" ကျွန်တော်နှင့် ကြောက်ခြင်း (၃) "


***********
(၁)
တချို့ တချို့သော ကိစ္စတွေနှင့် တချို့ တချို့သော အကြောင်းအရာတို့တွင် ကြောက်ခြင်းသည် ကောင်းသော အကျိုးများ ပေးသည်ဟု ကျွန်တော်ယုံကြည်သည်။ ကျွန်တော် သေခြင်းတရားကို ကြောက်ရွံ့ခဲ့သည်။ ထို ထိုသော ဘ၀အရေးအခြေအနေအရ သတ္တိရှိခြင်းက ငုပ်လျှိုး၍ ကြောက်ခြင်းက ခေါင်းမော့ခဲ့ရသည်။ တစ်ထွာသော ၀မ်းအပိုအပင်တွေကို ဖြည့်နိုင်ရေးအတွက် ပြည်ထဲရေးထက် ၀မ်းရေး ခက်လှသည့်အချိန်တွင် နိုင်ငံအရေးကို ကြောက်ရွံ့နေခဲ့မိပါသည်။

သို့သော် ကျွန်တော် ကြောက်ရွံ့နေခြင်းကား ရပ်၍ မသွားသေးပါ။ ကြောက်ရွံ့နေရသော အကြောင်းအရာများ တိုး၍ ကျန်၍ နေပါသေးသည်။ ထိုကျန်နေသော အချို့သော ကြောက်ရွံ့ခြင်းတို့ကိုဖြင့် ကျွန်တော်မြတ်နိုးစွာ ဖက်တွယ် ထားနေဦးမှာပင်။ ထိုကြောက်ခြင်းကြောင့် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူနေမိဦးမှာပင်။
(၂)
" သတ္ထ၀ါဆိုတာ လူချွတ်မှာ ကျွတ်တာကွ "
" နောင်ဘ၀ရှိ နောင်ဘ၀မှ ခံလိမ့်မပေါ့ကွ၊ ခုဘ၀တော့ ကောင်းကောင်းလေး စားပစ်မယ် "
လောက်လေးခွလေး တစ်လက်ကိုယ်စီကိုင်ပြီး ကျွန်တော်တို့ ကလေးတစ်သိုက် ငှက်ပစ်ထွက်ကြသည်။ ပိစိကွေးစာကလေးကအစ ကျီးကန်း၊ ဇရက်ပါမချိန် တွေ့သမျှ ငှက်ပစ်သည်။ ပစ်ချက်ထိ၍ ရသည့်အခါ ရသည်။ ရသည့်အခါ အမွှေးအတောင်နုတ်ပြီး ကြော်စားသည့်အခါ စား၊ ကင်စားသည့်အခါ ကင်စားကြသည်။
တစ်ခုသောအခါက အဆောက်အဦကြီး၏ ထပ်ခိုးပေါ်တွင် အသိုက်လုပ်နေကြသည့် ခိုသိုက်များကို ၀င်ဖမ်း ကြသည်။ ထို့အတူ တစ်ခါကလည်း အပင်ပေါ်တွင် တန်းစီ၍ အိမ်ဆောက်ထားသော စာကလေးငှက်သိုက်များကို ၀င်နှိုက်ကြသည်။ တစ်ခါတခါ သတ်၍စားကြသော်လည်း တစ်ခါတခါတော့ အပျော်သာ လုပ်ကြခြင်းဖြစ်သည်။
ငှက်တင်ပဲလား မဟုတ်ကြ။ အုပ်စုဖွဲ့ စုမိပြီဆိုလျှင် သန်းခေါင်းဟင်း ချက်ပြုတ်စားသောက်ကြသည်။ မွေးထားသည့် ကိုယ့်အိမ်က ကြက်ဖြစ်စေ၊ တခြားသူအိမ်က ကြက်ဖြစ်စေ ဖမ်း၍ ခိုး၍ ချက်စားကြသည်။ တစ်နေ့ ကျွန်တော့ကို ကြက်သတ်ခိုင်းသည်။ ကျွန်တော်က ကြက်၏ ခြေထောက်ကို ကိုင်၍ လည်မျိုကို လက်ဝါးစောင်းဖြင့် ရိုက်သည် ကြက်ကမသေ ဆန့်ငင်ဆန့်ငင်ဖြစ်နေသည်။ သုံးလေးချက်ရိုက်သည် မရ။ နောက်ဆုံး တစ်ယောက်က လာ၍ "ဒီလိုသတ်ရတယ်ကွ"ဟ တစ်ချက်တည်း ရိုက်ပြမှ ကြက်ခမျာ ဇီဝိန်ချုပ်ရရှာလေသည်။
ထိုမျှမကသေး ပြုလွယ်ဖြစ်လွယ်သော အကုသိုလ်တရားတို့သည် အသိအားငယ်သေးသည့် လူငယ်ဘ၀၌ ပို၍ပြုလွယ်ဖြစ်လွယ်သည်လော။ ဘ၀နေထိုင်မှုအခြေအနေ၊ ပတ်ဝန်းကျင်တို့နှင့်လည်း ဆက်စပ်နေပါဦးမည်။ လယ်တောတွင် နေထိုင်ရသော ကျွန်တော့်အဖို့ ပုစွန်လုံး(ဂဏန်း)နှိုက်သည်၊ မီးဖုတ်စားသည်။ အိုင်ပက်ခြင်း၊ စလူးထိုးခြင်း၊ ငါးမျှားခြင်းတို့သည်လည်း ကျွန်တော်တို့အတွက် ပျော်စရာ၊ ကစားစရာအလုပ်ပင် ဖြစ်နေတော့သည်။
(၃)
" ခဲတံလေးတစ်ချောင်းလောက်ကတော့ ဘာမှ မဖြစ်ပါဘူး "
" ပေတံလေးတစ်ချောင်းလောက်တော့လည်း ဘာမှ ဖြစ်မနေပါဘူး "
" မုန့်လေးတစ်ခုလောက်များ သတိရတော့ ပြန်ဝယ်ပေးလိုက်တာပေါ့ "
ခပ်ငယ်ငယ် ကျောင်းသားဘ၀တွင် သူတပါးဥစ္စာကို ကြိုတင်ကြံစည်၍ဖြစ်စေ ဂရုတစိုက်ဖြစ်စေ၊ သူတပါးမသိအောင် ယူငယ်ခြင်း၊ ခိုးဝှက်ခြင်းတို့ ပြုခြင်းတော့မဟုတ်။ ကောက်ရ၍ဖြစ်စေ၊ နေရာမှားရောက်လာ၍ ဖြစ်စေ ယူငင်တတ်ပါသည်။ ဤမျှလောက်ဖြင့် ဘာမှ မဖြစ်ဟု၍သာ တွေးထင်မိခဲ့သည်။ ပိုင်ရှင်သိသော်လည်း လက်ထဲရောက်ရှိလာခဲ့သည့် ပစ္စည်းကို ပြန်၍ မပေးချင်တော့။ ထို့ကြောင့် တချို့သော ပစ္စည်းတို့တွင် ကိုယ့်အမည်ကို ရေးထိုးလိုက်တော့သည်။
နည်းနည်းအသက်ကလေးရလာ၍ စာအုပ်တွေကို သည်းကြီးမည်းကြီးဖတ်နေသည့် အချိန်မျိုးတွင် ထိုသို့သော ခိုးဝှက်ခြင်း ကြုံရပြန်သည်။ ကိုယ်ကြိုက်သည့် စာအုပ်တွေ့လျှင် အထူးသဖြင့် ရှားပါးစာအုပ်ဖြစ်နေလျှင် ခပ်တည် တည်ဖြင့် ယူငင်တတ်သည်။ စာအုပ်အရောင်းဆိုင်မှ ယူငင်ခြင်းတော့မဟုတ်။ စာအုပ်အငှားဆိုင်မှ ငှားပြီး ပြန်မအပ် သည်မျိုး၊ ကိုယ်နှစ်သက်သည့် စာမျက်နှာတို့ကို ဖြုတ်ယူထားခြင်းမျိုး၊ စာကြည့်တိုက်မှ ယူငင်ခဲ့ခြင်းမျိုး ပြုလုပ်မိ ပြန်သည်။
သြော် ငါစာပေကို တကယ်ချစ်လို့ပါလားဆိုသည့် စိတ်သာဖြစ်မိသည်။ ထိုစာအုပ်အား ယူငင်ပြီး ကိုယ်က ဖတ်သည်။ ကိုယ်ဖတ်ရာမှ ရသည့်အသိ အတွေးတို့ကို ပြန်ချရေးဖြစ်သည်။ ထိုရေးဖြစ်သည့်အရာကို ဝေငှပေးသည်။ ထို့ကြောင့် ကုသိုလ်ပင်ရသေးသည်ဟု စိတ်က မှတ်ယူသည်။
ဤမျှပင်လား မပြီးသေးပါ။ အခွင့်အရေးလေးကြုံလာသည့်အချိန်၊ ကိုယ့်လုပ်ပိုင်ခွင့် ခွင် ထဲဝင်လာသည့်အချိန်၊ အမြတ်အစွန်းတွက် ခပ်ပျက်ပျက်ကို ခပ်မြတ်မတ်လေး နင်းရောင်းလိုက်ရသည့်အချိန်မျိုးတို့တွင်လည်း တပါးသူ၏ ဥစ္စာပစ္စည်း၊ စီးပွားရေးတို့ကို အမြတ်ထုတ်ပြန်သည်။ မတရားဟုမထင်သော ကိစ္စရပ်များအား မတရားနည်းဖြင့် အနုကြမ်း စီးပြန်သည်။ ရသင့် ရထိုက်တာဟု ဆုံးဖြတ်ရင် သူတပါးတို့၏ ဥစ္စာကို ရယူပြန်တော့သည်။
ခိုးခြင်း၊ လေအေးဖြင့် အနုကြမ်းစီးခြင်း၊ သာသာထိုးထိုး အလေးခိုးခြင်းတို့သည် ဘ၀ ဘ၀ထဲ၌ လက်ယဉ်နေသော၊ လက်ရဲ ဇက်ရဲနိုင်လှသော ပြုမူဆောင်ရွက်ဖွယ်တို့သာ ဖြစ်နေကြသည်။ ထို့ကြောင့်လည်း ခိုးမြဲ၊ တိုမြဲ၊ တိုက်မြဲ။
နောက်တစ်ခုသည်ကား လာဘ်ယူခြင်းပင်တည်း။ လာဘ်သပ်ပကာကို ပို၍ မက်တွယ်လာခြင်းကြောင့် လာဘ်လာဘတိုးပွားစေခြင်းအား စိတ်ပါလက်ပါ ဆောင်ရွက်နေမိပြန်တော့လေသည်။
(၄)
" အား ပူလိုက်တာ "
အားလပ်ရက်မို့ မီးပူတိုက်နေစဉ် ထောင်ထားသည့် မီးပူကို လက်ဖြင့် ထိမိလိုက်ခြင်းဖြစသည်။ လက်ကို တံတွေးခပ်မြန်မြန်စွတ်လိုက်သည်။ မီးပူထိုးခြင်း ခဏနားလိုက်ပြီး ဆရာခိုလိမ်းဆေးလေး လိမ်းလိုက်သည်။ ပူလိုက်တာ။ မီးနှင့် ကိုယ့်အသား ဒီတစ်ကြိမ်မှသာမဟုတ် ခဏခဏ ထိပ်တိုက်တွေ့မိတတ်သည်။ နည်းမျိုးစုံဖြင့် တွေဆုံတတ်ခြင်းဖြစ်သည်။ ခြင်ဆေးခွေ ထိပ်ဖျားလေးကို ခြွေသည်။ ကိုယ်ခြွေလိုက်သည့် ခြင်ဆေးခွေကို တက်နင်း မိသည်။ လက်ထောက်မိသည်။ မီးအပူဟပ်ခံရသည်။
နည်းမျိုးစုံဖြင့် ကိုယ့်အသားပူသည့်အခါ ခံစားလိုက်ရသည့်အပူက လေးငါးရက်မျှ ခံရသည်။ အသည်းခိုက် အောင်နာကျင်လှသည်။
ထို ကိုယ်အသားနာကျင်လေမှ သူတစ်ပါးအပေါ်ကျူးလွန်ခဲသည့် သတ်မိလေခြင်းအား စာနာမိတော့သည်။ သူတို့ သတ္တ၀ါလေးတွေဆိုလျှင် မည်မျှနာကျင်လေမည်မသိ။ ခဲမှန်သည့် ငှက်ငယ်၊ မြားမှန်သည့် သားရဲ၊ ပါးဟပ် တွင်ချိတ်မိလေသည့် ငါးသတ္တ၀ါ စသည့်စသည့် သတ္တ၀ါလေးတို့ တော်တော်ခံစားရမည်ပင်။
အသက် ပေးလိုက်ရမည့် အချိန်အတွက် ပူပင်သောကကြီးပေမည်။ ကိုယ်၌ကတော့ သေမှာကြောက်သည် သူတပါး၏ အသက်ကိုဖြင့် ရက်ရက်စက်စက် သတ်ခဲ့မိပြန်သည်။ အကုသိုလ်အမှုသည် ပြန်၍ စားမြုံပြန်မတွေး အပ်သော်လည်း တွေးမိလိုက်တိုင်း ကြောက်ရွံ့ခြင်းက ၀င်လာသည်။
ထိုကြောက်ရွံ့ခြင်းကို မြဲနေဖို့ သတိချပ်ရမည်။ ထိန်းချုပ်ရမည်။ သူတပါး၏ အသက်သတ်လျှင် ကိုယ့် အသက်ပြန်အသက်ခံရမည်ကို ကြောက်လာသည်။ ကိုယ့်အသားနာကျင်သလို သတ္တ၀ါလေးတို့၏ အသားနာကျင် သွားမှာကို ကြောက်လာမိပြန်သည်။ မိမိကြောင့် သူတပါး၏အသား၊ အသက် ထိပါးသွားမည်ကို ကြောက်ရွံ့ နေမိပါသည်။
ဤ ကြောက်ရွံ့ခြင်းသည်ကား ကျွန်တော့်အတွက် တန်ဖိုးရှိလိမ့်မည်ဟု ကျွန်တော်ယုံကြည်မိပါသည်။
(၅)
ရုံး ၃ ရက်ဆက်ပိတ်သည်မို့ မိသားစုရှိရာ နယ်ကို ပြန်ရမည်။ တစ်လလျှင် နှစ်ကြိမ်လောက်သာ မိသားစုနှင့် အချိန်ပေးအတူနေနိုင်သည်။ တစ်ကြိမ်လျှင်လည်း ၁ ရက်ခွဲ ၂ ရက်မျှသာ၊ တစ်လလျှင် ၄ ရက်ခန့်သာ မိသားစုနှင့် သိုက်သိုက်ဝန်းဝန်းနေရသည်။
သြော် မိသားစုနှင့် အတူမနေချင်သူ ရှားပါလိမ့်မည်။ ကျွန်တော်လည်း နေချင်ပါသည်။ အတူနေနိုင်ရေး အတွက်လည်း ကြိုးစားရုန်းကန်နေရသည်။ သို့သော် လုပ်တိုင်းလည်း မဖြစ်နိုင်သေးသည့် အနေအထားတွင် ၀ဋ်ရှိသမျှ ခံနေပေရဦးမည်ဟု ဖြေသိမ့်မိသည်။
ဝဋ် ဟုတ်သည် ၀ဋ်။ အရင့် အရင် ဘ၀တွေဆီက မည်သို့ပြုလုပ်ခဲ့သည်ကို အသာထား လက်ရှိဘ၀ အရွယ် ငယ်ငယ်တွင် ပြုလုပ်ခဲ့သည့် အကုသိုလ်ကံတို့သည် အကျိုးပေးနေလေပြီဟုလည်း တွေးမိသည်။ ၀ဋ် ဘ၀မဆိုင်း လည်နေပေပြီဟု မှတ်ယူသည်။
ချစ်ခင်သူနှင့် ကွေကွင်းရခြင်းသည်လည်း ဆင်းရဲမဟုတ်ပါလော။ ဆင်းရဲသည်။ ထိုဆင်းရဲသည် ၀ဋ်ဆင်းရဲ ဖြစ်သည်။ သူ့အသိုက်ကို ဖျက်သည်၊ သူ့ဥကို ခွဲသည်၊ သူ့သားကို သတ်သည်။ သူတပါး၏ ချစ်ခြင်းမေတ္တာတရားကို ကွဲအောင်ပြုလုပ်ခဲ့မိသည့် အကြွေးသည် ဆပ်ရလေပြီ။ ငရဲကို ပ လပ်နိုင်သော်လည်း ၀ဋ်သည်ကား အမြဲဖြစ်သည်။ ထို့ကြောင့် ၀ဋ်ဆင်းရဲကို ကြောက်သည်။ ၀ဋ်လည်မည်ကို ကြောက်သည်။ ၀ဋ်ကြွေးများ ထပ်တင်မည်ကို ကြောက်သည်။
ဝဋ်ထပ်လိုက်နိုင်မည့် စိတ်အမှု၊ ကိုယ်အမှု၊ နှုတ်အမှုတို့ကို အတတ်နိုင်ဆုံး၊ အကောင်းဆုံး ထိန်းသိမ်းသည်။ စောင့်အပ်သည်။ ၀ဋ်ကို ကြောက်ရွံ့ခြင်းသည်လည်း ကောင်းမြတ်သော စိတ်အခြေအနေတစ်ပါးဖြစ်သည်ဟု ကျွန်တော်ယုံကြည်မိပါသည်။
(၆)
" စိတ်မရှိပါနဲ့၊ ဒါ ကျွန်တော်လုပ်ရမဲ့ အလုပ်၊ ကျွန်တော့် တာဝန်မို့ပါ "
" မဟုတ်ပါဘူး ဘော်ဒါရယ် ဒါက "
" ကဲ မိတ်ဆွေ ကျွန်တော်လည်း မတောင်းဘူး၊ ခင်ဗျားလည်း လာ မေးနဲ့ မယူဘူး၊ ဒါပဲ "
" အေးဗျာ ကျေးဇူးပါပဲ "
ကိုယ်လုပ်ရမည့်အလုပ်၊ ကိုယ်လုပ်ရမည့် စာရွက်စာတမ်းကိစ္စ၊ ဘာမျှ ခက်ခဲလှသည် ပင်ပန်းလှသည်မဟုတ်။ ဒါကြောင့် တောင်းစရာမလို၊ ယူစရာမလို။ ပေးမှ လုပ်၊ ရမှ လုပ်တတ်သည့် အကျင့်ကို ကျွန်တော် မကြိုက်တော့။ အနုနည်းဖြင့် အေးဓားပြတိုက်တတ်သည့် စရိုက်ကို မနှစ်သက်တော့။
အဘယ်ကြောင့်နည်း ကိုယ့်ပစ္စည်းများ ဆုံးရှုံးခံခဲ့ရခြင်းကြောင့်ဖြစ်သည်။ ကိုယ့် မေ့၍ ကျန်ခဲ့သည်။ သူတပါးက ခိုး၍ ပျောက်ဆုံးသည်၊ သဘာဝဘေးကြောက် ပျက်စီးရသည်။ ထိုသို့သော နည်းလမ်းတို့ဖြင့် ချွေးဖြင့် ကိုယ်ရှာဖွေထားသည့်အရာ၊ ကိုယ်မြတ်နိုးအရာတို့ ဆုံးရှုံးရသည့်အခါ ရင်ထုမနာတော့၊ ၀မ်းနည်းမဆုံး ကြေကွဲမဆုံး တော့ချေ။
ထို့ကြောင့်လည်း သူတပါး၏ ပစ္စည်းဥစ္စာအပေါ် စာနာမိလာသည်။ မတရားသောနည်းဖြင့် မယူချင်၊ အမြတ်ကြီးစား မလိုချင်၊ သူတပါးမသိအောင် ခိုး၍မယူချင်တော့။ သူတပါး၏ စိတ်သောကဖြင့်၊ စိတ်ဒေါသဖြင့် ပေးလိုက်ရသည့် လုယူခြင်းဖြင့် သာ၍ မလိုချင်တော့။ သူတပါး၏ မျက်ရည်ကြီးငယ်ဖြင့် ကိုယ်ဝမ်းစာ မဖြည့်ချင်၊ ကိုယ့် တစ်ကိုယ်စာတွေကို မဆင်ယဉ်ချင်တော့။ ရှိတာလေးနှင့်သာ စားမည်။ ရှိတာလေးနှင့်သာ ၀တ်ချင်မိတော့သည်။
ကိုယ်သောက ရောက်မှာကြောက်သည်။ ကိုယ် ဒေါသဖြစ်မှာ ကြောက်သည်။ ထိုအကြောက်တရားကြောင့် သူတပါးသောကဖြစ်ကြောင်း၊ ဒေါသဖြစ်ကြောင်း အလုပ်တို့ကို မလုပ်ချင်တောပါ။ လုပ်မိသွားမည်ကိုလည်း ကြောက်ရွံ့နေမိပါသည်။
ခိုးခြင်း၊ ၀ှက်ခြင်း၊ လုယက်ခြင်း၊ လာဘ်ယူခြင်း၊ ကြီးသောအမြတ်ယူခြင်းတို့သည် မိမိဥစ္စာတို့အား တစ်ချိန်တွင် ပြန်လည်ဆုံးရှုံးစေခြင်းသော အကြောင်းတရားတို့ဖြစ်သည်။ အကြောင်းတရားတို့ကို သတ်မှတ်သာလျှင် အကျိုး တရားတို့ သေစေမည်ဖြစ်သည်။ အကြောင်းတရားတို့ကို ကြောက်ရွံ့မိဖို့လိုပါမည်။
ကျွန်တော် ရှာဖွေရသမျှ မဆုံးရှုံးချင်ပါ။ ဆုံးရှုံးမည်ကို ကြောက်ပါသည်။ ထိုနည်းတူ မိမိ၏ အကြောင်းတရားကြောင့် တပါးသူ၏ ဥစ္စာများ ပျက်စီးသွားမည်ကို ကြောက်ရွံ့နေမိပါသည်။
(၇)
ကျွန်တော် တချို့သော အကြောင်းတို့ကို ကြောက်ရွံ့နေမိပါသည်။ ထိုကြောက်ရွံ့နေသော အကြောင်းတို့မှ အချို့သော ကြောက်ရွံ့ခြင်းတို့ကို ကျွန်တော်မြတ်နိုးစွာ ဖက်တွယ် ထားနေဦးမှာပင်။ ချစ်မြတ်နိုးနေဦးမှာပင်။ ထိုကြောက်ခြင်းကြောင့် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူနေမိဦးမှာပင်။ ထိုကြောက်ခြင်းကြောင့် ကိုယ့်လိပ်ပြာ ကိုယ် သန့်နေဦးမှာ ဖြစ်ပါတော့သည်။
ကျွန်တော် ကြောက်ပါသည်။
**********************
မေတ္တာဖြင့်
မောင်ပိုင် (လေးမျက်နှာ)
၉-၁၁-၂၀၁၆ (၂၂၅၉)
ရန်ကုန်မြို့။

0 comments:

Post a Comment

Followers