း ဆိုခဲ့ကြပါ တယ်။
  ဖွံ့ဖြိုးပြီးနိုင်ငံတွေဟာ အာရှလို သဘာဝသယံဇာ ကြွယ်ဝပြီး  မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေ အပေါ်ဒေသ ဆိုင်ရာ အစိုးရနဲ့ပူးပေါင်းပြီး ခေါင်းပုံဖြတ်အမြတ်ထုတ်နေတဲ့အကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးက ပညာရှင်တွေကလည်း ပြောဆိုခဲ့ ပါတယ်။
နိုင်ငံကြီးတွေက ဆာလောင်နေတဲ့ ဖက်ရှင်ဈေးကွက်ကို ဖြည့်တင်းပေးဖို့အတွက် လုပ်အားခဈေးပေါပြီး  ကုန်ကြမ်းအများအပြားရရှိနိုင်တဲ့ကမ္ဘောဒီးယားလိုအာရှနိုင်ငံတွေမှာ စက်ရုံတွေတည်ပြီး ရင်းနှီးမြှုပ်နှံခဲ့ကြပါတယ်။ အဲဒီ နောက် အဝတ်အထည်တွေနဲ့ အခြားအသုံးဆောင်ပစ္စည်းတွေကို  မဖွံဖြိုးသေးတဲ့ နိုင်ငံတွေမှာ ဈေးပေါပေါနဲ့ထုတ်လုပ်ပြီး ချမ်းသာတဲ့နိုင်ငံကြီးတွေမှာ ကုန်အမှတ်တံဆိပ်တပ်(Brand)ကုမ္ပဏီကြီးတွေကို ဈေးကြီးကြီးနဲ့ေ၇ာင်းကြပါတယ်။ ဒါ့အပြင် ယခုလို အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာတဲ့အခါမှာ ချမ်းသာတဲ့နိုင်ငံကြီးတွေရဲ့ ပေးကမ်းမှုတွေနဲ့ ရပ်တည် နေရတဲ့ ဒေသခံ အစိုးရက ၄င်းနိုင်ငံကြီးတွေဆီက ဝယ်ယူထားတဲ့လက်နက်တွေနဲ့ ဆင်းရဲတဲ့ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြပါတယ်။ ကမ္ဘာ့နိုင်ငံကြီးတွေက စီးပွားရေးလုပ်ငန်းရှင်တွေဟာ Brandတွေနဲ့ အလုပ်သမားတွေကြား ပွဲစား လို ကစားနေပြီး အကျိုးအမြတ်အမြောက်အများရရှိခံစားကြရပါတယ်။
ယခု ကမ္ဘောဒီးယားနိုင်ငံရဲ့ဆန္ဒပြပွဲအတွင်းမှာ ဆန္ဒပြသူတွေကို အစိုး၇က တရုတ်နိုင်ငံက ဝယ်ယူထားတဲ့ လက်နက်တွေနဲ့ပစ်ခတ်ခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟွန်ဆန် အုပ်ချုပ်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း ကမ္ဘောဒီးယား အစိုးရကိုစစ်ရေးစီးပွားရေးအရ အများဆုံး အထောက်အပံ့ပေးသူထဲမှာ တရုတ်အစိုးရက နံပါတ်တစ်ဖြစ်ပါတယ်။
The Garment Manufacturer’s Association in Cambodia ( GMAC)ရဲ့ အထွေအထွေမန်နေဂျာ “လ”ူ ကတော့ ကမ္ဘောဒီးယားနိုင်ငံကို တရုတ်နိုင်ငံက စက်ရုံတွေဟာ ၂၀၁၃ ထဲမှာ အတော်များများ ပြောင်းလာတယ် လို့ဆိုပါတယ်။ ထိုင်းနဲ့ဗီယက်နမ်မှာ လုပ်အားခတွေ တိုးမြှင့်ပေးခဲ့တာကြောင့် နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုကုမ္ပဏီတွေ ဟာလုပ် အားခတွေဈေးပေါတဲ့ ကမ္ဘောဒီး ယားကိုပြောင်းရွှေ့ဖို့ဆိုင်းပြင်းနေကြပါတယ်။ အခုလက်ရှိ တရုတ်ပိုင်စက်ရုံ တွေဟာ ဘင်္ဂလားဒေ့ရှ် ကမ္ဘောဒီးယားနဲ့ အင်ဒိုနီးရှား ကိုပြောင်းရွှေ့လာကြတယ်လို့ဆိုပါတယ်။ဒါ့အပြင် လုပ်အားခ ဈေးသက်သာမယ့် နောက်ထပ်နေရာ သစ်အဖြစ် မြန်မာနိုင်ငံကိုလည်းပြောင်းရွှေ့ဖို့ ဆိုင်းပြင်းနေကြတယ်လို့ Cambodia daily news ကို ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်း အင်တာဗျူးတခုမှာပြောကြားခဲ့ပါတယ်။သူတို့အတွက် အကျိုးအမြတ်များများရ မယ့်နိုင်ငံတွေဆီ ပြောင်းရွှေ့ဖို့ရာ အမြဲစဉ်းစားနေကြတာပါလို့ဆိုပါတယ်။

ဒါ့အပြင် ၂၀၁၂ ခုနှစ်မှတ်တမ်းများအရ တောင်ကိုးရီးယားအစိုးရရဲ့ ရင်းနှီးမြုပ်နှံမှုဟာလည်း သူ့ရဲ့ အိမ်နီးချင်းနိုင်ငံ တရုတ်ထက် အဆပေါင်းများစွာပိုခဲ့ပြီး ကမ္ဘာဒီးယားမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံးပိုင်ဆိုင် တဲ့သူဖြစ်လာပါတယ်။
လူ့အခွင့်အေ၇းအဖွဲ့တွေရဲ့ပြောကြားချက်အရ တောင်ကိုးရီးယားဟာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ကမ္ဘောဒီး ယားရွေး ကောက်ပွဲမှာ မဲလိမ်မှုတွေနဲ့ အနိုင်ရခဲ့တဲ့ဟွန်ဆန်ရဲ့ အာဏာရှင်ပါတီ(CPP) Cambodians People Party ကိုပထမဆုံး ဂုဏ်ပြုလက်ဆွဲနှုတ်ဆက် ခဲ့တဲ့အစိုးရဖြစ်တယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ဆန္ဒပြပွဲတွေရဲ့ ပစ်ခတ်မှုမှာ ပါဝင်ခဲ့တဲ့  ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့သက်တော် စောင့်အဖွဲ့ ဖြစ်တဲ့ တပ် မဟာ (၇၀) ကိုတောင်ကိုးရီးယား အစိုးရအနေနဲ့ရင်းနှီးပြီး ဖြစ်တဲ့အပြင် အဲဒီတပ်မဟာ ၇၀ ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုလည်းပုံစံအမျိုးမျိုးနဲ့ ကျူးလွန်ခဲ့ကြတဲ့ သူတွေလို့ဆိုပါတယ်။ ၄င်းအဖွဲ့ ပုံမှန်လည်ပတ်နိုင်ဖို့ လိုအပ်တဲ့အထောက်အပံ့ပစ္စည်းတွေ တင့်ကားတွေ အပါဝင်  ဒေါ်လာ ၂၈  မီလီယံဖိုး ကို တောင်ကိုးရီးယားအစိုးရက ၂၀၁၁ ခုနှစ်တုန်းက  ထောက်ပံ့ခဲ့ဖူးတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက စွပ်စွဲပြောဆို ခဲ့ပါတယ်။ ဒါ့အပြင်တောင်ကိုးရီးယားနိုင်ငံရဲ့ ယခင်သမ္မတ လီမြောင်ဘတ် ဟာ ကမ္ဘာဒီးယားနိုင်ငံရဲ့ စီးပွားရေးအကြံပေး တယောက် ဖြစ်ခဲ့ပါတယ်။
ယခုအချိန်မှာတော့ ဆန္ဒပြသူတွေဟာ ကမ္ဘောဒီးယားရဲ့အတိုက်အခံပါတီဖြစ်တဲ့ (CNRP) Cambodia National Rescue Party နဲ့ ညှိနှိုင်းမှု တွေနီးကပ် လာခဲ့ပါတယ်။၂၀၁၃ ခုနှစ် ဇူလိုင်လက လိမ်လည်ပြီး လူထုသဘောထားစစ်တမ်းကောက်ယူခဲ့တဲ့အပြင်ရုပ်ပျက်ဆင်းပျက်ပြုလုပ်ခဲ့တဲ့ ၄င်းရွေးကောက်ပွဲအသစ်ကို ဖိအားပေးဖို့ အတွက်  အလုပ်သမားဆန္ဒပြပွဲတွေကို အတိုက်အခံပါတီက အစဉ်တစိုက်ထောက်ခံအားပေးပြီး ခြေကုပ်ယူထား ခဲ့ပါတယ်။
ရွေးကောက်ပွဲမဲအေ၇အတွက် ရလာဒ်အရ ဟွန်ဆန်ရဲ့ စီပီပီ ပါတီက လွှတ်တော်အတွင်း အမတ် ၁၂၃နေရာရှိသည့်အနက် ၆၆နေရာရရှိပြီး မဲအများဆုံးနဲ့ အနိုင်ရခဲ့ပြန်ပါတယ်။ အတိုက်အခံပါတီဘက် ကအဲဒီမဲရလာဒ်ကို  ပယ်ချခဲ့ပြီး ရွေးကောက်ပွဲရလာဒ်ဟာ တရားမျှတမှုမရှိကြောင်း ကြေညာခဲ့ပါတယ်။ ဟွန်ဆန် ဦးဆောင်တဲ့ CPPပါတီရဲ့ လွှမ်းမိုးမှုနဲ့ကြိုးကိုင်မှုကို ခံထားရတဲ့ အမျိုးသားရွေးကောက်ပွဲ ကော်မရှင် (NEC) national election committee ဟာ ယခုရွေးကောက်ပွဲ မဲလိမ်မှုတွေမှာတာဝန်အရှိဆုံး ဖြစ်တယ်လို့အတိုက်အခံပါတီ CNRP ကပြောကြားခဲ့ပါတယ်။
ရွေးကောက်ပွဲပြီး တဲ့နောက်ပိုင်းမှာလည်း ကမ္ဘောဒီးယားပြည်သူတွေက အတိုက်အခံပါတီကိုထောက်ခံကြပြီး ဟွန်ဆန်ရဲ့နှစ်ရှည်လများ အာဏာရှင်ဆန်ဆန် အုပ်ချုပ်ခဲ့တဲ့အပေါ်  ဆန္ဒပြခဲ့ကြပါသေးတယ်။ အဲဒီဆန္ဒပြပွဲမှာလည်း ဟွန်ဆန် အစိုးရက ဆန္ဒုပြသူတွေကို နည်းအမျိုးမျိုးနဲ့နှိမ်နင်းခဲ့ပါတယ်။ ရွေးကောက်ပွဲအပြီးမှာ ဖြစ်ပွားခဲ့တဲ့ဆန္ဒပြပွဲတွေနဲ့ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့အလုပ်သမားဆန္ဒပြပွဲတွေဟာဟွန်ဆန်အစိုး၇အတွက် ဆယ်စုနှစ် ၂ စုကျော်ကြာ အကြီးမား ဆုံး စိန်ခေါ်မှုကြီးဖြစ်ပါတယ်။

ဘာသာပြန်ဆိုသူ 

မိုကို 

0 comments:

Post a Comment

"မေယု နှစ်ပတ်လည်"

 
"မေယု "
---------
---------



        အမည်နာမအားဖြင့် ကဗျာဆန်ဆန် လှပသော်လည်း တကယ်တမ်းတော့ မေယု ဟူသည်ကားဒုတိယကမ္ဘာစစ်အတွင်း ရေကြောင်းတိုက်ပွဲများတွင် ပါဝင်ခဲ့သည့် ဗြိတိသျှ တော်ဝင်ရေတပ်မတော်မှ(RIVER CLASS) အမျိုးအစား စစ်ရေယာဉ်တစ်စီးသာဖြစ်ပြီး  မူလအမည်မှာH.M.S FAL ဟူ၍......။ မေယုကို အင်္ဂလန်နိုင်ငံ၊ နယူးကာဆယ်လ် (NEW CASTLE)  မြို့ ရှိ စမစ်(SMITH)သင်္ဘောကျင်းဝယ်  ၁၉၄၁ ခုနှစ် ဇူလိုင်လတွင် ဖွားမြင်သန့်စင်ခဲ့လေသည်။

0 comments:

Post a Comment

စိတ်ဓါတ်သတ္တိ

 
Change Management ဆိုတဲ့ အပြောင်းအလဲတစ်ခုကို အကောင်းဆုံးစီမံခန့်ခွဲတဲ့နေရာမှာ Short term wins ဆိုတာ အရေးကြီးပါတယ်၊ မြန်မာလိုဘာသာပြန်ရရင်တော့ ရေတိုအောင်မြင်မှုများ ပေါ့။ အပြောင်းအလဲတစ်ခု လုပ်တဲ့အခါ ရောက်ချင်တဲ့ပန်းတိုင်ဆိုတာ ရှိတယ်၊ ဒါပေမဲ့ ခုမှ ကိုယ်က စပြောင်းစဆိုတော့ ရောက်ဖို့အဝေးကြီးပဲ၊ အဝေးကြီး ဆိုတာ ခဏထားဦး၊ ရောက်မယ် မရောက်ဘူးတောင် ဘယ်သူမှ ကံသေကံမ မပြောနိုင်ဘူး။ ဒီကြားထဲ အတိုက်အခိုက်တွေ အခက်အခဲတွေက အများကြီးကြုံရဦးမယ်။ အဲ့လိုအနေအထားမှာ စိတ်ဓါတ်ကျမသွားဖို့ နောက်ပြန်လှည့်မသွားဖို့အတွက် အားပေးမှုတွေ၊ အကျိုးကျေးဇူးတွေ၊ အောင်မြင်မှုတွေ အများကြီးလိုတယ်၊ ဆိုပါစို့၊

0 comments:

Post a Comment

လစ်ဘရယ်ဝါဒ (Liberalism) နှင့် လစ်ဘရယ်သမိုင်းကြောင်း (အပိုင်း-၅)




December 28, 2012 at 4:22am

မော်ဒန်လစ်ဘရယ်တို့ကမူ လွတ်လပ်မှုဆိုသည်မှာ ပုဂ္ဂလိကဘ၀ကို ဖွံ့ဖြိုးတိုးတက်စေရန် မိမိကိုယ်တိုင်စီမံ
ခန့်ခွဲနိုင်သော စွမ်းအားဖြစ်ကြောင်း နားလည်ထားကြသည်။ ဂျွန်စတူးအော့မီးလ် (John Stuart Mill,1806-1873)က "အကြွင်းမဲ့လွတ်လပ်မှုကို လိုချင်သူသည် မိမိလွတ်လပ်မှုကို အသိအမှတ်ပြုသကဲ့သို့၊ တစ်ပါးသူ၏လွတ်လပ်မှုကိုလည်း အသိအမှတ်ပြုရမည်"ဟု ဆိုသည်။ မီးလ်၏ ထင်ရှားသော ကျမ်းများအနက် On Liberty(1859) ဆိုသော ကျမ်းတွင် အပြုသဘောဆောင်သော လွတ်လပ်မှု (Positive Liberty) အကြောင်း ဖေါ်ပြထားသည်။ ၄င်းကျမ်းအရ လွတ်လပ်မှုအခွင့်အရေးဆိုသည်မှာ မိမိလွတ်လပ်မှုသည် အခြားလူတစ်ဦးတစ်ယောက်ကိုဖြစ်စေ၊ အဖွဲ့အစည်းတစ်ရပ်ကိုဖြစ်စေ၊ ၄င်းတို့၏ အကျိုးစီးပွားကို မထိခိုက်စေပဲ မိမိ၏လွတ်လပ်မှုကို အသုံးပြု
ခြင်းဟု ဆိုသည်။

0 comments:

Post a Comment

လစ်ဘရယ်ဝါဒ (Liberalism) နှင့် လစ်ဘရယ်သမိုင်းကြောင်း (အပိုင်း-၄)




December 26, 2012 at 8:41pm
၁၈၈၀ ပြည့်နှစ်လွန်များတွင် အင်္ဂလိပ်လူမျိုးတွေးခေါ်ပညာရှင်
 သောမတ်စ် ဟေးလ်ဂရင်း (Thomas Hill Green)က ဂန္ထ၀င်လစ်ဘရယ်ဝါဒီများယုံကြည်သော စီးပွားရေးတွင် အစိုးရပါဝင်ပတ်သက်မှုကို ကန့်သတ်ရေးသဘောတရားကို ပြန်လည် ပြင်ဆင် ခဲ့သည်။ မော်ဒန်လစ်ဘရယ်တို့က စီးပွားရေးကဏ္ဍတွင် အစိုးရ၀င်ရောက်ပေးခြင်းဖြင့် လူမှုရေးမျှတမှုကိုတောင်းဆိုသည်။ဤသို့ အတိုင်းအဆမဲ့စီးပွားရေးတိုးတက်မှုကို ကန့်သတ်ခြင်းဖြင့် လွတ်လပ်မှုကို ထိန်းသိမ်းစောင့်ရှောက်ရာရောက်သည်ဟု ယုံကြည်သည်။ ဆိုလိုသည့်သဘောမှာလူ့အဖွဲ့အစည်း၏လွတ်လပ်မှုကို ထိခိုက်မည်ဆိုပါက လူနည်းစု၏ စီးပွားရေးလွတ်လပ်မှုကို လျှော့ရမည်ဖြစ်သည်။

1 comments:

Post a Comment

ဒေါက်တာသန်းငြိမ်း နဲ့ အင်တာဗျူး

 Photo: ဒေါက်တာသန်းငြိမ်းရဲ့ မီဒီယာတွေမှာ ဖော်မပြလိုက်ရတဲ့ ပီအာ အင်တာဗျုးကို ဆရာကို့ ဂုဏ်ပြုသောအားဖြင့် တင်ဆက်လိုက်ပါတယ်။

အင်တာဗျူးသူ-သီရီတင်
ဒီမိုကရေစီမိတ်ဆွေပါတီများက ရွေးကောက်ပွဲစနစ်ကျင့်သုံးရာမှာ အချိုးကျကိုယ်စားပြုမှုစနစ် (Proportional Representation)  ကို ပြောင်းလဲကျင့်သုံးဖို့ ရွေးကောက်ပွဲကော်မရှင်ကို စာတင်ခဲ့ကြပါတယ်။ ဒီစနစ်ကိုထောက်ခံမှုထက် ဝေဖန်မှုကန့်ကွက်မှုတွေက အများကြီး ရှိခဲ့ပါတယ်။ အခုလာမယ့် ပထမအကြိမ်လွှတ်တော်  သတ္တမအစည်းအဝေးမှာ ဒီပီအာစနစ်နဲ့ ပတ်သတ်ပြီး ဆွေးနွေးကြပါတော့မယ်။ ၂၀၁၅ရွေးကောက်ပွဲမှာ သုံးဖြစ်မလား၊ မသုံးဖြစ်ဘူးလား။ သုံးသင့်လား၊ မသုံးသင့်ဘူးလား စတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ဆွေးနွေးချက်တွေ တွေ့ကြရပါတော့မယ်။ ဒါကြောင့် ပီအာကိုစတင်တင်သွင်းခဲ့တဲ့ NDF ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်းနဲ့ အင်တာဗျူး ပြုလုပ်ဖြစ်ခဲ့ပါတယ်။ 

မေး။  ပထမဆုံးအနေနဲ့ အန်ကယ်တို့ဘာကြောင့် ပီအာစနစ်ကိုတင်သွင်းရတာလဲဆိုတာလေး သိချင်ပါတယ်။ ရည်ရွယ်ချက်ပေါ့။ 
ဖြေ။   ပီအာကိုဘာဖြစ်လို့တင်ရသလဲဆိုတာကတော့ အန်ကယ်တို့က အခု ၂၀၁၀ ကာလကနေပြီးတော့ ဖြတ်သန်းလာ ခဲ့တဲ့မြန်မာ နိုင်ငံရဲ့နိုင်ငံရေးဟာ ဒီမိုကရေစီခေတ်ကို သွားတဲ့နိုင်ငံရေးဖြစ်တယ်။ ဒီမိုကရေစီခေတ်ပြောင်းနိုင်ငံရေးပေါ့။ ခေတ်ပြောင်းနိုင်ငံရေးဆို
တော့ အန်ကယ်တို့က ဒီမိုကရေစီပေါ်မှာ သေချာသုံးသပ်ဖို့လိုလာပြီ။ အရင်ကစစ်အစိုးရခေတ်မှာကျတော့ ဒီမိုကရေစီဆိုတာ တစ်လုံးတည်းပြောလိုက်ရင် ပြည့်စုံတယ်။ ကျုပ်တို့ ဒီအာဏာရှင်စနစ်ကို လက်မခံဘူး။ ဒီမိုကရေစီအတွက် ကျုပ်တို့လုပ်နေတယ်။ ဒီမိုကရေစီကို တောင်းဆိုမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီဆိုတာ အခြေခံအားဖြင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တယ်။ အခုတော့ မဟုတ်တော့ဘူး။ ဒီမိုကရေစီက တကယ်လုပ်ကြရတော့မယ်ဆိုတော့ ဒီမိုကရေစီရဲ့အသွင်လက္ခဏာတွေဟာ ဘာတွေလဲ။ ဒီမိုကရေစီရဲ့အရေးကြီးတဲ့ အချက်တွေဟာဘာတွေလဲ။ဒီမိုကရေစီမှာ ဘာတွေကိုဖြည့်ဆည်းကြရမလဲ။ အဲဒါတွေကိုပါ အန်ကယ်တို့က စဉ်းစားလာရတယ်။ အဲဒါကြောင့် အန်ကယ်တို့ကြည့်လိုက်တဲ့အခါ ဒီမိုကရေစီရဲ့ရွေးကောက်ပွဲ စနစ်တစ်ခုဟာ ဒီမိုကရေစီရဲ့အနှစ်သာရကို ဖော်ဆောင်တဲ့အခါ အင်မတန်အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေတာကို တွေ့ရတယ်။ ဒါက လေ့လာလိုက်တဲ့အခါကြတော့ အန်ကယ်တို့လဲပါရဂူတွေ မဟုတ်ပါဘူး။ နိုင်ငံခြားမှာ ဒီမိုကရေစီနိုင်ငံ တွေမှာ ဘာတွေလုပ်နေကြသလဲ။ အရင်က ကိုယ်ဖြတ်သန်းလာရတဲ့ အတွေ့ကြုံက ဘာတွေရှိသလဲ။ အဲဒါတွေကို ကြည့်ပြီးတော့မှ။ ဒီရွေးကောက်ပွဲစနစ်မှာ အဓိကအားဖြင့် နှစ်ခုဖြစ်တဲ့ များရာကိုအနိုင်ပေးတဲ့ FPTP စနစ်နဲ့ အချိုးကျ PRစနစ် ဒီစနစ် နှစ်ခုရဲ့အားပြိုင်တာကို တွေ့ရတယ်။ တွေ့တဲ့အခါကျတော့ ဘယ်ဟာက တို့နိုင်ငံနဲ့ကိုက်မလဲ။ ဒီမိုကရေစီ ရဲ့နှုန်းစံ တွေနဲ့ ဘယ်ဟာက ပိုပြည့်စုံသလဲ။ စဉ်းစားတဲ့အခါမှာ ပီအာစနစ်ကို အလေးသာတယ်။ ဒါကြောင့် ကိုယ့်နိုင်ငံ ဒီမိုကရေစီစတဲ့အခါမှာ ရွေးကောက်ပွဲစနစ်ပြင်လိုက်ရင် ပိုပြီးကောင်းမယ်။ အစကောင်းမှအနှောင်းသေချာမယ်ဆိုပြီး တင်လိုက်တာပါ။
 
မေး။   ပီအာစနစ်ကြောင့်အစွန်းရောက်တွေ၊ လွှတ်တော်ထဲရောက်လာမယ်။ ပါတီအများကြီး လွှတ်တော်ထဲမှာ ရှိနေတဲ့အတွက်ကြောင့် ညွှန့်ပေါင်းတွေဖြစ်လာပြီး ဒီမိုကရေစီခရီးကို နှေးစေနိုင်မလား။ 
ဖြေ။    အဲဒါကတော့ ညွှန့်ပေါင်းဆိုတာကတော့ လိုအပ်ရင်တော့ဖွဲ့ရမှာပဲ။ ပီအာလုပ်တိုင်းလဲ ညွှန့်ပေါင်း လုပ်မယ်လို့မဟုတ်ပါဘူး။ ပီအာမဟုတ်ဘဲလည်း ညွှန့်ပေါင်းဖွဲ့ချင်ဖွဲ့မှာပဲ။  ဥပမာ….. ဒီပါတီကြီးတစ်ခုက ၅၀%ကျော်တဲ့ ထောက်ခံမှု ကိုရတယ်ဆိုရင် ဘာမှညွန့်ပေါင်းဖွဲ့စရာမလိုဘူး။ အဲလောက်မှ မရဘူးဆိုရင် တခြား ပါတီတွေနဲ့ညှိနှိုင်းရမယ် ဆိုတဲ့အခါကျမှ ညွန့်ပေါင်းဖြစ်လာတယ် မဟုတ်ဘူးလား။ ဒီတော့ ညွန့်ပေါင်းဖွဲ့ပြီဆိုကတည်းက ဒီပါတီဟာ ပြည်သူလူထုရဲ့အများစု ထောက်ခံမှုကြီးကို မရလို့ဖြစ်ရတာပေါ့။ ဒါကြောင့် ဒီညွန့်ပေါင်းဖြစ်လာပြီဆိုက တည်းက ပေါင်းလိုက်တဲ့အခါမှာ  ပေါင်းထားတဲ့ပါတီတွေရဲ့ထောက်ခံမှုတွေက အများစုဖြစ်သွားတာပေါ့။ အများစုမို့ ညွန့်ပေါင်းက အစိုးရလုပ်လို့ရတာပေါ့။ ဒါဆိုအများစုရဲ့သဘောထားကို လိုက်နာရမှာပဲလေ။ အဲဒါမှသာလျှင်ဒါ ဒါဒီမိုကရေစီ ရဲ့အနှစ်သာရပဲလေ။

မေး။  အချိုးကျခွဲရတယ်ဆိုတော့ အစွန်းရောက်တွေ။ ခေတ်နောက်ပြန်ဆွဲလိုသူတွေ လွှတ်တော်ထဲ ရောက်မလာ နိုင်ဘူးလား။ 
ဖြေ။ ။ လွှတ်တော်ထဲရောက်တယ်ဆိုတာက ဒါက ဒီတိုင်းကြီး လွှတ်တော်ထဲကို သွားလည်ရင်တော့ ရောက်ချင်ရောက်မှပေါ့။ (ရယ်လျှက်) ဒီလိုမှမဟုတ်ရင်တော့ ပြည်သူက မထောက်ခံရင်ရောက်စရာမရှိဘူး။ ပြည်သူက အစွန်းရောက်ကိုထောက်ခံရင်တော့ ရောက်လာမှာပေါ့။ သို့သော်လည်း အများစုကတော့ အစွန်းရောက်တွေကို မထောက်ခံပါဘူး။ အစွန်းရောက်ဆိုကတည်းကိုက  အစွန်းမှာပဲရောက်နေမှတော့ အများစုက ဘယ်ထောက်ခံမလဲ။ ဒါပေမယ့် အနည်းအကျင်းကတော့  ပီအာစနစ်အောက်မှာ ၀င်လာနိုင်သလားဆိုရင် ၀င်ချင်လည်း ၀င်လာနိုင်တာပဲ။ အဲ့ဒီလိုပြောကြကြေးဆိုလို့ရှိရင်တော့  ပီအာစနစ်မှာ အဲ့ဒီလိုမျိုးကို တားဆီးတဲ့ အကာအကွယ် ပေးထားတဲ့ အချက်လည်း ရှိတယ်။ ပီအာစနစ်အောက်မှာ ၀င်ပြိုင်တဲ့ပါတီတိုင်း လွှတ်တော်ထဲမရောက်ဘူး။ ၀င်ပြိုင်တဲ့ပါတီတိုင်း အမတ်နေရာမရဘူး။ သူ့မှာအနိမ့်ဆုံး သတ်မှတ်ချက်တွေ ရှိတယ်။ တချို့နိုင်ငံတွေဆိုလို့ရှိရင် ခုနလို အစွန်းရောက်တွေရဲ့အန္တရာယ်ရှိတယ်ဆိုရင် ဒီအနိမ့်ဆုံးမဲဆိုတဲ့ သတ်မှတ်ချက်ကို ဥပမာအနည်းဆုံး ၁၀% လို့သတ်မှတ်မယ်။ အထူးသဖြင့် ဥပမာ တူရကီလိုနိုင်ငံမျိုးပေါ့။ တူရကီမှာ Kurd လို့ခေါ်တဲ့ အစွန်းရောက်လို့ သတ်မှတ်ထားတာတွေရှိတယ်။ သူတို့မ၀င်နိုင်အောင် ၁၀%အနည်းဆုံး မရရင် လွှတ်တော်အမတ်မဖြစ်နိုင်ဘူးလို့ ကန့်သတ်ထားတော့ ဒီ Kurd တွေကို ၁၀% မထောက်ခံဘူးဆိုရင် မဖြစ်နိုင်တော့ဘူးပေါ့။ တချို့နိုင်ငံတွေလဲ ၅%။ အဲလိုပြဿနာတွေ မရှိဘူးဆိုရင်တော့ အနည်းဆုံး ၂%လောက် သတ်မှတ်ထားကြပါတယ်။ တစ်မဲရတိုင်း လွှတ်တော်ကိုယ်စားလှယ်မဖြစ်ပါဘူး။ 

မေး။ ဂျာမဏီကဟစ်တလာလို အာဏာရှင်တွေပေါ် မလာ နိုင်ဘူးလား။ 
ဖြေ။ အဲဒါပြောချင်နေတာကြာပြီ။ ဘာအထောက်အထားနဲ့ ပြောတာလဲမသိဘူး။ အန်ကယ်တို့ပဲလေ့လာအား လိုတာလား မသိဘူးပေါ့နော်။ အန်ကယ်သိသလောက်ဆိုရင်တော့ မဟုတ် ပါဘူး။ အန်ကယ်တို့ဖတ်တဲ့ထဲမှာ ပီအာဆိုတာ တစ်လုံးမှမပါဘူး။ ရွေးကောက်ပွဲလို့ပဲပါတာ။ ပြီးတော့တကယ်ပြောကြကြေးဆိုရင် ဂျာမဏီလိုနိုင်ငံမျိုးမှာ ဟစ်တလာအာဏာရလာတယ်ဆိုတာ အကြောင်းချက်တွေ အများကြီးရှိတယ်။ အများကြီးရှိတယ်နော်။ ဥပမာဆိုပါတော့….. ဂျာမဏီဟာ ပထမ္ဘာစစ်မှာ စစ်ရှုံးတယ်။ စစ်လျော်ကြေးတွေ အများကြီးပေးရတယ်။ တိုင်းပြည်က တစ်ခါတည်း စုတ်ပြတ်သွားတယ်။ မွဲသွားတယ်။ ငွေကြေးဖောင်း ပွမှု တွေဆိုတာ ရာခိုင်နှုန်းတစ်သန်းလောက်ထိ ရှိတယ်။ လူတွေက အလုပ်လက်မဲ့တွေဖြစ်။ ကုန်ဈေးနှုန်းတွေကတက်။ အဲဒီအချိန်မျိုးမှာ မကျေနပ်မှုတွေပေါ့။ စစ်ရှုံးထားလို့ဒေါသဖြစ်နေ ရတဲ့ကြားထဲမှာ အခက်အခဲတွေကြုံရတဲ့အခါကျတော့ ဟစ်တလာတို့က ဟောပြောနေဟာတွေက….အဲဒါတွေက ဒီကောင်တွေကြောင့်ဖြစ်တာ။ အစိုးရကနေ အလျော့ပေးလို့ ဖြစ်ရတာ။ ဒီကောင်တွေက ကိုယ့်နိုင်ငံကိုယ် နောက်ကျောဓါးနဲ့ ထိုးတဲ့ကောင်တွေ။ အဲလို ဆွပေးပြီးတော့ လူထုကိုစည်းရုံးယူတာ။ နောက်တစ်ခါ လူငယ်တွေကိုစည်းရုံးတာ။ လူငယ်ဆိုတော့ သွေးကကြွတယ်။ စည်းရုံးလို့လွယ်တယ်။ အဲဒါကနေ ရှပ်ညိုတို့ဘာတို့ ဖြစ်လာတာ။ နောက်ရွေးကောက် ပွဲဆို တရုန်းရုန်းပေါ့။ လူတွေကို တခါတည်းကြောက်လန့်အောင် လုပ်ဘာညာပေါ့။ အဲလိုနည်းနဲ့ လုပ်သွားတဲ့အခါကျတော့ တိုင်းပြည်ရဲ့အခြေနေနဲ့ လူတွေရဲ့ စိတ်ဓါတ်နဲ့က ဟစ်တလာကို အထင်ကြီးဖြစ်သွားတာ။ ဒါနိုင်ငံရေးအရ ဒီထက်လေ့လာရင် ပြောစရာတွေ အများကြိးရှိတယ်။ အဲဒီအခြေနေကြောင့် သာလျှင်ဖြစ်တာကိုး။ အဲဒါကို ဒီမဲပေးတဲ့စနစ်လေးကြောင့်သာ ဖြစ်တယ်ဆိုရင် အဲဒီပြောတဲ့သူဟာ နိုင်ငံရေးကို ဘာမှသိပ်ပြီးတော့ နားမလည်တဲ့သူလို့ပဲပြောချင်ပါတယ်။ 

မေး။  ပီအာစနစ်ဟာ ဒီမိုကရေစီမှာအခြေကျပြီးသားနိုင်ငံတွေမှာသာကျင့်သုံး သင့်တာဟုတ်ပါသလား။ ဒီမိုကရေစီ လမ်းကိုစလျှောက်တဲ့ မြန်မာနိုင်ငံအတွက် သင့်တော်ပါ့မလား။ 
ဖြေ။  ။ ဒါကတော့ ခက်တာက ဒီလိုလေ။  ဒီမိုကရေစီအခြေကျထားမှပဲ လုပ်လို့ရမယ်ဆိုရင် မဟုတ်တော့ဘူး ထင်တယ်။ မဆိုင်ပါဘူး။ ခုပဲ ကိုယ်တို့နိုင်ငံဘေးမှာဆို။ ကိုယ်တို့နဲ့ အဆင့်တန်းဘာမှမကွာတဲ့ နိုင်ငံတွေမှာလုပ်နေတာပဲ။ ဥပမာ နီပေါဆို  တောင်ပေါ်နိုင်ငံလေး။ နောက်သိရိလင်္ကာ၊ အိန္ဒိယ၊အိန္ဒိယဆိုလဲ နိုင်ငံကြီးဆိုပေမယ့် သူတို့လဲပြဿနာတွေအများကြီးနဲ့။ သူတို့အထက်လွှတ်တော်မှာဆို ပီအာနဲ့ရွေးကောက် တင်မြှောက်တာပဲ။ နောက်ထိုင်း၊ ကမ္ဘောဒီးယား။ အင်ဒိုနီးရှားတို့ ။ အဲလိုနိုင်ငံတွေတောင်မှ လုပ်နေတာပဲလေ။ နောက်ဆုံးကုန်ကုန်ပြောရမယ်ဆိုလို့ရှိရင်ကွာ လစ်ဗျားပေါ့။ လစ်ဗျားဆို အာဏာရှင်စနစ်အောက်မှာ အကြာကြီး နေခဲ့ရတယ်။ လွတ်လွတ် ချင်းစသုံးတဲ့ ပထမဆုံးရွေးကောက်ပွဲမှာ ပီအာသုံးသွားတာပဲလေ။ အဲတော့ ဒီပီအာဆိုတာ ဒီမိုကရေစီအခြေကျမှဆိုတာ မဟုတ်ဘူး။ ပီအာဆိုတာ ဒီမိုကရေစီ Trend တစ်ခုပဲ။ အရင်က ဆိုရှယ်လစ်မှဆိုရှယ်လစ်။ နောက် ဒီမိုကရေစီ။ အခုဒီမိုကရေစီမှာမှ ဒီမိုကရေစီအကျဆုံးဖြတ်တဲ့ ပီအာကို ပြောင်းလဲကျင့်သုံးလာကြတယ်။ ဒီမိုကရေစီဆိုတာဘာလဲ။ လူထုကအုပ်ချုပ်တာ။ အနိုင်ရသူအကုန်  ယူသွားတာထက် အချိုးကျခွဲဝေယူတာက ပိုပြီးဒီမိုကရေစီမကျဘူးလားဆိုပြီး ရွေးကောက်တင်မြှောက်ပုံကို ဆန်းသစ်လာကြရင်း ပီအာဖြစ်လာတာပဲ။ ဒါက ဒီမိုကရေစီ အခြေကျတာ မကျတာထက် ဒီမိုကရေစီ Trend တစ်ခုလို့ပဲ ပြောချင်ပါတယ်။ အဲ့ဒီတော့ လုပ်လို့ရပါတယ်။ ဘာလို့မရရမှာလဲ။ 

မေး။ ။ပီအာစနစ်နဲ့ရွေးကောက်တင်မြှောက်လိုက်ရင် အများစုနိုင်ပါတီအနေနဲ့ အမတ်၇၅%မရတဲ့အတွက်  အခြေခံဥပဒေပြင်ဆင်ဖို့ ခက်သွားမလား။ 
ဖြေ။   ဟ……အခုရော သူတို့မခက်ဘူးလား။ FPTP သုံးလို့ ၇၅% ရတောင် ပြင်လို့မရသေးဘူးလေ။ အဲဒီတော့  ဒီလောက် အများကြီး လိုချင်တာ အခြေခံဥပဒေပြင်ချင်လို့လား။ အာဏာကို ထူထောင်ချင်လို့လားတောင် မေးစရာဖြစ်နေပြီ။ 

မေး။  ပီအာစနစ်ကိုကျင့်သုံးဖို့ လူထုဆန္ဒခံယူသင့်ပါသလား။
ဖြေ။   ဒီရွေးကောက်ပွဲစနစ်ဆိုတာ ရှင်းရှင်းပြောရရင် အခြေခံဥပဒေထဲမှာ သတ်မှတ်ထားတာမရှိဘူး။ ဘာစနစ်နဲ့ ရွေးကောက်ပွဲကျင့်သုံးပါ ဆိုတာ ပြောမထားဘူး။ နောက်တစ်ခုက လူထုဆန္ဒခံယူရမယ်တို့ ဘာတို့ဆိုတာ FPTP ကရော လူထုဆန္ဒခံယူခဲ့လို့လား။ ရွေးကောက်ပွဲစနစ် အကုန်လုံး က လူထုဆန္ဒခံယူတာ မရှိပါဘူးနော်…..။ ၄၇လဲမရှိဘူး။ အင်္ဂလိပ်လက်ထက်ကလဲ မရှိပါဘူး။ 

မေး။ ။ ပီအာစနစ်ကျင့်သုံးခဲ့ရင် လွှတ်တော်အမတ် လောင်း တွေဟာ လူထုထက် ပါတီခေါင်းဆောင်တွေကို ပိုပြီး သစ္စာခံနေရမှာလား။
ဖြေ။   အဲဒါကတော့ အန်ကယ်ထင်တယ်။ အဲဒါက ရွေးကောက်ပွဲစနစ်နဲ့တောင် သိပ်မဆိုင်ဘူးထင်တယ်။ (ရယ်လျှက်) ဒီနေ့ FPTP မှာလည်းဒီလိုပဲလေ။ လွှတ်တော် ကိုယ်စားလှယ်ဆိုပြီးတော့ ချပေးလိုက်တယ်။ ဘယ်သူက ချပေးလိုက်လဲ။.ပါတီကပဲချပေးလိုက်တာပဲ။ ပါတီခေါင်း ဆောင်က နေချပေးလိုက်တာပဲလေ။ သူတို့ကချပေးလိုက် တာ မကျေနပ်ဘူးဆို မပေးယုံပဲရှိတာပဲ။ နောက်ရသွားခဲ့ရင် သူလုပ်တဲ့အလုပ်တွေကြည့်ပြီး နောက်တစ်ကြိမ်အတွက် စဉ်းစားပြီး ချပေးယုံပဲ။ ပီအာမှာလဲ ဒီလိုပဲလေ။ ပါတီကရွေးပြီး ချပေးလိုက်တာပဲ။ ဒါပေမယ့် ပါတီက လူထုမယုံကြည်ရတဲ့သူတွေ ရွေးပြီးချပေးရင် လူထုက ဘယ်မဲထည့်မလဲ။ လူထုက ယုံကြည်ကိုးစားလောက်တဲ့ လူတွေကိုပဲ ရွေးချယ်ရမှာပေါ့။ နောက်ဒီစနစ်က ပါတီတွင်းမှာကို အရင်ပြိုင်ရဦးမယ်။ ပါတီရဲ့စဉ်းမျဥ်းစည်းကမ်းအရ အရင်ရွေးချယ်ရဦးမယ်။ အန်ကယ်တို့ပါတီမှာတော့ အဲလိုပဲလုပ်တယ်။ ခေါင်းဆောင်တစ်ယောက်တည်းကနေ ဒီလူဒီလူတွေ အမတ်လောင်း စာရင်းထဲ ထည့်လိုက်ပါဆိုပြီး လုပ်လို့မရဘူး။ အဲဒါမျိုးကို လက်ခံတဲ့ပါတီမျိုး အန်ကယ်တို့မဟုတ်ဘူး။ 

မေး။ အန်ကယ်ပြောဖူးတယ်။ ပီအာကိုသုံးမယ်ဆို မဲဆန္ဒနယ်တွေပေါင်းပြီး လုပ်ရမယ်လို့လေ။ အဲခါကျတော့ အမတ်တွေဟာ မြို့နယ်တစ်ခုဆီကို ကိုယ်စားမပြုတဲ့အခါ လူထုနဲ့ဆက်နွှယ်မှု လျော့နည်းသွားနိုင်မလား။ 
ဖြေ။ ဒါကတော့.နည်းနည်းတော့ဖြစ်နိုင်တာပေါ့နော်။ ဒါပေမယ့် တကယ်တမ်းဒီနေ့ အခြေနေတွေကို ကြည့်တဲ့ အခါကျတော့ …..ပြည်သူလူထုက သူ့အတွက်လုပ်ပေးတဲ့သူဆီ သွားတာပဲ။ ဥပမာဆိုလို့ရှိရင် ပြည်သူ့လွှတ်တော်အမတ် ဦးအောင်ဇင်။ သူဆို ပုဇွန်တောင်ကနေ အရွေးခံရတယ်။ သူ့ဆို ပြည်သူတွေအတွက် ကြိုးစားပမ်းစား လုပ်ပေးတယ် လို့မြင်ကြတော့ တစ်နိုင်ငံလုံးက သူ့ဆီရောက်လာကြတာပဲ။ ဟိုး  မြ၀တီကလဲတယ်။ ပဲခူးကလာတယ်။ မြောင်းမြကလာတယ်။ မကွေးကလာတယ်။ ကချင်ကလည်းလာတယ်။ အဲတော့..ခုနပြောသလိုပေါ့။ ဒီမဲဆန္ဒနယ်တစ်ခုမှာ ၁၀ ယောက် ရွေးတယ်။ ဒါဆိုပြည်သူက ရွေးချယ်လို့ရသွားပြီ လေ။ ဘယ်သူက ငါ့အတွက်လုပ်ပေးတာလဲ။ ဘယ်သူကတော့ လှည့်တောင်မကြည့်ဘူးလဲ။ သူ့အတွက် လုပ်ပေးတဲ့လူဆီ သွားမှာပေါ့။ သွားခွင့်လည်းရှိတယ်လေ။ အခုဆိုလို့ရှိရင်တော့ မပြောချင်လို့။ မပြောရဲလို့သာ နေမှာပေါ့။ ကြိုက်ချင်မှ ကြိုက်မှာလေ။ ဟိုဟာဆိုရင်တော့ ပြည်သူက ၁၀ယောက်ထဲက သူသွားချင်တဲ့ အမတ်ဆီ သွားလို့ရတယ်။ သူရွေးချင်တဲ့သူ ရွေးလို့ရတယ်။ ပြည်သူအတွက် ပိုပြီတော့တောင် အခွင့်လမ်းများ သွား သေးတယ်။ 

မေး။  ပီအာကို ဘာကြောင့်မြန်မာနိုင်ငံမှာ သုံးသင့်တယ်လို့ ထင်ရတာလဲ။ 
ဖြေ။  ။ဒါကတော့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို အန်ကယ်တို့လေ့လာပြီးတော့မှ ပီအာတင်တယ်ဆိုတာမှန်ပါတယ်။ ဘယ်လို လေ့လာကြည့်သလဲဆိုတော့ ၂၀၁၀ရွေးကောက်ပွဲတုန်းကတော့ လုံးဝတရားမျှတမှုမရှိဘူး။ ဒါကိုအားလုံးသိကြ တယ်။ ၂၀၁၂ကျတော့ အဲလို မဟုတ်ဘူး။ သူ့ဟာနဲ့သူ လွတ်လပ်မှုတရားမျှတမှု ရှိသင့်သလောက်ရှိတယ်လို့ ပြောလို့ရတယ်။ ရွေးကောက်ပွဲတရားမျှတမှုမရှိရင် ရွေးကောက်ပွဲ စနစ်တွေဘာတွေ အန်ကယ်တို့က ပြင်နေစရာမလိုဘူး။ ဒါပေမယ့် ၂၀၁၅ကျရင် ၂၀၁၂တုန်းကလိုပဲ လွတ်လပ်ပြီးတရားမျှတမှု ရှိလိမ့်မယ်လို့ အန်ကယ်တို့ ထင်တယ်။ ၂၀၁၂ထက် မနိမ့်တဲ့အဆင့်မျိုး ရှိလိမ့်မယ်လို့ ထင်တယ်။  အဲဒါကြောင့် အဲဒီအတွက် သေသေချာချာပြင်ဆင်ရမယ်။ ပြင်ဆင်တယ်ဆိုတာ အန်ကယ်တို့ပါတီကို ပြောနေတာမဟုတ်ဘူး။ တရားမျှတမှုရှိပြီး ကျင်းပတဲ့ရွေးကောက်ပွဲသည် ပြည်သူရဲ့ဆန္ဒကို တကယ် ဖော်ပြနိုင်တဲ့နည်းနဲ့မှ ပိုပြီးပြည့်စုံသင့်တော်လိမ့်မယ်လို့ ထင်တယ။်  လိုက်လျောညီထွေလည်း ရှိမယ်။ ဥပမာပြောရရင် မော်တော်ကားတစ်စီး တက်စီးမယ်။ ဒီကားကပျက်နေမယ်။ မောင်းလို့မရဘူးဆို ဘာကားဖြစ်နေနေ ကိစ္စမရှိဘူး။ ဘယ်ကိုမှမရောက်တာ။ ကားအကောင်းဆိုရင်တော့ ရွေးရတော့မယ်။ ဂျစ်ကားနဲ့သွားမလား။ ဗဲန်နဲ့သွားမလား။ မဟုတ်ရင် မာစီဒီးစ်။ အဲဒီလိုပေါ့။ ရှေ့မှာလာမယ့် ရွေးကောက်ပွဲဟာ တရားမျှတမှုရှိဖို့ အလားအလာရှိနေမှတော့ အဲဒီရွေးကောက်ပွဲရဲ့အနှစ်သာရကို ပိုပြီးပေါ်လွင်အောင်၊ပိုပြီးပြည့်စုံအောင်၊ ပြည်သူတွေအတွက်ပိုပြီး အကျိုးရှိတဲ့ စနစ်မျိုးဖြစ်အောင် စဉ်းစားရတာပေါ့။ ဟိုပါတီကြီးက သူကအများစုထောက်ခံမှုရလို့ အစိုးရဖွဲ့မယ်ဆို ဖွဲ့ပါစေ။ မဖြစ်အောင် လုပ်လို့လဲမရဘူး။ အန်ကယ်တို့ မနာလိုစရာလည်း မရှိပါဘူး။ ဒါပေမယ့် အနည်းစုရဲ့ဆန္ဒကိုလဲ လျစ်လျူရှုလို့ မရဘူးလေ။ အနည်းစုရဲ့ဆန္ဒတွေကိုလည်း ဖော်ထုတ်ခွင့်တော့ ပေးလိုက်ပါ။ ဒါမှလဲ ဒီမိုကရေစီကျမှာပေါ့။ အဲလောက်တော့ သဘောထားကြီးသင့်ပါတယ်။ အာဏာရှင်စနစ်ကျင့်သုံးနေတာမှ မဟုတ်တာ။ ဒါမှလဲ ပါတီစုံဒီမိုကရေစီဆိုတဲ့ စကားနဲ့ ကိုက်ညီမှာပေါ့။ 

မေး။ ။နောက်ဆုံးမေးခွန်းအနေနဲ့က ၂၀၁၅ ရွေးကောက်ပွဲမှာ ပီအာကိုကျင့်သုံးသင့်တယ်လို့ယူဆပါလား
ဖြေ။  ဒါခုနကဖြေတဲ့ထဲမှာလဲ ပါပါတယ်။ ရွေးကောက်ပွဲက တရားမျှတပြီး လွတ်လပ်မှတော့ ဒီမိုကရေစီရဲ့ အနှစ်သာရကိုပိုပြီး ပေါ်လွင်စေတဲ့ စနစ်နဲ့သာ ရွေးချယ်တင်မြှောက်သင့်တယ်လို့ ယူဆလို့ကို တင်တာပေါ့။ အန်ကယ်တို့ အစောကြီးကတည်းက ကော်မရှင်ကို ကြိုပြိးတင်ပြထားတာ။ ကျင့်သုံးမယ်ဆိုရင် လိုအပ်ချက်တွေကို ကြိုတင်ပြင်ဆင်နိုင် အောင်လို့။ အန်ကယ်တို့ကြားရတယ် ပီအာကို ကျင့်သုံးချင်တဲ့ ရည်ရွယ်ချက် မမှန်ဘူး။ ဒါဆိုရင် မကျင့်သုံးချင်တဲ့ ရည်ရွယ်ချက် မှန်သလား။ ဘာလို့ မကျင့်သုံးချင်ရတာလဲ။ ပီအာဆိုတာ အခုလက်ရှိ ဒီမိုကရေစီအကျဆုံး ရွေးကောက်တင် မြှောက်တဲ့စနစ်။ ကမ္ဘာ့နိုင်ငံပေါင်း (၉၀) ကျော်မှာလဲကျင့်သုံးနေပြီ။ ဒီနိုင်ငံ (၉၀) ကျော်လုံးက ဒီမိုကရေစီ အခြေကျပြီးသား နိုင်ငံတွေမဟုတ်ပါဘူး။ ဒါကြောင့် ဒီမိုကရေစီအခြေမကျသေးလို့ သုံးဖို့မသင့်ဘူးဆို တဲ့ ကန့်ကွက်ချက်တွေဟာ  ရိုးသားမှုရှိရဲ့လားလို့ မေးခွန်းထုတ်စရာပါ။ အများစုထောက်ခံတဲ့သူကတော့ ဘာစနစ် နဲ့ပဲဖြစ်ဖြစ် မဲအများစုရမှာပါပဲ။ ဒါကို အနည်းစုထောက်ခံတဲ့သူရှိလို့ ရမယ့်မဲအနည်းစုကို ခွဲမပေးချင်ဘူးဆိုတာ ဒီမိုကရေစီမဟုတ်တော့ဘူးလေ။ ဒါကြောင့် ၂၀၁၅ ရွေးကောက်ပွဲဟာမှာ ပီအာစနစ်ကို ကျင့်သုံးသင့်တယ် လို့ပြောတာပါ။  
 သီရိတင်
ဒေါက်တာသန်းငြိမ်းရဲ့ မီဒီယာတွေမှာ ဖော်မပြလိုက်ရတဲ့ ပီအာ အင်တာဗျုးကို ဆရာကို့ ဂုဏ်ပြုသောအားဖြင့် တင်ဆက်လိုက်ပါတယ်။

0 comments:

Post a Comment

ရှေ့တိုးကြပါဦးစို့


အစိုးရဌာနတွေမှာ ၀ါရင့် အတွေ့အကြုံရှိ လူတော်တွေ တော်တော်များများရှိပါတယ်..။ တကယ်တော့ ၀န်ကြီးဆိုတာ နိုင်ငံရေးရာထူးပါ..။ ကျွမ်းကျင်ပညာရှင် ဟုတ်လေ့မရှိပါဘူး..။ ဒါပေမယ့် ဒုတိယ ၀န်ကြီးတွေကတော့ ကိုယ်တာဝန်ယူရတဲ့ ၀န်ကြီးဌာနနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ပညာရပ် ကို ကျွမ်းကျင်သူ ဖြစ်ရပါတယ်.. ဒါဟာ နိုင်ငံအတော်များများမှာ ကျင့်သုံးတဲ့ အလေ့အကျင့်တစ်ခုပါ..။

0 comments:

Post a Comment

လစ်ဘရယ်ဝါဒ (Liberalism) နှင့် လစ်ဘရယ်သမိုင်းကြောင်း (အပိုင်း-၃)




December 26, 2012 at 5:07am
၁၇၆၀ခုနှစ်မှ စတင်ခဲ့သော စက်မှုတော်လှန်ရေးသည် ၁၉ ရာစုတွင် တဖြည်းဖြည်းရုပ်လုံးပေါ်လာပြီး၊ ၄င်းတော်လှန်ရေးကြောင့်ပင် ဥရောပသည် စီးပွားရေး၊ နိုင်ငံရေးအတွေးအခေါ်များအပြင် သိပ္ပံနည်းပညာများ တဟုန်ထိုးပြောင်းလဲတိုးတက်လာခဲ့သည်။ ၁၇ ရာစုတွင် ခေတ်စားခဲ့သော မာကင်တိုင်ဝါဒမှာ အသုံးမ၀င်တော့ပေ။ ယခင်က တိုင်းပြည်၏ တန်ဘိုးကိုတွက်ချက်ကြရာတွင် မာကင်တိုင်ဝါဒီများက ကူးသန်းရောင်းဝယ်ရေးကို အဓိကထားပြီး၊ ဖီဆီရိုကရက်များက တိုင်းပြည်တန်ဘိုးဆိုသည်မှာ လယ်မြေထွက်ကုန်များဟု ယုံကြည်ကြသည်။

1 comments:

Post a Comment

မသေမချင်း မှတ်ထားစေချင်တယ်

Photo: မသေမချင်း မှတ်ထားစေချင်တယ်

။။။။။။။။။။။။။။။။။၊။။။။၊။။၊။။။။။။။။၊။။။။။။

ကမ္ဘာအေးမှာ နေတုန်းက သိမ်တော်ကြီးမှာ ဘုရားဝတ်တက်ရတယ်။ သံဃာပေါင်း (၄၅၀)က တန်းစီပြီး ကြွချီနေကြတာကို မိမိကိုယ်တိုင် ကြည်ညိုနေမိတယ်။ သိမ်တော်ကြီးဆိုတာ ကမ္ဘာအေးပန်းခြံထဲမှာ ရှိသကိုး။ မြီးကောင်ပေါက်မအရွယ်မိန်းကလေးတွေက ဒီသံဃာတော်များကို ကြည်ညိုရကောင်းမှန်း မသိကြပါဘူး။ သူတို့က "အသဲတွေ အများကြီးပဲ၊ နှမြောလိုက်တာ"ဆိုကြသတဲ့။

အခုလည်း မချစ်ဆိုသူ ဒကာမတစ်ဦးနဲ့ ဘာသာခြားအပေါင်းအပါတို့က

၁။ မြန်မာနိုင်ငံမှာ ဘုန်းကြီးအပါး(၅)သိန်းရှိရာ တစ်ပါးကို (၁၀၀၀)နှုန်းဆွမ်းစားခကို တွက်ကြည့်ပါက တစ်နှစ်ရင် အမေရိကန်ဒေါ်လာ (၁၈၆)သန်းခန့် ကုန်ကျကြောင်း၊

၂။ တကယ်လို့ သံဃာ(၅)သိန်းထဲက (၄)သိန်းလောက် လူထွက်ပြီး တစ်နေ့တစ်ထောင်စားအလုပ်လုပ်ကြရင် ဗုဒ္ဓဘာသာဝင်ပေါင်း (၄)သိန်းကို ကူညီနိုင်မှာဖြစ်သလို ဒေါ်လာ (၁၈၆)သန်းကိုလည်း အကျိုးရှိရှိ အသုံးချနိုင်ကြောင်း၊

၃။ (၅)သိန်းကျော် သံဃာတော်များအတွက် (၁၈၆)သန်းကျော် သုံးစွဲရပေမဲ့ တစ်နှစ်မှာ ဗုဒ္ဓဘာသာကို ကူးပြောင်းလာသူ (၅)ဦးခန့်တောင် ရှိမယ်မထင်ကြောင်း၊

၎။ ယနေ့ခေတ် ဗုဒ္ဓဘာသာမှာ လူများပြီး အရည်အချင်းနည်းလို့ နာမည်ကောင်းးမကျော်၊ နာမည်ဆိုးနဲ့သာ ကျော်ကြားပြီး မကြာမီ ကမ္ဘာ့တံတွေးခွက်မှာ မျှော်ဖို့ မဝေးတော့ကြောင်းဗုဒ္ဓဘာသာသံဃာတော်များကို ပုတ်ခတ်ဝေဖန်ထားပါတယ်။ 
-----------------------------

မိမိက အနည်းငယ် ရှင်းပြလိုပါတယ်။

၁။ သံဃာတော်များအတွက် ကုန်ကျစရိတ်ဗုဒ္ဓဘာသာရဟန်းတော်များအတွက် ကုန်ကျစရိတ်မှာ နိုင်ငံတော်ဘတ်ဂျက်များ ချမှတ်ပြီး ကုန်ကျရခြင်း မဟုတ်ပါ။ အရိပ်အကဲပြမှ လှူတဲ့ဆွမ်းကိုလည်း မသုံးဆောင်ကောင်းပါ။ သဒ္ဓါအလျောက် လှူတဲ့ဆွမ်းကိုပဲ စားကောင်းပါတယ်။ မြတ်ဗုဒ္ဓက ဘုရားဖြစ်ပြီး မိမိမွေးရပ်မြေကို ပြန်ကြွတဲ့အခါ ဖခမည်းတော်က မိမိသားပဲ၊ နန်းတော်ကိုပဲ ကြွလာပြီး ဆွမ်းစားမယ်လို့ ထင်ပြီး ဆွမ်းစားမဖိတ်ခဲ့ပါ။မြတ်ဗုဒ္ဓက သပိတ်ပိုက်ပြီး ကပိလဝတ်နေပြည်တော်မှာ ဆွမ်းခံပါတယ်။ ဒါကို သူ့ဖခမည်းတော်က သူ့ကို အရှက်ခွဲတယ်လို့ ယူဆပါတယ်။ မြတ်ဗုဒ္ဓက ဆွမ်းခံစားခြင်းမှာ သန့်ရှင်းမွန်မြတ်တဲ့ အလုပ်တစ်ခုသာ ဖြစ်ပြီး ရှေးရှေးဘုရားတို့ရဲ့ ကျင့်ဝတ်လည်း ဖြစ်ကြောင်း မိန့်တော်မူပါတယ်။အိမ်ရာတည်ထောင်လူ့ဘောင်ကနေ ခွာပြီး ရဟန်းဘဝကို ယူကြတဲ့ ရဟန်းများဟာ သက်မွေးဝမ်းကျောင်းလုပ်ငန်းအပါအဝင် လူဝတ်ကြောင်လုပ်ငန်းများကိုလည်း စွန့်လွှတ်ခဲ့ပြီး ဓုရနှစ်ဖြာကိုပဲ ဖြည့်ဆည်းရမှာ ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းကို လုပ်သူများမဟုတ်လို့ အခွန်ကင်းလွတ်သူလည်း ဖြစ်တယ်။ သံဃာတော်များကို ဆွမ်းလောင်းရလို့ ဘယ်အိမ်မှ မွဲသွားတာ မရှိခဲ့ဖူးသလို ဘယ်နိုင်ငံကမှ ငတ်နာကျခဲ့တာ မရှိပါ။

၂။ သံဃာတော်(၅)သိန်းအနက် (၄)သိန်းက လူထွက်ပြီး တစ်နေ့တစ်ထောင် အလုပ်လုပ်ပြီး ဆင်းရဲသားဗုဒ္ဓဘာသာလူမျိုး(၄)သိန်းကို ထောက်ပံ့နိုင်တယ်လို့ ယူဆချက်မှာလည်း မပြည့်စုံပါ။ သံဃာအဖွဲ့အစည်းမှာ ရှိနေလို့ ဒီလူတွေဟာ ဝိနည်းသိက္ခာပုဒ်များကို စောင့်ထိန်းရလို့ ငြိမ်းချမ်းကြောင်း ဖြစ်ပါတယ်။ စစ်သား(၅)သိန်းဟာ ဘာကြောင့် ဆင်းရဲသားတွေကို မထောက်ပံ့ပါသလဲ။ ဘင်္ဂလီ(၅)သိန်းဟာ ဘာကြောင့် အခြားဘင်္ဂလီ(၅)သိန်းကို မထောက်ပံ့ကြသလဲ။ဗုဒ္ဓဘာသာဘုန်းကြီးများကြောင့် ဆင်းရဲမွဲတေမှုများရတယ်လို့ ဆိုရင် ဘင်္ဂလားဒေ့ရှ်က ဘင်္ဂလီလူမျိုးတွေ ဘာကြောင့် (၅)သိန်းမျှ ခိုးဝင်ခဲ့ကြသလဲ။ အဖရိကနိုင်ငံအချို့မှာ ဘာကြောင့် ငတ်သေနေကြရသလဲ။ အဲဒီနိုင်ငံတွေမှာ ဗုဒ္ဓဘာသာဘုန်းကြီး မရှိပါ။ အခုမှ တစ်ပါးစ နှစ်ပါးစပဲ ရောက်ပါသေးတယ်။ ဒုတိယတစ်မျိုးအနေနဲ့ စဉ်းစားကြည့်ပါ။ အဆိုပါသံဃာ(၅)သိန်းထဲက (၄)သိန်းက လူထွက်ခဲ့ရင်၊ ဒါမှမဟုတ် ဗုဒ္ဓဘာသာမရှိခဲ့ဘဲ မွေးကတည်းက သူခိုးဖြစ်နေခဲ့သူ၊ အကြမ်းဖက်သမားဖြစ်မဲ့သူ၊ ဘာသာခြားများကို တွေ့ရင် အသေသတ်မဲ့သူ၊ တစ်ဦးလျင် ကလေး(၈)ယောက်လောက်မွေးပြီး တာဝန်မကျေသူဆိုရင် ဘယ့်နှယ်ရှိမလဲ။ အဲဒီတစ်ဦးကပဲ မိန်းမ(၄)ယောက်ယူပြီး တစ်ယောက်စီကို ကလေး(၈)ယောက်မွေးခိုင်းရင်ကော ကလေးအရေအတွက် ဘယ်လောက်ရှိသွားမလဲ။(၁၀)နှစ်အတွင်းမှာ ကလေး 12.8 သန်း တိုးလာမှာဖြစ်လို့ ဒီကလေးတွေကို တစ်ထောင်စီ ပေးဖို့ ဗုဒ္ဓဘာသာဘုန်းကြီး (၁၂)သန်း (၈)သိန်း လူထွက်ပေးရဦးမယ်။ ဗုဒ္ဓဘာသာဘုန်းတော်ကြီးက အဲဒီလောက်အထိ မတတ်နိုင်ပါ။

၃။ ဗုဒ္ဓသာသနာမှာ ကျင့်ကြံရေးက ပထမ၊ ပြန့်ပွားရေးက ဒုတိယပါ။ ဒီဘုန်းကြီးများဟာ ဗုဒ္ဓဘာသာပြန့်ပွားရေး လုပ်နေကြတာမဟုတ်ကြောင်း သိစေချင်ပါတယ်။ ဗုဒ္ဓဘာသာကို ထိန်းသိမ်းနေကြရုံလေးပါ။ ဘာသာခြားများကို စွဲဆောင်ပြီး ဗုဒ္ဓဘာသာထဲ ဝင်ကြစေ ကြိုးစားအားထုတ်နေကြသူများလည်း မဟုတ်ကြပါ။ ပိဋကစာပေများကို သင်အံလေ့လာခြင်း၊ ကျင့်ကြံအားထုတ်ခြင်း၊ ပင့်တာရှိရင် တရားဟောကြားခြင်း၊ မင်းပရိသတ်၊ လူပရိသတ်များကို ဆိုဆုံးမခြင်းများကိုသာ ပြုလုပ်ကြပါတယ်။တကယ့်လို့ ဘာသာခြားများကို စွဲဆောင်ဖို့ဆိုရင်၊ ဒါမှမဟုတ် တစ်နှစ်(၅)ဦးတောင် ဗုဒ္ဓဘာသာမဖြစ်လို့ ရှက်စရာလို့ ထင်ရင် မျိုးစောင့်ဥပဒေကို ထောက်ခံ၊ လူထွက်၊ ဘာသာခြားအမျိုးသမီးများကို လက်ထပ်၊ ဗုဒ္ဓဘာသာကို အတင်းပြောင်းခိုင်း ဒါပဲရှိတော့မပေါ့။ ရခိုင်နယ်စပ်သွားပြီး မှတ်ပုံတင်မရှိသေးသူ ဘင်္ဂလီအမျိုးသမီးများကို မှတ်ပုံတင်ရစေမယ်ဆိုတဲ့ အာမခံချက်နဲ့ ဖြားယောင်းလို့ရတာပဲလေ။ တစ်ခု သိထားရမှာက ဗုဒ္ဓဘာသာကို မကိုးကွယ်လို့ ဗုဒ္ဓဘာသာအတွက် ဘာမှ ယုတ်လျော့သွားမှာမဟုတ်ဘူး။မကိုးကွယ်သူများအတွက်သာ အကျိုးယုတ်လျှော့ရတာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာပျောက်ကွယ်သွားခဲ့ရင်လည်း ဘာမှ မဖြစ်ပါ။ တစ်နေ့ ပျောက်ကွယ်မယ်လို့ ဝန်ခံတာ ဗုဒ္ဓဘာသာတစ်ခုထဲပဲ ရှိပါတယ်။

၎။ ဗုဒ္ဓဘာသာအရေအတွက်က မများပါ။ အများဆုံးက ခရစ်ယာန်ဘာသာပါ။ ဒုတိယအမ်ားဆုံးက အစၥလာမ္ဘာသာပါ။ တတိယအမ်ားဆုံးက ဟိႏၵဴဘာသာပါ။ ဗုဒ္ဓဘာသာကတော့ မာမွန်နဲ့ တာအိုဝါဒအောက်မှာတောင် ရောက်နေသလားလို့ပါ။ အရည်အချင်းကျတော့ သတ်မှတ်သူရဲ့ စံနှုန်းအပေါ်မှာ မူတည်ပါတယ်။ ရဟန်းသံဃာအပါးရေကို ကြည့်ပြီး ပြောရင်းလည်း လူဦးရေသန်း(၆၀)မှာ (၁)ရာခိုင်နှုန်းတောင်မရှိပါ။အမေရိကန်နိုင်ငံမှာ အမေရိကန်အစိုးရကို မှီခိုနေရသူတွေက သန်း(၃၀၀)ထဲမှာ (၄၈)သန်း ရှိပါတယ်။ ဒါဟာ (၁၀)ရာခိုင်နှုန်းကျော်ပါတယ်။ ဘုန်းဘုန်းက အမေရိကမှာ နေပါတယ်။ အဲဒီ(၄၈)သန်းစာရင်းထဲမှာ မပါပါ။ မနားရပါ။ ဇေတဝန်မြန်မာကျောင်းဘုန်းကြီးများဆိုရင် ဗုဒ္ဓဘာသာ၊ ဟိန္ဒူ၊ မူစလင်၊ ခရစ်ယာန်အပါအဝင် အားလုံးက အကူအညီလာတောင်းကြပါတယ်။ မနားရပါ။ တံတွေးခွက်မှာ ပက်လက်မျောမယ်မထင်ပါ။မိန်းမလေးယောက်ယူနိုင်လို့ ကြွားစရာမလိုပါ။ တိရစ္ဆာန်တွေက ဒီထက် ယူနိုင်ကြပါတယ်။ မိသားစုကို ရှာကျွေးနိုင်လို့ မာန်တက်စရာမဟုတ်ပါ။ တိရစ္ဆာန်တွေလည်း ရှာကျွေးတတ်ကြတယ်။ လူ့ဘဝဆိုတာ မေထုန်မှု၊ စားမှု၊ အိပ်မှုနဲ့ပဲ ပြီးရမဲ့ဘဝ မဟုတ်ဘူး။ အဲဒီထက် အများကြီး လေးနက်ပါသေးတယ်။ ပြန်ပြောပါဦးမယ်။ မြတ်ဗုဒ္ဓဟာ အခြားဘာသာရေးခေါင်းဆောင်တွေထက် ချမ်းသာခဲ့ပါတယ်။ စည်းစိမ်ရှိခဲ့ပါတယ်။ တန်ခိုးအာဏာရှိခဲ့ပါတယ်။ မိသားစုဘဝ ရှိခဲ့ပါတယ်။ ငတ်ပြတ်လို့ တောထွက်ခဲ့တာ မဟုတ်ဘူးဆိုတာကိုတော့ မသေမချင်း မှတ်ထားစေချင်ပါတယ်။

(ထေရ၀ါဒဗုဒ္ဓဘာသာဖြစ်သော-မှ)

Credit to >> Ven So Pa Ka
ကမ္ဘာအေးမှာ နေတုန်းက သိမ်တော်ကြီးမှာ ဘုရားဝတ်တက်ရတယ်။ သံဃာပေါင်း (၄၅၀)က တန်းစီပြီး ကြွချီနေကြတာကို မိမိကိုယ်တိုင် ကြည်ညိုနေမိတယ်။ သိမ်တော်ကြီးဆိုတာ ကမ္ဘာအေးပန်းခြံထဲမှာ ရှိသကိုး။ မြီးကောင်ပေါက်မအရွယ်မိန်းကလေးတွေက ဒီသံဃာတော်များကို ကြည်ညိုရကောင်းမှန်း မသိကြပါဘူး။ သူတို့က "အသဲတွေ အများကြီးပဲ၊ နှမြောလိုက်တာ"ဆိုကြသတဲ့။

0 comments:

Post a Comment

လစ်ဘရယ်ဝါဒ (Liberalism) နှင့် လစ်ဘရယ်သမိုင်းကြောင်း (အပိုင်း-၂)




December 24, 2012 at 10:22pm

အင်္ဂလန်နှင့်အမေရိကန်တို့၏ တော်လှန်ရေးမှာ သွေးထွက်သံယိုနည်းပါးခဲ့ပြီး၊ တော်လှန်ရေးပြီးဆုံးချိန်တွင်တွင်
လည်း လွတ်လပ်မှုနှင့် လူထုမှာ အသားတကျဖြစ်သည်ကို တွေ့ရသည်။ ထိုသို့ဖြစ်ရခြင်းအကြောင်းကို မူလရှေးရိုးစွဲဝါဒီ (Classic Conservative) တို့၏ ခေါင်းကိုင်ဖခင်ဖြစ်သော အက်မွန်ဘတ်ခ် (Edmund Burke) (၁၇၂၉-၁၇၉၇)က ဝေဖန်ထောက်ပြခဲ့သည်။ 

1 comments:

Post a Comment

ပျံလွန်တော်မူသွားသော ဦးဇင်းလေးတစ်ပါးအကြောင်း



ပျံလွန်တော်မူသွားသော ဦးဇင်းလေးတစ်ပါးအကြောင်း
++++++++++++++++++++++++++++++++++

အရှင်ဓမ္မပီယ (ဓမ္မာစရိယ)
သက်တော် (၂၄)နှစ်
ဝါတော် (၄)၀ါ
ကလောင်အမည် – သကျသွေး

(၁၈.၉.၂၀၀၃ ခုနှစ်တွင် ပျံလွန်တော်မူသည်။)
-------------------------------

ကျောင်းဝန်းထောင့်ရှိ အုတ်ဂူဖြူဖြူလေးကို တွေ့လိုက်ရတော့ သူသည် ကြောက်လန့်စိတ် အလျဉ်းဖြစ်မသွားခဲ့ပါ။ တကယ်ဆို နေ၀င်ခါစ သည်အချိန်လေးသည် ကြောက်လန့်စိတ်ဖြစ်ဖို့ အကောင်းဆုံးဖြစ်သည်။

0 comments:

Post a Comment

"လစ်ဘရယ်ဝါဒ (Liberalism) နှင့် လစ်ဘရယ်သမိုင်းကြောင်း (အပိုင်း-၁)"


December 24, 2012 at 2:43am

(၁၂)ရာစုအကုန်ပိုင်းတွင် ကုန်သည်များသည် ဥရောပတလွှားဖြတ်သန်းသွားလာကာ ကုန်စည်ကူးသန်းကြ
သည်။ ၄င်းတို့စုဆုံသောနေရာဒေသများသည် စည်ကားသိုက်မြိုက်လာပြီး ကုန်ကူးသန်းရာအချက်အချာ
ကျသော မြို့များအဖြစ်ပေါ်ထွန်းလာခဲ့သည်။ ၄င်းမြို့များတွင်ပင် ကုန်သည်များနှင့် လက်မှုပညာသည်များ
က အခြေချနေထိုင်ခဲ့ကြသည်။ မြို့များမှာ ဈေးမြို့များအသွင်ရှိနေပြီး ထိုမြို့များကို ဘူဂ်(Bourg) ဟု ခေါ်တွင်ကြသည်။

1 comments:

Post a Comment

တစ်ခါတုန်းက တက္ကသိုလ်မှာ အပိုင်း၂၁

 Photo: တစ်ခါတုန်းက တက္ကသိုလ်မှာ အပိုင်း၂၁    

       ဟိုစပ်စပ် ဒီစပ်စပ် ပါလေရာငပိချက်လုပ်တတ်တဲ့ ကျွန်မဟာ မိတ်ဆွေပေါသလို ရန်သူလည်း မရှားပါဘူး။တစ်ရက်မှာတော့ မမျှော်လင့်တဲ့ ပြဿနာ တစ်ခုတက်ပါတယ်။ ရန်သူတွေက အင်အားအလုံးအရင်းနဲ့ အငိုက်ဖမ်း၊ ဝန်းရံပိတ်ဆို့ပြီးးးး ကျွန်မကို လက်နက်ချ အညံ့ခံခိုင်းပါတယ်။ပျော်ပျော်နေတတ်ပြီး အားနာသဘောကောင်းကာ တောင်းဆိုသမျှ လိုက်လျော တတ်တဲ့ ကျွန်မကို သူတို့က ငပေါကြီးလို့ ထင်နေကြပါတယ်။

             ဈာန်ဝင်စားမှုတွေ ပျက်ပြီးးးး ကျွန်မက  ကြောက်ရွံ့ထိတ်လန့် တုန်လှုပ် နေပေမယ့် မရဲသော်လည်း ပြေးခဲစေ ဆိုတဲ့ ဆိုရိုးကို လက်ကိုင်ပြုပြီးးး ရန်သူတွေ အလယ်က ဘာမထီတဲ့ သိုင်းလောကဥသျှောင် ရှောင်လင် ဆရာတော် ကဲ့သို့တည်ငြိမ် ချင်ယောင်ဆောင်နေလိုက်ပါတယ်။ ကျွန်မက သတိဝီရိယ အပြည့်နဲ့ စုဆောင်း သိမ်းဆည်းထားတဲ့ ရန်သူတစ်ယောက်ချင်း စီရဲ့ အားနည်းချက်တွေကို ပိုက်စိပ်တိုက် ပြန်လှန် စီစစ်ရင်း တက်သုတ်ရိုက်ကာ မဟာဗျူဟာချရပါတယ်။ 

             မဟာဗျုဟာရလာတော့ အသေးစိတ် စစ်ဆင်ရေးအတွက် နည်းဗျူဟာခွဲတွေ ထပ်ရေးဆွဲရပါတယ်။ ၉တန်းကျောင်းသူအရွယ်က ဖတ်ခဲ့တဲ့ မြန်မာ့ရိုးရာ သေနင်္ဂဗျူဟာထဲက ဂဠုန်တောင်ပံဖြန့် ရန်သူ့ခေါင်းဖြတ် ဗျူဟာကို အဓိက မဏ္ဍိုင်ထား ပါတယ်။ ဒီဗျူဟာက ရန်သူ့အလစ်အငိုက်ကို ဖမ်းပြီး အားနည်းချက်ကို ရုတ်တရက် ဝင်တိုက်ရတာပါ။မွန်သူရဲကောင်း မသံလုံ သုံးခဲ့ဖူးပါတယ်။ သူ့ရှင် ရာဇဓိရာဇ် အလိုရှိနေတဲ့ သံမောင် မြို့စားမဂြန် ဟာ ညဘက် သေရည်သောက်ရင်းစည်းဝေး ကျင်းပနေခိုက်အချိန်မှာ မသံလုံက ရန်သူ့ဦးခေါင်း လာဆက်သတဲ့ သူရဲအသွင် အယောင်ဆောင် ဝင်ရောက်ပြီး  ရဲမက်တွေရှေ့မှာပဲ မြို့စားမဂြန် ရဲ့ခေါင်းကို ရုတ်တရက် ဖြတ်ယူထွက်ပြေးခဲ့တာပါ။  

              ဒီဗျူဟာလေး တစ်ခုတည်းနဲ့ စစ်ဆင်ရေးကြီး လုပ်လို့တော့ မရပါဘူးးးး ဒါကအဖွင့်ဗျူဟာ သပ်သပ်ပါ။ဒီတော့ ဖတ်ခဲ့ဖူးတဲ့ ဆွန်ဇုရဲ့ စစ်ဗျူဟာတွေနဲ့ မြန်မာ့ စစ်ဗျူဟာတွေကို ရောသမ မွှေပါတယ်။ ရှေ့တန်းက ရန်သူတွေကို အာရုံအပြည့်ထားပြီး ရင်ဆိုင် နေချိန်မှာ ကျွန်မနောက်ကျောကို မျှားတစ်စင်း လာစိုက်ပါတယ်။ မျှားက နှလုံးသားကို ထုတ်ချင်း ဖောက်ထွက်ပြီး ရပ်တန့်နေပါတယ်။ ကျွန်မက ယုံကြည်အားကိုးရသော၊ချစ်မြတ်နိုး တွယ်တာရသော၊အသက်ထက်တန်ဖိုး ထားရပါသော မောင်...လို့ ခေါ်ရတဲ့ ချစ်သူဆီက ပစ်လွှတ်လိုက်တဲ့ မျှားပါ။

             အကုသိုလ်ဆိုတာ အကျိုးပေးချိန်တန်ရင် အစုလိုက်အပြုံလိုက် ရောက်လာကြတယ်ဆိုတဲ့ အဆိုအမိန့်ကို ပြေးသတိရမိပါတယ်။ ရှေ့ကိုရင်ဆိုင် ရမှာလားးးးး နောက်ကိုလှည့်ပြီး ဖြေရှင်းရမှာလားးးး??? ကျွန်မရဲ့ ရန်သူတွေ ဝမ်းသာမယ့် အလုပ်မျိုးကို ကျွန်မ ဘယ်တော့မှ မလုပ်ပါဘူး။ ငယ်ငယ်တုန်းက မင်းယုဝေ ရေးခဲ့တဲ့ ရုပ်ပြသမိုင်း ဇာတ်လမ်းလေးကို ပြေးသတိရမိပါတယ်.... ။ ဘုရင့်နောင် လက်ထက်တော်မှာ လင်ဇင်းနဲ့ စစ်တိုက်ကြတော့ ရှေ့တန်းကနေ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်နေတဲ့ အင်းဝဘုရင် သတိုးမင်းစောရဲ့ ပေါင်တော်ကို လှံရှည်တစ်ချောင်းက ထုတ်ချင်းဖောက် ဝင်ရောက်သွားပါတယ်။ ဆင်ဦးစီးက နောက်တော်ဆုတ်ပြီး ဆေးကုဖို့ ပြောပေမယ့် သတိုးမင်းစောက လှံရိုးကို သူ့လက်သုံးတော်ဓါးနဲ့ ဖြတ်ထုတ်ပြီး တိုက်ပွဲပြီးချိန်ထိ ဦးဆောင်တိုက်ပွဲဝင်ခဲ့ ပါတယ်။

              အခုလည်း ဒီထုံးကို နှလုံးမူပြီးးး မျှားရိုးကို လက်စွဲတော် သစ်သီးနွှာဓါးနဲ့ ဖြတ်ထုတ်ကာ "ငါ့ဘဝရဲ့ ဒီလောက်ခက်ခဲ ပင်ပမ်းပြီးးး အရေးကြီးဆုံးးးး အချိန်ကြီးမှာမှ ရွေးပြီးးး လုပ်ရက်သလားဟယ်....။ ငါအသက်ရှင်ရတာ ပင်ပန်းလိုက်တာ" လို့ပဲ ညည်းညူရင်းးး ရှေ့ဆက် ချီတက်ခဲ့ပါတယ်။ကျွန်မက တစ်ဘက်ကနေ အလုံးအရင်းနဲ့ တိုက်တော့မယ်လို့ အယောင်ပြပါတယ်။ တိုက်စည်တိုက်မောင်းသံတွေ ပေးပါတယ်။ရန်သူတွေက ကလေးကွက်လေးနဲ့ လာတိုက်တဲ့ ကျွန်မကို ငပေါလို့ထင်ပြီးးး ထောင်းလမောင်းကြေအောင် ခြေပစ်ဖို့ အင်ပြည့်အားပြည့်နဲ့ ပျော်ပျော်ကြီး စောင့်နေပါတယ်။ 

           ကျွန်မက ကျန်တစ်ဘက်ကနေ အသံတိတ်ဝင်ပြီးးး အားနည်းတဲ့ ရန်သူ့ခေါင်းတွေ တစ်လုံးပြီး တစ်လုံးကို  လျှပ်တပြက် တိုက်ခိုက်ရယူပါတယ်။ အဖွင့်ဗျူဟာ အောင်မြင်ချက်က ဝက်ဝက်ကွဲအောင် လှပါတယ်။ အဲ့အချိန်မှာ ရန်သူတွေရဲ့ ထိုးစစ်တွေ ရပ်တန့်ကုန်ပြီးးးး ဖရိုဖရဲနဲ့ စတင်ပြိုကွဲ ကုန်ပါတယ်။ သူတို့တွေရဲ့ စည်းလုံးမှုတွေ ပြိုကွဲကုန်သလို မာန်တက်မှုတွေ လွင့်စင်ကုန်ပြီးးးး ကျွန်မအပေါ် အထင်တသေး ပျက်ရယ်ပြုမှုတွေပါ ပျောက်ကွယ် ကုန်ပါတယ်။ သွေးရူးသွေးတန်းတွေလည်း ဖြစ်ကုန်ကြပါတယ်။ 

         အဖွင့်ရွှေ့ကွက်လေး လောက်နဲ့ ကျွန်မရဲ့ တစ်ဖက်သတ် အရှုံးတွေ ပြီးဆုံးသွားပါပြီ။အနည်းဆုံး လု-လု အခြေအနေတစ်ခု ဖြစ်ပေါ်အောင် ဖန်တီးလိုက်နိုင်ပြီဆိုတာ ကျွန်မသဘောပေါက်လိုက်ပါတယ်။ ဝင်း-ဝင်း အခြေအနေ ဖြစ်လာမလာကတော့ ကံစမ်းရတော့မှာပါ။ လက်ကျန်ဇာတ်လမ်း ကိုတော့ ဗျူဟာစုံ ထုတ်သုံးပြီး အလုံးအရင်းနဲ့ ချီတက် တိုက်ခိုက်ပါတယ်။ 
 
             ရှုံးနေတဲ့ အချိန်မှာ နာဇီဟန်းတား ဆိုတဲ့ ဂျူးသူရဲကောင်းရဲ့ စိတ်ဓါတ် ခံယူချက်တွေနဲ့ ခေါင်းမော့ ရင်ကော့ပြီးးး ကြံ့ကြံ့ခံခဲ့ သလို တိုက်ပွဲဝင်ချိန်မှာ မြန်မာသူရဲကောင်းတွေရဲ့ စိတ်ဓါတ်နဲ့ ဗျူဟာကို ဝင်စားခဲ့ပါတယ်။ အနိုင်ရချိန်မှာ မောက်မာဝံ့ကြွားမှု လုံးဝမရှိဘဲ စစ်ပြေငြိမ်းရေး စာချုပ်တစ်စောင်ကို လှလှပပ ချုပ်ဆိုပြီး လိုချင်တဲ့အရာကို တောင်းဆို အရယူနိုင်ခဲ့ပါတယ်။ သို့ပေမယ့်လည်း အကုသိုလ်အကျိုးပေးက ဒီတင်မပြီးသေးပါဘူးးး နောက်ကြောင်းလှည့် ဖြေရှင်းပြီးးး စိုက်ဝင်နေတဲ့ မျှားကို ဆွဲနှုတ်လိုက်တော့ အသည်းက ခွမ်းခနဲကွဲပြီးးးး လူကအိပ်ရာထဲ ၇ ရက်လောက် လဲသွားပါတယ်။ နောက်ဆက်တွဲ အပိုဆုလေးပါ အဆစ်ဝင်လာပြီးးးး ပါချုပ်ကိုယ်တိုင် သင်ကြားတဲ့ သူ မြတ်နိုးတန်ဖိုးထားလှ ပါသော ဘာသာရပ်ကြီးကို ခမ်းခမ်းနားနားနဲ့ C ထိပါတော့တယ်။ ပြီးရင် ဘာကိစ္စဖြစ်ဖြစ် ဆန်ရင်းနာနာဖွပ်တတ်တဲ့ ဖေဖေဆူသမျှ အပြစ်တင်သမျှ ခံရအုံးမယ်ဆိုတာလည်း သိနေပါတယ်။
  
             ဒါပေမယ့်…… "ငါ့သမီးက ဗလာဒီယာ ဖိုက်တင်တစ်ပွဲကို ကောင်းကောင်းဆင်နွှဲပြီး အနိုင်ယူ တတ်ခဲ့ပြီပေါ့....။ သမီးအရည်အချင်း ဘယ်လောက် ရှိလဲလို့ ဖေဖေက စောင့်ကြည့်နေတာ။ ဖေဖေ့သမီး မနိုင်ခဲ့ရင် ဖေဖေကိုယ်တိုင် ဝင်ဆုံးမပြီးးး သမီးရန်သူတွေရဲ့ မျက်ရည်နဲ့ ငါ့သမီးခြေကို ဆေးပေးမယ်လို့ ဆုံးဖြတ်ထားတာ။ ခုတော့  သမီးအစွမ်းအစနဲ့ ရင်ဆိုင်တိုက်ခဲ့တာ သိပ်ပြောင်မြှောက်တာပဲ" လို့ ချီးကျူးခဲ့ပါတယ်။အဲ့ဒီပွဲစဉ်တစ်လျှောက်မှာ ကျွန်မဘေးက မားမားရပ်ပြီးးး အဓိက စစ်ကူပေးခဲ့တဲ့ ညီမလေးနဲ့ ကေးးးး ကို အမြဲတမ်း ကျေးဇူးတင်နေပါတယ်။ 

           ဘဝမှာ…… "အမှား၊အမှန် ဆိုတာထက် လူတွေဟာ အနိုင်၊အရှုံးကိုပဲ ကြည့်ကြပြီး နိုင်တဲ့ဘက်က ဝင်ပြီး ဆွမ်းကြီး လောင်းကြပါတယ်။ အနိုင်ကို သား တော်ချင်တဲ့ အဖေတွေများ သလောက် အရှုံးကတော့ မိဘမဲ့ကလေး ဖြစ်တယ်…" ဆိုတဲ့ အသိတရား တစ်ခုကိုလည်း သင်္ခန်းစာကောင်းကောင်း ရခဲ့ပါတယ်။ ကျွန်မကို အရှုံးသမားဖြစ်ပြီ ထင်လို့ ဘက်ကူးပြီး ဆွမ်းကြီးလောင်းခဲ့ သူတွေထဲမှာ ကျွန်မက ချစ်ခင်တွယ်တာစွာ ပေါင်းသင်းခဲ့တဲ့ သူငယ်ချင်းမိတ်ဆွေတွေ ပါဝင်ခဲ့ပါတယ်။ ဒီတိုက်ပွဲမှာ ကျွန်မက ရက်စက်ကောင်း ရက်စက်ခဲ့မိပါလိမ့်မယ်။ ခန္တီ ဆိုတဲ့ သည်းခံခြင်းတရားမှာ ခေါင်းထိုးငုံ့ခံပြီး ဒူးထောက် အရှုံးပေးခြင်း ဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက် မပါဘူးလို့ဘဲ ကျွန်မယူဆပါတယ်။ ကျွန်မအနိုင် ရချိန်မှာတော့ လက်တုန့်ပြန် ဂလဲ့စားချေမှု၊အနိုင်ကျင့်မှု ဘာမှမလုပ်ဘဲ အရာအားလုံးကို ခွင့်လွှတ် သည်းခံပေးခဲ့ပါတယ်။

               C ကနေ B ဖြစ်ဖို့က C+နဲ့ B- ကို ဖြတ်ကျော်ဖို့ လိုအပ်ပါတယ်။ paper အနည်းဆုံး သုံးစောင်လောက် တင်ရတော့မှာပါ။ "ဘုရားးးး ဘုရားးးး ငါဒီတောင်ကို ကျော်နိုင်ပါ့မလားးးး???" ပါချုပ်ကို  paper တစ်စောင်လေး တင်ရတာကို မတင်နိုင်လို့ ဘွဲ့မရကြတဲ့သူတွေရဲ့ သမိုင်းက ကျွန်မရှေ့မှာ တစ်ထပ်ကြီး ရှိပါတယ်။ သွေးရူးသွေးတမ်းနဲ့ ကျွန်မက ဘာလုပ်ရမှန်း မသိလောက်အောင် ထူပူပြာတောက် နေခဲ့ ပါတယ်....။ အောင်မြင်မှုသရဖူ ဆောင်းထား သယောင်ယောင် မာန်တင်း ထားပေမယ့် နှလုံးသား ဒဏ်ရာက တဆတ်ဆတ်တုန်ခါပြီး နာကျင်အောင် နှိပ်စက်ညှင်းဆဲ နေသလို ဖိုတိုစတမ်းထဲ ကနေလှမ်းပြီး ပြုံးရွှင်ရယ်မောပြ နေတဲ့ ချစ်သူရဲ့ ဓါတ်ပုံကိုမြင်တိုင်းလည်း ရင်တွေအသဲတွေပူပြီး မျက်ရည်ကျရပါတယ်။ မေတ္တာဆိုတာ တကယ် စူးရောက်တယ်ဆိုရင် ကျွန်မမေတ္တာတွေ ချစ်သူကို မစူးပါစေနဲ့လို့ပဲ ဆုတောင်းမိပါတယ်။ သူရွေးချယ်လိုက်တဲ့ ဘဝလေးမှာ သူပျော်ပါစေ လို့ပဲ စိတ်ရင်းအမှန်နဲ့ ဆန္ဒပြုရင်းးး မိုင်းဒီပရက်ရှင် ကို တစ်ယာက်ထဲ ခါးစည်း ခံနေခဲ့ပါတယ်။

            "ကျွန်မရဲ့ စာတမ်းကြီးးးးး!!!! အဲ့ဒါကြီးကို ဘယ်လိုလုပ် ရမှာလဲ???" ခေါင်းအေးအေး ထားပြီးးး စိတ်ငြိမ်ငြိမ်နဲ့ စဉ်းစားလိုက်တော့ ကျွန်မဟာ အချိန်အခါအရ နေမင်းကြီးနဲ့ လွဲသွားပြီဆိုတဲ့ အဖြစ်မှန်ကို မြင်တွေ့လိုက်ပါတယ်။  ဒါဆိုရင် ကြယ်ပွင့်ငယ်တွေနဲ့ရော ထပ်ပြီးးး အလွဲခံအုံးမလားးးလို့ ကိုယ့်ကိုယ်ကို မေးခွန်းထုတ် မိပါတော့တယ်။ (နေမင်းနဲ့ လွဲရသည့်အတွက် သင်ငိုနေလျှင် ကြယ်ပွင့်ငယ်တို့နှင့်လည်း သင်လွဲရလတ္တံ့။ ရာဘင်ဒြာနတ်တဂိုးးးး။)   
မရေရာတဲ့ စိတ်ကူးယဉ် အပိုင်းအစတွေကို ဟိုနားတစ်စ ဒီနားတစ်စ ဆွဲထုတ်ပြီး ကိုယ်ပိုင်သီအိုရီကြီးယောင်ယောင် လုပ်ပြီး သူများသီအိုရီတွေပါ ရောဆွဲထည့် ကိုးကားပြီး အူကြောင်ကြား စာတမ်းကြီးတင်ဖို့ ရူးတိမူးကြောင် အိပ်မက်ကနေ ကိုယ့်ကိုယ်ကို လှုပ်နှိုးလိုက် ပါတော့တယ်။ ငွေကြယ်ပွင့်တွေနဲ့ ထပ်မံ အလွဲမခံတော့သလို ဒီအချိန်မှာ ဘွဲ့ရဖို့သာလျှင် အဓိကဖြစ်တော့တယ်လို့ပဲ ကျွန်မ ဆုံးဖြတ်ခဲ့ပါတယ်။ 

              နပိုလီယံက ဝါတာလူးစစ်ပွဲမှာ သူ့စစ်သည် တွေကို နေရာချထားမှု၊ အမြှောက်တပ်တွေ နေရာယူတပ်စွဲမှုတွေ လုပ်ပေမယ့် အချိန်က မမီတော့ပါဘူးးးး ဒီတော့ ကောင်းကင်ကို ကြည့်ပြီးးး "ဒီနေမင်းကြီးကို အချိန်တစ်နာရီလောက် ဆွဲထားပေးနိုင်ရင် ငါ့ရှိသမျှ စည်းစိမ် ပုံပေးလိုက်ပါရဲ့ " လို့ ရေရွတ်ပါသတဲ့။ ဒီစကား ကြားသိရစဉ်ကတော့ အချိန်တွေ အလွန်ပေါနေတဲ့ ဘိရုမာလေးပီပီ သိပ်နားမလည်လှပါဘူးးးး အခုတော့ သူ့ဆိုလိုရင်းကို ရင်နဲ့အမျှ နားလည်သဘောပေါက် လိုက်မိပါတော့တယ်။ သူများတွေ စာတမ်းတစ်စောင်ရေးဖို့ ရတဲ့အချိန်ကို ကျွန်မက စာတမ်း၎စောင်စာ ရေးရတော့မှာပါ။ 

             အရပ်ကူပါ၊လူဝိုင်းပါနဲ့ ညီမလေးနဲ့ ကေးကိုပဲ နှိပ်စက်ရပါတော့တယ်။ မန္တလေးက အင်တာနက်လိုင်းက ဒီမှာထက်စာရင် နည်းနည်းတော့ ပိုကောင်းတာပေါ့။ ပို့ပေးလိုက်တဲ့ခေါင်းစဉ် ရိုက်ထဲ့၊ထွက်လာသမျှဖိုင်တွေ ဒေါင်းလော့ယူပြီး မေးလ်ထဲပို့...။ အဲ့စာတွေဖတ်ပြီး ပယ်သင့်တာတွေပယ်၊ ရွေးသင့်တာတွေရေး၊ အခန်းတွေခွဲ၊ ဆရာကြီးအားမယ့်အချိန်တွေမှာ သွားတွေ့။ဆြာဂျီးက... သူ့ရှေ့မှာ အသံထွက်ပြီးဖတ်ပြခိုင်းးးး ငပိအသံထွက်တွေ ချက်ခြင်းပြင်ဆိုပြီး သူ့အသံထွက်အတိုင်း လိုက်ဆိုခိုင်းးးး သူသဘောမကျတဲ့ အပိုဒ်တွေ ဖြုတ်ခိုင်းးး တိုးပြီးထပ်ထည့်စေချင်တဲ့ အိုင်ဒီယာတွေပေးးးး အဲ့အိုင်ဒီယာတွေအတိုင်း ရနိုင်မနိုင် မရွှေချောနှစ်ယောက်နှင့် လှမ်းတိုင်ပင်... ပြန်ရှာပြီးဖြည့်ဆည်းးး

             ဆြာဂျီးမအားတဲ့ အချိန်တွေမှာ စူပါဗိုက်စာနဲ့ ပြေးတွေ့။ စာတမ်းအတွက် ခေါင်းစဉ် စဉ်းစား၊ ဒေတာတွေ တစ်ထပ်ကြီးထုတ်ယူ။ ဒေတာပြည့်စုံရင် စာတမ်း တစ်စောင်ရေးလို့ ရနေမှန်း သိနေမှတော့ ဒေတာမရနိုင်တဲ့ ပြည်တွင်းဖြစ်ခေါင်းစဉ်အသေးအမွှားတွေကို စိတ်ကူးထဲကို မထည့်တော့ဘူးးး။  လိုချင်သမျှဒေတာ အမှန်တွေ ဖွင့်ပြထားတဲ့ နိုင်ငံတကာ အဆင့်က ခေါင်းစဉ်ကြီးတွေပဲ လုပ်တော့မယ် ဟီးးးး။ ဘာစတတ်နဲ့မှ တွက်စရာ မလိုအောင် ဒေတာအစုံ၊ စတတ်တွေ တွက်ချက်ပေးပြီးတဲ့ နှစ်အလိုက် စာရင်းအင်းတွေ တစ်ပုံကြီးက အင်တာနက်အပေါ်မှာ ပွဲတော်စာကြီးသဖွယ် ပါပဲ။ 

               ပါချုပ်က ရစ်တယ်လို့ နာမည်ကြီးပါတယ်။ ဒါပေမယ့် ကျွန်မကိုယ်တိုင် ပါချုပ်နဲ့ ထိပ်တိုက်တွေ့တဲ့အခါမှာ ဆြာကြီးက ရစ်တာမဟုတ်ဘဲ ပညာကုန်ပေးဖို့ ကြိုးစားပြီး ကျောင်းသားရဲ့ လက်ခံနိုင်စွမ်းကို ချဲ့ထွင်ပေးနေတယ်ဆိုတာ သိလာပါတယ်။ သူ့ရဲ့ပညာပြည့်ဝမှုက သူ့တပည့်တွေရဲ့ မပြည့်ဝမှုနဲ့ တွေ့တဲ့အခါမှာ ရစ်တယ်လို့ နာမည်တွင်သွားတာပါ။ ကျွန်မကတော့ ဆြာကြီးပေးသမျှ ပညာကို ယူမယ်လို့ ဆုံးဖြတ်သလို ဆြာကြီးနဲ့ တွေ့ရမှာလည်း လုံးဝမကြောက်ခဲ့ပါဘူး။ စာတမ်းကို အကြိမ်ကြိမ် ပြင်ပြီးလို့ ဆြာကြီး စိတ်တိုင်းကျသွားတဲ့ အခါမှာ ကျွန်မက ဒီစာတမ်းထဲက စာလုံးတစ်လုံးစီကို အနက်အဓိပ္ပါယ် တိတိကျကျ ဖွင့်ဆိုရှင်းပြရမယ် ဆိုပြီး ရက်ချိန်းပေးပါတယ်။ ကျွန်မမှာ စကားလုံးတစ်လုံးစီကို အနက်ဖွင့်ဆိုဖို့ အဘိဓါန်စာအုပ်ပေါင်း သောင်းခြောက်ထောင်ကို မွှေရပါတော့တယ်။ 

          ရက်ချိန်းစေ့တော့ ဆြာကြီးက ဟိုနားနည်းနည်း ပြောခိုင်း ဒီနားနည်းနည်း ပြောခိုင်းပြီးတဲ့နောက်မှာ "တော်တော့ ရပြီ နေထက်ထက်အောင်၊ ငါလည်း ဒီအဓိပ္ပါယ်တွေ ကိုယ့်ဟာကို နားလည်တယ်။အဲ့တော့ ညည်းက ဒီအခန်းတွေကို သူ့အခန်းနဲ့သူ လိုက်ဖက်တဲ့ ပြင်ပက ကေ့စ်စတာဒီတွေနဲ့ ယှဉ်ပြီး ရှင်းပြရမယ်" ဆိုပြီး နောက်တစ်ပါတ် ပြန်ချိန်းပါတယ်။ ကျွန်မလည်း ခုကြမှ ကြောက်စိတ်ဝင်မိတော့တာပါပဲ။ စိတ်ညစ်ညစ်နဲ့ အဆောင်လည်း မပြန်ချင်၊ မြို့ထဲထိသွားဖို့ကလည်း ဝေးးး အဖော်ကလည်း မရှိဆိုတော့... သပြေဝက ရွှန်းလဲ့အောင် စာအုပ် အငှားဆိုင်ဆီကို ထွက်သွားပြီးးးး ဝတ္ထုဖတ်ဖို့ ကြိုးစားပါတယ်။ အဲ့ဒီစာအုပ်ဆိုင်လေးက ဘာသာပြန်ဝတ္ထု တွေနှင့် စာကောင်းပေမွန်တွေ အတော်စုံလင်ပါတယ်။ ဟိုကြည့်ဒီကြည့်နဲ့ ဆရာမောင်ထွန်းသူ ဘာသာပြန်တဲ့ ရဲတိုက် ဆိုတဲ့ဝတ္ထုကြီးကို ငှားလာခဲ့ပါတယ်။

     ဆက်လက်ဖော်ပြပါမည်
            နေထက်ထက်အောင်

ဟိုစပ်စပ် ဒီစပ်စပ် ပါလေရာငပိချက်လုပ်တတ်တဲ့ ကျွန်မဟာ မိတ်ဆွေပေါသလို ရန်သူလည်း မရှားပါဘူး။တစ်ရက်မှာတော့ မမျှော်လင့်တဲ့ ပြဿနာ တစ်ခုတက်ပါတယ်။ ရန်သူတွေက အင်အားအလုံးအရင်းနဲ့ အငိုက်ဖမ်း၊ ဝန်းရံပိတ်ဆို့ပြီးးးး ကျွန်မကို လက်နက်ချ အညံ့ခံခိုင်းပါတယ်။ပျော်ပျော်နေတတ်ပြီး အားနာသဘောကောင်းကာ တောင်းဆိုသမျှ လိုက်လျော တတ်တဲ့ ကျွန်မကို သူတို့က ငပေါကြီးလို့ ထင်နေကြပါတယ်။

0 comments:

Post a Comment

ကျွန်တော့ဘဝရဲ့ လမ်းညွှန် ဆရာများ ...


ကျွန်တော့်ဘဝမှာ အမြဲသတိရ နေတတ်တဲ့ ဆရာ ၄ ယောက်ရဲ့ စကားရှိတယ် ။

ပထမတစ်ယောက်ကတော့ သူငယ်တန်းကနေ ၄ တန်းထိ သင်ရတဲ့ သချာင်္ဆရာ ။
ကျွန်တော် က ဗရိုက် မဖြစ်ဘူး ။ သူငယ်တန်းကနေ ၃ တန်းထိ ကျွန်တော်သချာင်္ မှားတိုင်း သူခေါ် တဲ့ နာမည်ရှိတယ် ။ "ချာတူး" တဲ့ ။ တစ်ရက်တော့ သချာင်္ တစ်ပုဒ်တွက်တယ် ။ မှတ်မှတ်ရရ ကျွန်တော် ၁၃ ခါ တိတိ မှားတယ် ။ မှားတိုင်း လက်ဝါးဖြန့်ပြီး အရိုက်ခံရတယ် ။ နောက်တော့ ဆရာ က ရိုက်ရတာ အားနာလာတယ်ထင်တယ် ။ တပည့် ... "ဓားတိုရင် ရှေ့တိုးခုတ်ရတယ်ကွ" တဲ့ ။

0 comments:

Post a Comment

Followers