"မောင်ဖိုးချိုနှင့် ထမင်းတစ်အိုး"

Yekkha Ye Jee's photo.
. . . ကြီးဒေါ်မြတစ်ယောက် မောင်ဖိုးချိုတို့ အိမ်သို့ရောက်နေသည်မှာ တစ်ပတ်မျှကြာပြီ။ ဆေးခန်းပြအပြီး ဆရာဝန်က မပြန်ရဆိုသဖြင့် ကွမ်းခြံကုန်းသို့ မပြန်နိုင်ရှာ။ . . မဟာရန်ကုန်၏ ကားကျပ်မှုဒဏ်ကို မခံဝံ့သည်နှင့် ဘုရားစုံလည်း မဖူးနိုင် ၊ အိမ်တွင်သာ မှိုင်နေရရှာ၏။ ရုပ်သံလိုင်းများဖွင့်ကာ နေ့ည ပြရလေသည်။

. . . နှစ်ရက်မျှကြာသော် ကြီးဒေါ်လည်း မြန်မာကားပုံပေါက်လာလေတော့၏။ "ဟော ငါ့တူကြီးတောင် အပြင်ကပြန်လာပြီ" ဟုဆိုရာ မောင်ဖိုးချိုလည်း ဘေးဘယ်ညာ လိုက်၍ရှာရ၏။ ပြီးမှ မိမိကိုဆိုမှန်းရိပ်မိပြီး သက်ပြင်းကိုချတော့သည်။ ထမင်းစားသော် စားနေကျ ဇလုံကို မတွေ့ရသည်နှင့် ရှာရ၏။
"ဇလုံမရှိတော့ဘူး ၊ ခွေးစာခွက်လုပ်လိုက်ပြီ ၊ ထမင်းစားတာ ဇွန်း ခက်ရင်းနဲ့ အဆင့်အတန်းရှိရှိစားစမ်းပါ။ နင့်မိဘတွေ တတ်နိုင်သားနဲ့" .. ဟု ဆို၏။
. . . မောင်ဖိုးချိုလည်း ဦးခေါင်းကို ကုတ်ရ၏။ အာနိုး စားနေသော မိမိ၏ ဇလုံကလေးကို နှမြောစွာကြည့်၏။ အိမ်ထမင်း အိမ်ဟင်းကို ဇလုံကလေးနှင့်သာ နယ်ဖတ်စားကျင့်ရှိနေသဖြင့် စားရ အားမရလှပေ။ ခွေးထံမှ ပြန်လုရန်လည်း မကောင်းချေ။
"ဟိုမှာတွေ့လား မင်းသားနဲ့ သူ့အမေနဲ့ စားနေတဲ့ ထမင်းဝိုင်း ၊ ကြည့်စမ်း ၊ ဘယ်လောက်အဆင့်မြင့်သလဲ ၊ မင်းသားဆိုတာ ဘယ်တော့မှ လက်နဲ့မစားရဘူး .. တွေ့လား" .. တီဗွီစက်ကို လက်ညှိုးထိုးကာ ဆိုလေ၏။
"အာ .. ကြီးမေ ကလည်း ၊ ကျွန်တော်က မင်းသားမှ မဟုတ်တာ ၊ ကိုယ့်အိမ်မှာကိုယ် ဇလုံကလေးနဲ့ပဲစားချင်တယ်ဗျာ"
"တော် .. လူဆိုတာ ကိုယ့်အဆင့် ကိုယ်မြှင့်ရတယ် ၊ ဒီလိုဟာတွေကို အတုယူရမယ်"
. . . ကြီးဒေါ်၏ 'မြန်မာကားဆန်ခြင်း' ကိစ္စ ရပ်တန်းမှရပ်စေရန် တီဗွီလိုင်းများကို ပြောင်းရတော့သည်။ နိုင်ငံခြား ရုပ်သံလိုင်းများကို ဖွင့်သည်။ သိုးဆောင်းလုံမငယ်က ရေကူးဝတ်စုံဝတ်ပြီး အပေါ်အောက် အသားဆိုင်များကို လှုပ်ခါကာ ဒိုးဒိုးဒွန့်ဒွန့်လုပ်ပြလေသည်။ ကြွက်သားအမြှောင်းမြှောင်းထနေသော အဝတ်ဗလာနှင့် နီဂရိုးလုလင်အား တကိုယ်လုံးပွတ်သပ်ပြ၏။ အားမရသေး ၊ လျှာနှင့်လျက်ပြန်၏။
"အဲဒါ ဘာတုန်း"
"သီချင်းဆိုတာ"
"ဘာရယ် ... ဒါ ... ဒီဥစ္စာ က ... သီချင်းဆိုတာ"
"အင်း" .. အခြေမဟန်ကြောင်း ရိပ်မိသည်နှင့် လိုင်းကို ပြောင်းပြန်၏။ ကိုရီးယား တေးသံသာလိုင်းကလေးကိုတွေ့ရ၏။
"ဒါကိုကြည့် .. ကိုရီးယား ဆိုတော့ ကျွန်တော်တို့လိုပဲ ၊ အရှေ့တိုင်း ဆိုတော့ .. တော့ .. "
မျက်ပေါက်မှေးမှေးနှင့် အထီးအမ လိင်မကွဲပြားလှသော သူကောင်းသားက တီဗွီထဲမှနေ၍ သူ့ဘောကို သူကိုင်ရင်း ခါးကိုကော့ကော့ပြတော့သည်။
"ဟယ် .. ဘယ့်နဲ့ အကတွေတုန်း"
ကြီးဒေါ်မှာ ရင်သပ်ရှုမောဖြစ်တော့သည်။ မျက်တောင်မခတ်ပေ။ သူကောင့်သားက ကော့ပြပြန်သည်။ မှေးသောမျက်လုံးနှင့် မျက်စပစ်၏။ လက်နှင့်ယပ်ကာ ခေါ်၏။
"အလိုလေးလေး ..."
မဖြစ်ချေ။ ကြီးဒေါ်ပါ တီဗွီထဲရောက်မသွားမီ လိုင်းကိုချိန်းရပြန်၏။
"ဘယ့်နှယ် မင်းသားတွေပါလိမ့်အေ . . ငတို့ခေတ်မင်းသားတွေနဲ့များ ဆီနဲ့ရေပါပဲ"
"ဘယ်သူနဲ့လဲ . . ဝင်းဦးလား . . "
"ဝင်းဦးမှ မဟုတ်ဘူး အားလုံးပဲ ၊ တို့ခေတ်က မင်းသားဆိုတာ ကျားကျားလျားလျား ယောက်ျားဘသား ဆိုတဲ့အထဲကချည်းပဲ"
"မှောင်တို့ မှောင် တို့ ချယ် ရီ မြေ . . အင်းအင် အင်အင့်အင် . . ဒါမျိုးလား . . နှုတ်ခမ်းမပွင့်တပွင့်ကလေးလေ"
"အောင်မယ် . . အဲဒီ မပွင့်တဲ့နှုတ်ခမ်းနဲ့ ဆိုသွားတာ ဘယ်လောက်ပီ သလဲ ၊ ဘယ်လောက်ကြည်သလဲ ၊ အသံအနိမ့်အမြင့် ဘယ်လောက်မှန်သလဲ . . နင်တို့ ဒီခေတ်အကောင်တွေလို နှာသံနဲ့ အောက်သံကြီးနဲ့ အော်နေတာ တစ်ခါမပါဖူးဘူး"
"အဲ့ ဟုတ်ပါပြီ တဲ့ . . တိုက်ပုံလေးကို ပုခုံးပေါ်တင်ပြီးတော့ ဒါမျိုးလေးလား . . လို့ ထွေးညိုရယ်တဲ့ အဲ့"
"လာမအဲ့နဲ့ . . အဲ့ တော့ ဘာဖြစ်သတုန်း ငတို့တွံတေးကြီးက နင်တို့လို မတော်တာကိုင်ပြီးကော့ပြဘူးသလား . .။ ဘယ့်နှယ်ခေတ်များပါလိမ့် . . မိန်းမတွေက ရည်းစားစကားပြောရသတဲ့ . . မယားကြီးငုတ်တုတ်ရှိတဲ့ လူမှကြိုက်ရသတဲ့ . . ဘုရားသွား ကျောင်းတက်ဝတ်တဲ့ အဝတ်က ပေါင်ရင်းပေါ်တဲ့ ဘောင်းဘီတိုတဲ့ . . ရုပ်ရှင်ကားနာမည်က 'ကြီးရှည်ကြာ'တဲ့ . . ဘယ်လိုအဆင့်တွေများ အနုပညာသမားဖြစ်နေကြသလဲ မဆိုနိုင်ပေါင်"
" 'မာကြီးရှည်' ပါ . .။ ကြီးမေက အဲဒါတွေပြောပြီး . . မြန်မာမင်းသားက ဇွန်းခက်ရင်းနဲ့စားတာကျ ကြိုက်သလား ၊ ပုဆိုးတစ်ခါမှ မဝတ်တတ်တာမျိုးကျ ကြိုက်သလား"
"အဲဒါတွေက အဆင့်အတန်းမြင့်တာလေ . . ဒါမျိုးကျ အတုယူရမှာပေါ့"
"မဟုတ်သေးပါဘူး . . ပုဆိုးဝတ်တာ ၊ လက်နဲ့ထမင်းစားတာ အဆင့်အတန်းနိမ့်သတဲ့လား"
"အဆင့်အတန်းနိမ့်လာတာက နင်တို့မျိုးဆက်တစ်ခုလုံး . . လူကြီး လေးစားရကောင်းမှန်းမသိ ၊ ဘုရား ရိုသေရကောင်းမှန်းမသိ ၊ အပြောအဆို အပြုအမူတွေများ ရိုင်းလိုက်ကြစမ်း ဆိုတာ ၊ 'စောက်' ဆိုတဲ့ စကားကို ထမင်းစားရေသောက် ပြောကြတာ .. ပြောကြတာ ၊ ဖအေ မအေ ရှေ့တောင်ပြောကြတယ်"
"ဒါက ခေတ်ကာလအရ အချိန်တွေပြောင်းသွားလို့ပါ ကြီးမေရ . . 'စောက်မြင်ကတ်တယ်' ၊ 'စောက်ရမ်းလန်းတယ်' ဆိုတာ ရိုင်းတဲ့သဘောနဲ့ ကျွန်တော်တို့ပြောတာ မဟုတ်ပါဘူး"
"အောင်မလေးဟဲ့ . . မြန်မာစကားမှာ 'စောက်'နဲ့ ကိုင်တုပ်တာမှ မရိုင်းရင် ဘယ်ဟာရိုင်းမတုန်း . . ဘာမှလည်း သေချာမသိ ၊ ပညာဗဟုသုတကလည်း နုံပြီးရင်းနုံ"
"လျှောက်ပြောနေတယ် . . ပညာဗဟုသုတ မနုံပါဘူး . . ကဲ . . အခု တီဗွီလိုင်း ကြီးမေပြောင်းတတ်လို့လား ၊ ကျွန်တော့်ဖုန်း ကြီးမေသုံးတတ်လား ၊ အင်္ဂလိပ်ကားတွေ ကြီးမေဖြင့်နားမလည်ပဲနဲ့ . . ကဲ ကွန်ပြူတာ ဆိုတာဘာလဲ သိလား"
"ဟေ့ . . ဒါတွေက ကာလပေါ်တွေမို့ ငါတို့မသိတာ . . အလကား အပေါ်ယံတွေ . . တကယ့် လူ့ဘဝရဲ့လိုအပ်တဲ့ ပညာဗဟုသုတဆိုတာ ဒါတွေကို ခေါ်တာမဟုတ်ဘူး"
"ဖြောက်"
"အာ . . မီးပြတ်ပြီ . . အေးတာပဲကြီးမေ . . ဘာမှမကြည့်နဲ့တော့ . . ပုတီးသွားစိပ်ချည်"
"ဟဲ့ . . မအေးဘူး . . ငါ ထမင်းမချက်ရသေးဘူး . . ငါစားဖို့မရှိဘူးဟဲ့ . . ဒုက္ခပဲ"
. . . ကြီးဒေါ်မြမှာ ဆီးချိုရောဂါရှိသဖြင့် မောင်ဖိုးချိုတို့စားသော ထမင်းကို စား၍မရရှာ။ သူ့ထမင်းကို သူ့ဘာသာ ရေငှဲ့ပြီးချက်စားရရှာ၏။
"ဆိုင်က ဝယ်လို့မရဘူးလား"
"ဘယ်ရမလဲ . . သူတို့ကလည်း လျှပ်စစ်ပေါင်းအိုးနဲ့ ရေခန်းချက်ကြတာပဲများတယ် . . မီးကလည်း ခုတလော ခဏခဏပြတ်နေတာပဲ . . "
"ဒန်အိုးကြီးနဲ့ ချက်မလို့လား"
"အေးပေါ့ . . မီးသွေးဖိုနဲ့ ချက်ရမှာပေါ့ . ."
"မီးလာတော့ ကြီးမေက ဘယ့်နှယ်ချက်သလဲ"
"ကိုယ့်ဘာသာ ဆန်အနူးကိုချိန်ပြီး ရေငှဲ့ပေးလိုက်ရတာပေါ့ . . ဒါတွေကို ပြောတာလေ . . နင်တို့ဘာမှ မတတ်ပါဘူးလို့ . . ပညာဗဟုသုတဆိုတာ ဒါပေါ့ . . ကိုယ်စားမယ့်ထမင်း ကိုယ်မချက်တတ်ပဲနဲ့ ဖုန်းကိုင်တတ်လို့ဘာလုပ်ရမှာတုန်း . . ကွန်ပြူတာကြည့်တတ်လို့ဘာလုပ်ရမှာတုန်း"
"အာ . . ကျွန်တော် ထမင်းချက်တတ်ပါတယ် ကြီးမေရ"
"ကဲ ဒါဖြင့် ချက်စမ်း . . ငါ့ဖို့ ရေငှဲ့လေး တစ်ဘူးချက် . . လုပ်"
. . . မောင်ဖိုးချို ခေါင်းကုပ်၏။ ကိုယ့်စကားနှင့်ကိုယ်မို့ မငြင်းသာပြီ။ အောက်ကျနောက်ကျလည်း မခံလိုလှသည်နှင့် ထမင်းတစ်အိုးကို ချက်ပြရန်ဆုံးဖြတ်လေသည်။
. . . မီးဖိုချောင်သို့ ဝင်၏။ မီးသွေးမီးဖိုကြီးကို ရှာရ၏။ တွေ့ပြီ . . အလွန်လေးသော မီးဖိုကြီးဖြစ်လေသည်။ မီးဖိုကြီးကိုရွှေ့ပြီးသော် ချွေးထွက်သည်နှင့် ရေသောက်ကာ ခဏနားရရှာ၏။ . . . မီးသွေးကား ဘယ်ဆီမှာမသိရချေ။
"ကြီးမေရေ . . မီးသွေးအိတ်က ဘယ်နား . ."
"ထောင့်မှာ . . ဆန်ပုံးနားက ထောင့်လေးထဲမှာ ရှာကြည့်"
မီးသွေးခဲများက ကြီးလှသည်၊ မီးဖိုနှင့် မဆန့်ပေ။ မီးသွေးခဲကြီးများကိုခွဲရန် ဓားမကိုရှာရပြန်ချေပြီ။
. . . မီးသွေးများ နေရာကျသော် လူလည်းချွေးပျံလှပြီ။ ရပြီ . . မီးမွှေးတော့မည်။ မီးမွှေးရန် လောင်စာကား အဘယ်နည်း . . ခက်ချေပြီ။
"ကြီးမေရေ . . မီးမွှေးတာ ဘာနဲ့မွှေးတာလဲ"
"အောင်မယ်လေးဟဲ့ . . ငါ့ဘာသာပဲ လာချက်လိုက်တော့မယ် . . တကတည်း"
"တော်တော့ တော်တော့ ရပြီ နေ နေ"
. . . နှယ်နှယ်ဖိုးချို ဟု အထင်မခံနိုင်။ ရအောင်သာ ကြံတော့မည်။ ကားထဲမှ ဓာတ်ဆီကို စုပ်ယူကာ မီးသွေးများပေါ်သို့ ဖြန်းချ၏။ စက္ကူစုတ်ကို ဓာတ်ဆီဆွတ်ပြီး မီးရှို့ကာ မီးဖိုထဲသို့ ပစ်ထည့်၏။ ဟုန်းခနဲတောက်သော မီးတောက်က မျက်နှာသို့ဟပ်လေသည်။ မျက်တောင်မွှေး ၊ မျက်ခုံမွှေးတချို့ ပါသွား၏။ မည်သို့ဖြစ်စေ မီးသွေးမီးဖိုကြီးကို အောင်မြင်စွာ မီးမွှေးနိုင်ပြီဖြစ်၍ မျက်တောင်မွှေးများကို မောင်ဖိုးချို မနှမြောချေ။
. . . ဆန်ကို ရေဆေး၏။ လွယ်လှပေသည်။ ရေမည်မျှထည့်တည်ရမည်မှာကား မလွယ်တော့ပေ။ မောင်ဖိုးချို စဉ်းစား၏။ အမေ ထမင်းချက်လျှင် လက်ညှိုးလေး ရေထဲထိုးထိုးကြည့်တာ တွေ့ဘူးသည်။ ထိုးကြည့်၏။ ရေထဲမြုပ်သွားသော ကိုယ့်လက်ညှိုးကိုသာ တွေ့ရလေသည်။ ခက်ပြန်ပြီ။
. . . ဟုတ်ပြီ .. ယခု ရေငှဲ့ချက်ရမည့်ထမင်း မဟုတ်လော။ ရေမည်မျှထည့်ထည့် ပြန်သွန်ပစ်ရမည်သာ မဟုတ်လော။ အများကြီးထည့်လျှင် အကြာကြီးသွန်ရမည် ၊ လက်ညောင်းမည် မဟုတ်လော။ ရေကို နည်းနည်းသာထည့်ကာ မီးဖိုပေါ်သို့တင်လိုက်၏။ မိမိကိုယ်ကို ဖြတ်ထိုးဥာဏ် ဤမျှကောင်းကြောင်း စောစောက မသိခဲ့သည်မှာ နာပေစွ။
. . . ပေပွသော ကိုယ်ကိုကြည့်မိ၏။ ညဏ်ကောင်းလှသော ဖိုးချိုနှင့် လားလားမျှမလျော် ၊ ရေချိုးမှတော်တော့မည်။ ရေချိုးခန်းသို့ ဝင်လေသတည်း။
. . . ရေချိုးခန်းမှထွက်သော် တူးခြစ်ခြစ်အနံ့ကို ရလေသည်။ ထမင်းအိုးသို့ ပြေးရပြန်၏။ လက်နှီးမပါပဲ မေ့ကာ ကိုင်သဖြင့် တကျွတ်ကျွတ်စုပ်သတ်ရင်း လက်ကိုပါးစပ်တွင် ငုံရရှာသည်။ ဘယ်ကညှော်နံပါလိမ့်မလဲဟု ရှာ၏။ မတွေ့သော် ရေထပ်ထည့်လိုက်လေသည်။
. . . ရေငှဲ့ရန် ပြင်ပြီ။ ငှဲ့သင့် မငှဲ့သင့် ချင့်ချိန်ရ၏။ မျက်မှောင်ကိုကုတ် ၊ မျက်လုံးကိုမှေးကာ စိန်ပွဲစားစိန်ကြည့်သကဲ့သို့ ထမင်းစေ့များကို တစ်စေ့စီ ကြည့်ရှုလေ့လာ စိတ်ဖြာလေသည်။ အချို့က နူးပြီး ၊ အချို့က မနူး ၊ အချို့က ပြဲချင်ချင် ဖြစ်နေကြောင်းကောင်းစွာ ရှာဖွေတွေ့ရှိလေတော့သည်။ စိတ်ပျက်စွာနှင့် ရေကိုငှဲ့၏။ မိမိ၏ ထမင်းကား စားကောင်းမည့်ထမင်းမဟုတ်နိုင်ကြောင်း သေချာလေပြီ။ စား၍သာမကောင်းရမည် ၊ လှောင်၍မူ အင်မတန်ကောင်းမည့် ထမင်းဖြစ်လေသည်။
. . . ဥာဏ်ကောင်းသော ဖိုးချိုကား ကြီးဒေါ်၏ အလှောင်ခံရရန် ထိုက်တန်ပါမည်လား။ လားလားမျှမထိုက်တန်ချေ။
ထမင်းအိုးကိုချကာ ၅၀၀တန်တစ်ရွက်ယူလျက် နောက်ဖေးပေါက်မှ တိတ်တိတ်ထွက်ပြီး လမ်းထိပ် ဒေါ်ပုမ ထမင်းဆိုင်သို့ ပြေးလေသတည်း။
"ထမင်းရည်ငှဲ့ချက်တဲ့ ထမင်းလိုချင်တယ်ဗျာ . . ချက်ပေးမလား . . ဘယ်လောက်စောင့်ရမလဲ"
"ဒီထမင်းတွေက ရေငှဲ့ချက်တာပဲလေ . . ရေခန်းမဟုတ်ဘူး"
"ဟုတ်လို့လား . . ပေါင်းအိုးနဲ့ချက်တာမှုတ်ဘူးလား"
"ပေါင်းအိုးနဲ့ချက်လည်း ရေငှဲ့တာပဲ . . ရေခန်းချက်ရင် ထမင်းမလှဘူးလေ"
"အတော်ပဲ အတော်ပဲ .. ၅၀၀ဖိုးပေး"
. . . နောက်ဖေးပေါက်မှ တိတ်တိတ်ပြန်ဝင်ကာ ထမင်းအိုးကိုမပြီး မောင်ဖိုးချိုထမင်းများကို သွန်၍ ဒေါ်ပုမထမင်းများနှင့် အစားထိုးလေသည်။
. . . လေကလေးချွန်၍ အိမ်ရှေ့ထွက်သော် ကြီးဒေါ်က ပုတီးကိုင်ရင်း တီဗွီထဲမှ ကိုရီးယားစုံတွဲကိုငေးနေ၏။
"ဟင် မီးလာနေပြီလား"
"အေး . . မင်းချက်နေပြီမို့လို့ မပြောတော့တာ . . ကျက်ပြီလား"
"ရပြီ . . စားချင်တဲ့ အချိန်စားလို့ရပြီ"
"ခုပဲစားတော့မယ်"
ကြီးဒေါ်မှာ ပြောရင်းပင် မီးဖိုချောင်သို့ဝင်လေ၏။ မောင်ဖိုးချိုလည်း တီဗွီရှေ့ထိုင်ရင်း နားစွင့်၏။
"အောင်မယ် . . ငါ့တူချက်တဲ့ ဆန်တစ်ဘူးက တယ်နည်းပါကလားဟဲ့" . . မောင်ဖိုးချိုမျက်လုံးပြူးရလေသည်။
"အဟမ်း . . မကုန်လောက်ဘူးထင်လို့ လျှော့ချက်ထားတာ"
"ဟုတ်ပအေ . . ခေတ်ကာလသားသမီးတွေများ တော်ချက်တော့ . . ။ ထမင်းကို အိုးတောင်မကပ်အောင်ချက်နိုင်သဟဲ့ . . ပွလို့ ရောင်းလို့ . . တစ်သက်တစ်ကိုယ် ထမင်းကို အိုးမကပ်ပဲ ပွနေအောင်ချက်နိုင်တာ ဒီတစ်ခါပဲတွေ့ဖူးသအေ"
. . . မောင်ဖိုးချိုလည်း မကြားယောင်ပြုကာ တီဗွီကို အသံချဲ့လေ၏။ တီဗွီထဲမှ ကိုရီးယားသူကောင်းသားက အလေးပြုကာ ကော့ပြလေသတည်း။

(ယက္ခ)ရဲကြီး။
၂၀_၂၈.၁၁.၁၅။

0 comments:

Post a Comment

Followers