" ရှောင်ဖယ်နေသည့်သူ့ကို ကျေးဇူးတင်မိသည် "


…………………….
(၁)
ဘ၀တစ်ခုဆို သူပါမှာ ပြည့်စုံမည်ဖြစ်သည်။။ သို့သော်လည်း သူ့ကို မလိုချင်တာအမှန်။ မလိုချင်သော်လည်း ရင်နှင့်ကျောလို ကပ်လျက်ဒွန်တွဲနေသည့်အတွက် ခွဲလို့မရ၊ မခေါ်လို့မရ၊ ချန်ထားလို့လည်း မရပေဘူးလေ။ သူနှင့်ကျွန်တော် ထိပ်တိုက်တွေ့ဆုံနိုင်သည့် အကြောင်းတွေရှိခဲ့သော်လည်း သူကျွန်တော်ကို ဒီအချိန်ထိ ရှောင်ဖယ်နေတုန်း။ မျက်နှာလွှဲ နေတုန်း။ ဒါကြောင့်လည်း သူ့ကို ကျွန်တော် ကျေးဇူးတင်မိနေပါရဲ့။

(၂)
သူနှင့်ကျွန်တော် ခပ်ငယ်ငယ်ကတည်းကပင် စတင်ဆုံတွေ့ခဲ့ကြသည်။ ထိုအချိန်ကိုလည်း ကျွန်တော် အမြဲ အမှတ်ရနေမိမှာပင်။ ခပ်ငယ်ငယ်ကတည်းက ဆုံစည်းခဲ့သည်မှာ ထူးခြားလှသည်တော့ မဟုတ်လှ။ သူက ကျွန်တော်တို့ မွေးဖွားစဉ်အချိန်ကတည်းကပင် ကျွန်တော်တို့ဘ၀နှင့်အတူ ပါဝင်လာပြီးသား။
ကျွန်တော်တို့အိမ်နှင့် မြစ်ဆိပ်ကသိပ်မဝေးလှ။ ကျွန်တော်တို့ ကလေးတစ်သိုက် မြစ်ထဲရေကျချိန်ဆို ရေချိုးဆင်း ကြသည်။ ဆော့ကြသည်။ ရေကူးကြသည်။ ခပ်ငယ်ငယ်ရှိသေးသည်မို့ ရေကူးကောင်းကောင်းတတ်သည်လည်း မဟုတ် ကြပေ။ လူကြီးများက လိုက်ပါပြီး ထိန်းသိမ်းကြရသည်။
တစ်နေ့ ထုံးစံအတိုင်း ရေချိုးကြသည်။ ကျွန်တော်လည်းရေချိုးရင် ပလုံ ဆိုပြီး ခြေချော်က ရေနစ်သွားသည်။ ကြောက်ကြောက်လန့်လန့်နှင့် အတင်းရေပေါ်သို့ပြန်ပေါ်အောင် ကြိုးစားရတော့သည်။ အဘယ်သောအခါမျှ တစ်ကိုယ် တည်းမလာတတ်သော ပြဿနာနှင့် ကြုံရတော့သည်။ ကျွန်တော်ထိုးတက်လိုက်သောအခါ ဒုန်းခနဲမည်အောင် ခေါင်းနှင့် အရာဝတ္ထုတစ်ခု တိုက်မိသည်ကို ခံစားလိုက်ရသည်။ အားရှိသမျှ ထပ်ပြီးကြိုးစားကြည့်သော်လည်း အပေါ်တွင်တိုက်မိ သည့်အရာမှာ ကြီးမားလွန်းလှသည်ဟု တွေးမိသည်။
အားသွန်ခွန်စိုက် ယက်ကန်ယက်ကန် လုပ်သောအခါတွင်မှ ရေပေါ်သို့ ပြန်ပေါ်လာရသည်။ ထိုအခါ လိုက်ပါလာသည့် လူကြီးများက ဆယ်မှ ကျွန်တော် ကမ်းစပ်သို့ ပြန်ရောက်ခဲ့ရသည်။ ကျွန်တော်တိုက်မိသည့်အရာကို ပြန်ကြည့်သောအခါ ကမ်းစပ်တွင်ရပ်ထားသော လှေကြီးဖြစ်နေလေသည်။
ကျွန်တော်နှင့်သူ ပထမဆုံးအကြိမ် တွေ့မိခြင်းဖြစ်မည်ဟု ကျွန်တော်ထင်မိသည်။
(၃)
မြစ်ကြီးနားမြို့တွင် တာဝန်ထမ်းဆောင်စဉ် အချိန်ကာလဖြစ်သည်။
တစ်နေ့ ဆရာသမားတစ်ယောက်မောင်းသည့် ဆိုင်ကယ်နောက်ထိုင်ခုံတွင် ကျွန်တော်ထိုင်ပြီး လိုက်ပါခဲ့သည်။ ကျွန်တော့် ပေါင်ပေါ်တွင် ပြင်ဆင်ပြီးပြန်လည်ယူလာသည့် ကွန်ပျူတာ System ပုံးကြီးပါသည်။ လက်တစ်ဖက်က ကွန်ပျူတာပုံးကို ကိုင်ထားပြီး ကျန်တစ်ဖက်က ဆိုင်ကယ်နောက်တန်းကို ကိုင်ထားရသည်။
လမ်းမကြီးတစ်ခုကို ဖြတ်အပြီး လမ်းကြားတွင်မောင်းနှင်နေစဉ် " ၀ှီး " ဆိုသည့်မြည်သံနှင့်အတူ ကျွန်တော်တို့ နှစ်ဦးသား လမ်းဘေးသို့ ပစ်ကျသွားသည်။ ဂျစ်ကားတစ်စီးက နောက်မှကျော်တက်ပြီး ကျွန်တော်တို့ဆိုင်ကယ်ကို ချိတ် မိသွားခြင်းပင်။ ဆိုင်ကယ်ကတော့ဖြင့် အရှိန်ဖြင့် ကတ္တရာလမ်းမထက်တွင် လျှောတိုက်ပြီးပါသွားသည်။ အရှိန်ဖြင့် ကျ သောကျွန်တော်တို့သည်လည်း ကတ္တရာလမ်း၏ ပွတ်တိုက်မှုကို ကောင်းစွာခံစားလိုက်ရသည်။
ဝင်ချိတ်သွားသော ဂျစ်ကားကတော့ မောင်းပြီးထွက်သွားပေပြီ။ ဆရာသမားကတော့ ဆိုင်ကယ်ကို ပြန်ထူရင်း ပြစ်ပြစ်နှစ်နှစ် ကျိန်ဆဲနေသည်။ ကျွန်တော်ကတော့ ကျောပြင်နှင့် တံတောင်များပူနွေးပြီး နာကျင်သည့် ဒဏ်ကိုခံနေရ သောကြောင့် ဘာမှမပြောနိုင်။ ကွန်ပျူတာပုံးမှာလည်း ထိပ်ပိုင်းများ ပိန်သွားသည်။ ကျွန်တော်တို့နှစ်ယောက်သား ဆိုင်ကယ်ကိုပြန်မောင်းနှင်ရင်း ဆေးခန်းသို့သာ အမြန်လာခဲ့လိုက်ရတော့သည်။
ဆေးခန်းသို့ရောက်၍ ဆိုင်ကယ်ဦးထုပ်ကို ချွတ်သောအခါ ကတ္တရာလမ်းပေါ်သို့ ကျသောအရှိန်နှင့် ပွတ်တိုက်မှု ဒဏ်ကြောင့် ဆိုင်ကယ်ဦးထုတ်တွင် အက်ကွဲမှုနှင့် နက်သောခြစ်ရာများကို မြင်တွေ့လိုက်ရသည်။
ထိုနေ့သည် သူနှင့်ကျွန်တော် ဒုတိယအကြိမ် တွေ့ဆုံခဲ့ကြခြင်းပင် ဖြစ်တော့သည်။
(၄)
၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့က ဖြစ်သည်။ နံနက်ခင်းအစောထွက်သည့် ရထားဖြင့် ရန်ကုန်ဘူတာကြီးမှ တစ်ဆင့် မန္တလေးသို့ လိုက်ပါရန် ကျွန်တော်နှင့် သူငယ်ချင်းတစ်ယောက်ချိန်းဆိုထားခဲ့ကြသည်။ ရထားထွက်ခါနီး အချိန် ၁၅ မိနစ်ခန့်အထိ သူမလာသေး။ ကျွန်တော်က စိတ်မရှည်ချင်တော့။ ပြန်ချင်နေပြီ။ ရန်ကုန်မြို့တော်ကြီးကလည်း မှောင်မည်းနေသေးသည်။ ညနေကားဖြင့် မန္တလေးသို့ လိုက်လျှင်ကောင်းလေမလား ကျွန်တော်တွေးမိသည်။ စောင့် ရသည့်အချိန်သည် ကြာသည်မဟုတ်လား။ ထို့ကြောင့် ပြန်မည်ဟု ဘူတာကြီးက ထွက်သည့်အချိန်မှ သူငယ်ချင်း ဖြစ်သူ ရောက်လာသည်။ သို့နှင့် ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက် ရန်ကုန်ဘူတာကြီးမှ ရထားကြီးစီးလျက်လိုက်ပါခဲ့ကြ တော့သည်။
ကျွန်တော်တို့ မန္တလေးမှတစ်ဆင့် မြစ်ကြီးနားကို ပြန်ကြရမည်ဖြစ်သည်။ မန္တလေးသို့ ဆိုက်ကပ်တော့ ည ၇ နာရီခန့်ဖြစ်နေပြီ။ မန္တလေးသို့ ရောက်နေပြီဖြစ်သည့်အကြောင်း၊ မှီရာရထားဖြင့် လိုက်ပါမည်ဖြစ်ကြောင်း အလုပ်သို့ ဖုန်းဆက်ရသည်။ ထို့နောက် ရန်ကုန်သို့ဆက်သည်။ ထိုအချိန်က PCO ဖုန်းများဖြင့်သာ ဆက်ရခြင်းဖြစ်သည်။ မရ။ ဧရာဝတီတိုင်းရှိ အိမ်သို့ ဖုန်းဆက်သည်မရ။ ဖုန်းလိုင်းတွေ အဘယ်ကြောင့်ပြန်တောက်နေသနည်း။
မန္တလေးဘူတာကြီးတွင် ထိုင်နေကြစဉ် သတင်းက တစ်ဆင့်ပြီး တစ်ဆင့်ကြားသိရပြီ။ ရန်ကုန်နှင့် ဧရာဝတီမှာ နာဂစ်မုန်တိုင်း ၀င်တိုက်နေသတဲ့။ အပင်တွေလဲ၊ အိမ်တွေပြို၊ ဓာတ်တိုင်တွေလဲသတဲ့။ ကျွန်တော့်စိတ်ထဲမှာတော့ သိပ်ပြီး ထူးလှသည်မဟုတ်ဟု ခံစားမိသည်။ ဇာတိ ဧရာဝတီတိုင်းတွင် နေစဉ်ကပင် ခဏခဏ လေပြင်းတိုက်တာ၊ လေ ဆင်နှာမောင်းတိုက်တာတွေကို ကြုံခဲ့ဖူးသဖြင့် အဲသလို ဖြစ်မှာပါဟုသာ ထင်နေမိခြင်းဖြစ်သည်။
မြစ်ကြီးနားသို့ ပြန်ရောက်သည့်အခါမှပင် နာဂစ်၏ ကြီးမားလှသော အဟုန်ကို သိရှိလိုက်ရတော့သည်။
ထိုအချိန်သည် သူနှင့် ကျွန်တော်တွေ့ဆုံခဲ့သည့်အချိန်ဟု ကျွန်တော်ခံစားမိလိုက်ရပါသည်။
(၅)
" ဒုန်း" ဟူသောမြည်သံနှင့်အတူ ဆိုင်ကယ်ကို ထိန်းရင်း မြက်တောထဲသို့ တိုးဝင်သွားသည်။ ဆိုင်ကယ်နောက်တွင်ထိုင်လိုက်လာသည့် ကျွန်တော့်အဖော်တစ်ဦးကတော့ အတိုက်ခံလိုက်ရသည့်အရှိကြောင့် လွင့်ကျ သွားသည်။
လမ်းကြားထဲမှ အရှိန်ဖြင့် မောင်းနှင်လာသည့် ဆိုင်ကယ်တစ်စီးက ကျွန်တော်မောင်းနှင်လာသည့် ဆိုင်ကယ်ကို ဖြတ်တိုက်လိုက်ခြင်းဖြစ်သည်။ ၀င်တိုက်သည့် ဆိုင်ကယ်မှာလဲပြိုသွားပြီး စီးနှင်းလာသည့် နှစ်ဦးမှာလည်း လမ်းဘေး မြက်ခင်းထဲသို့ လွင့်ကျသွားသည်။ ကျွန်တော်ကတော့ ဆိုင်ကယ်ကို ထိန်းလျက်မြက်တောထဲသို့ အရှိဖြင့် ၀င်သွားခြင်းပင်။ ဆိုင်ကယ်ကတော့ လဲမသွားချေ။
စုတ်သပ်ကြရင်း ဆိုင်ကယ်ကို ကိုယ်စီပြန်ထူကြရင်း ကိုယ့်လမ်းကို ပြန်ဖို့ပြင်ကြသည်။ ဘာမျှတော့ စကားသိပ် မပြောဖြစ်ကြ။ ၀င်တိုက်သည့်သူများမှာလည်း ကျွန်တော်တို့ မိတ်ဆွေတွေ။ ဆိုင်ကယ်ကို စက်နှိုးပြီး ဂီယာကို နင်းမည် ပြုတော့ နင်းမရတော့။ သို့နှင့် ဆိုင်ကယ်ကိုစစ်လိုက်သည့်အခါ ခြေနင်းတုံးမှာ ကောက်ပြီး ၀င်နေခြင်းကြောင့်ပင်။
ကျွန်တော့် ဘယ်ဘက်ခြေထောက်နင်းထားသည့် ခြေနင်းတုံးကိုမှ တည့်တည့် ၀င်တိုက်မိခြင်းဖြစ်တော့သည်။ အဲဒီတုန်းက သူနှင့် ကျွန်တော် ထပ်မံတွေ့ဆုံခဲ့ကြခြင်းပင် ဖြစ်တော့သည်။
(၆)
တကယ်တော့ သူနှင့်ကျွန်တော် အကြိမ်ကြိမ်တွေ့ဆုံခဲ့ကြခြင်းဖြစ်သော်လည်း သူကတော့ ယနေ့အထိ ကျွန်တော့်ကို ရှောင်ဖယ်နေဆဲပင်ဖြစ်သည်။ သူရှောင်ဖယ်နေသည့်အတွက်လည်း သူ့ကို ကျွန်တော် ကျေးဇူးအထူး တလည်တင်မိနေခြင်းပင်။
ရှောင်ဖယ်နေသည့်သူမှာ ကျွန်တော်တို့အဖို့ ဘ၀တစ်ခုမွေးဖွားစဉ်ကတည်းက ယှဉ်လျက်၊ စပ်လျက်ပါလာခဲ့သည့် သေခြင်း၊ မရဏမင်းပင်ဖြစ်သည်။ နည်းမျိုးစုံဖြင့် ထိပ်တိုက်တွေ့သော်လည်း ကျွန်တော့်ကို ခေါ်မသွားခဲ့သေး၊ ငါရှိသေးတယ်ကွ ဆိုသည့် မေ့လျော့ခြင်းဖြစ်မနေအောင် သတိပေးရုံမျှသာ ပေးနေခြင်းပင်လော။ သို့တည်းမဟုတ် အသက်ဥာဏ်စောင့်၍ သူ့ကို ရှောင်တိမ်းနေခွင့်ရနေသည်လော။ လက်ဆွဲ၍ မခေါ်သေးသည့် သူ့ကို သို့မဟုတ် တစ်နည်းနည်းဖြင့် ဆွဲမခေါ်သေးသည့် သူ့ကို ကျေးဇူးတင်စရာကောင်းသည်မဟုတ်လား။
ကျွန်တော်တို့ မြို့တွင် ကောင်မလေးတစ်ယောက်ရှိသည်။ သူက ဆရာမတာဝန်ဖြင့် ဧရာဝတီတိုင်း၏ ဟိုးအောက်ဘက်အစွန်ရွာလေး တစ်ရွာတွင် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ ကျောင်းပိတ်ရက်မို့ ဇာတိမြို့သို့ ပြန်ရောက်နေခြင်းဖြစ်သည်။ တစ်နေ့ သူတာဝန်ကျရာ ရွာမှ ရွာသား နှစ်ဦးခန့်ရောက်လာပြီး ဆရာမလေးကို လာခေါ် တာဖြစ်ကြောင်း၊ သူတို့ရွာတွင် ဆရာမလေးကို ရှိနေစေချင်ကြောင်း၊ ဆရာမလေးကိုလည်း တစ်ရွာလုံးက အထူးသတိတရလိုလားနေခြင်းကြောင့် လာခေါ်ရခြင်းဖြစ်ကြောင်း ပြောသည်။ သို့နှင့် ဆရာမလေးက ရွာသားနှစ်ဦးဖြင့် လိုက်ပါသွားခဲ့သည်။
သူလိုက်ပါသွားပြီး နှစ်ရက်သုံးရက်အကြာတွင် ရွာလုံးကျွတ်နီးပါး နာဂစ်မုန်တိုင်းဒဏ်ကြောင့် ပျောက်ဆုံး နေကြောင်းဇာတိမြို့သို့ သတင်းရောက်ရှိလာသည်။ မိဘဖြစ်သူတွေမှာ ရင်နာမဆုံးတော့။
သြော် မရဏမင်းတို့များ သူ့အချိန်ကျလာရင် ဘယ်အရပ်ရောက်နေရောက်နေ ခေါ်ဖြစ်အောင်ခေါ်သည်။ ပုန်း၍ မရ၊ ရှောင်၍ မရပါလား။ တစ်နည်းနည်းဖြင့် ခေါ်ငင်သည်။
အချိန်မတန်သေးပဲ ခေါ်၍မရအောင်၊ အတင်းကာရော သူ့နောက်လိုက်ပါသွားအောင် တွန်းပို့နေသည့် ကံတရား များ၊ စီရင်နေခြင်းများကိုလည်း ကျွန်တော်တို့ဥာဏ်လေးဖြင့် စောင့်ရှောက်ရမည်၊ အတတ်နိုင်ဆုံး ဆွဲငင်ထားရမည် ဖြစ်သည်။
(၇)
ဘ၀တစ်ခုဆို သူပါမှာ ပြည့်စုံမည်ဖြစ်သည်။။ သို့သော်လည်း သူ့ကို မလိုချင်တာအမှန်။ မလိုချင်သော်လည်း ရင်နှင့်ကျောလို ကပ်လျက်ဒွန်တွဲနေသည့်အတွက် ခွဲလို့မရ၊ မခေါ်လို့မရ၊ ချန်ထားလို့လည်း မရပေဘူးလေ။ သူနှင့်ကျွန်တော် ထိပ်တိုက်တွေ့ဆုံနိုင်သည့် အကြောင်းတွေရှိခဲ့သော်လည်း သူကျွန်တော်ကို ဒီအချိန်ထိ ရှောင်ဖယ်နေတုန်း။ မျက်နှာလွှဲ နေတုန်း။ ဒါကြောင့်လည်း သူ့ကို ကျွန်တော် ကျေးဇူးတင်မိနေပါရဲ့။
မည်သို့ပင်ဆိုစေ ကျေးဇူးကြီးမားလှပါပေတယ် မောင်မင်ကြီးသားရယ်၊ နောင်များလည်း ခပ်ဝေးဝေးလေး နေပါဦးလို့ တီးတိုး ဆိုနေမိပါရဲ့။
***********
မေတ္တာဖြင့်
မောင်ပိုင် (လေးမျက်နှာ)
၃၁-၁၀-၂၀၁၆ (၂၃၁၀)၊ ရန်ကုန်မြို့

0 comments:

Post a Comment

Followers