" ကျွန်တော်နှင့် ကြောက်ခြင်း (၁)"


*********
(၁)
" ဘုရား..ဘုရား…ဘုရား…"
" အမလေးတော် အိမ်လေးလှုပ်တာများ ဘုရား တ နေလိုက်တာ "
" တ ရတာပေါ့ မတော်အိမ်ပြိုကျသွားရင် ဘယ့်နှယ်လုပ်မတုန်း "
" ပြိုပါဘူးတော် … ပြိုကျလည်း ကိုယ်တစ်ယောက်ထဲမှ မဟုတ်တာ။ ရှင်ပဲ တစ်ယောက်တည်း တွေးကြောက်နေတာ။ ခုမှ သေမှာ တော်တော်ကြောက်နေရဲ့ ဟုတ်လား…"
သြော် ကြောက်တာပေါ့ မိန်းမရယ်။ ပုထုဇဉ်လူသား အို ပြောရရင် သတ္တ၀ါမှန်သမျှ ဘယ်သူက သေမှာ မကြောက်ဘဲ နေပါ့လိမ့်မလဲကွယ် ကြောက်တာပေါ့။

(၂)
" သေမှာ မကြောက်လို့
ပေတစ်ရာ လျှောက်တာတဲ့
ကြိုးစင်ပေါ်တက်
မျက်ရည်ထွက်
ခွက်နဲ့တစ်လုံး ပြည့်ရော့ဟဲ့ "
" အစ်မ "
" ဟေ "
" အဲဒီကဗျာကို ကျွန်တော်ငယ်ငယ်ကတည်းက ပါးစပ်ဖျားမှာ စွဲနေတာဗျ။ ကဗျာပြည့်စုံသလား၊ မှန်သလားတော့ မသိဘူးပေါ့လေ၊ အဲဒီကဗျာမှာ မရှင်းတာက ပေတစ်ရာ လျှောက်တာ ဆိုတာ ဘာပြောတာလဲ အစ်မ "
" ကြိုးစင်တက်တယ်ဆိုတာ ပါတယ်မလား "
" ဟုတ် "
" အေး အဲဒီကြိုးစင်ပေါ်သွားတဲ့ လျှောက်လမ်းဟာ ပေတစ်ရာရှိတယ်တဲ့ "
" သြော် "
မကြောက်ဘူးကွ၊ မကြောက်ဘူးကွလို့ သတ္တိတွေမွေး စိတ်ကိုတင်းပြီး ပေတစ်ရာရှိတဲ့ လျှောက်လမ်းကနေ ကြိုးစင်ပေါ်တက်၊ ကြိုးစင်ပေါ်ရောက်လေကာမှ သေမှာကြောက်လို့ ကျတဲ့မျက်ရည် ခွက်နဲ့တစ်လုံး ပြည့်နေကြပြီလားလေ။
(၃)
တကယ်ဆို ကျွန်တော်က သေမှာမကြောက်တဲ့ သူတစ်ယောက်လို့ အရင်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်ထားတဲ့ သူပါ။ အင်း သေမှာ မကြောက်ဘူးဆိုတာက မြွေကိုလည်း ကိုင်ရဲတယ်၊ ကျားနဲ့လည်း ဆော့ရဲတယ်၊ ကျည်ဆံ ဗုံးဆံတွေကြား ပြေားလွှားလို့ တိုက်ပွဲတွေလည်းနွှဲရဲတယ်လို့ ပြောတာမဟုတ်ရပါဘူး။
သေမှာ မကြောက်လို့ မိုက်ရူးရဲ လုပ်ချင်ရာလုပ်တဲ့ စိတ်မျိုးကိုလည်း ပြောတာမဟုတ်ပါဘူး။ ဘယ်အချိန်၊ ဘယ်နေရာမှာ၊ ဘယ်လိုသေရမယ်ဆိုတာ ဘယ်သူကမှ ကြိုပြီးသိလှတာမဟုတ်ဘူးလေ။ ဒီတော့ လမ်းသွားရင်း ဗြုန်းခနဲဆို ကားတိုက်လို့သေချင်သေမယ်၊ အခန့်မသင့် အစားတစ်လုတ်ကြောင့် သွေးတက်ပြီးသေချင်သေမယ် အို ပြောရရင် သတ္တ၀ါမှန်သမျှ သေဖို့ရာ နည်းလမ်းတွေကအများကြီးရယ်ဆိုတော့ တစ်ခုခုနဲ့ သေသွား၊ သေပေါ့၊ သေရဲပါ့ ဆိုတဲ့အတွေးမျိုးကြောင့် ကိုယ့်ကိုယ်ကိုယ် သေမှာမကြောက်ဘူးရယ်လို့ ပြောရခြင်းပါ။
သေခြင်းတရားရဲ့ နောက်ဆက်တွဲဆိုတာကို မတွေးတတ်ခဲ့ဘူး။ သေပြီးရင်လည်း မပြီးသေးတဲ့ သံသရာဆိုတာကို ခပ်ပါးပါး(အလွန့်အလွန်ပါးပါး)လောက်ပဲ တွေးမိတာရယ်ကြောင့် သေတော့ဘာဖြစ်မလဲ အို နောက်ဘ၀တစ်ခုလည်ပေါ့၊ ဒါပဲ အသိက၊ အတွေးက ဒါပဲ။
ဒီတော့ကား သေမှာ မကြောက်ဘူးရယ်။
ခုတော့ နှစ်ကြီးလာလေ ကြောက်စိတ်ကြီးလာတယ်ရယ်လို့ ထင်ရတယ်။ သေရမှာကို ပိုပိုကြောက်လာတယ်။ တစ်ခုခုလေးများဆို " ဘုရား ဘုရား " နဲ့။ အမယ် "ဘုရား ဘုရား" နဲ့ တ တယ်ဆိုတော့ ဘုရားအာရုံပြုတယ်လို့များ မအောင့်မိလေနဲ့။ အာမေဋိတ် နှုတ်က တမိရုံပဲ။ ဒီလောက်ပဲ နှုတ်က ရွတ်လည်းပြီးရော ဘုရား ဘယ်နေမှန်းကို မသိတော့ဘူး။ ကျန်တဲ့အချိန်တွေဆို နှုတ်က တစ်ရာပုံလို့ တစ်ပုံရဲ့ တစ်စိတ်တောင်မထွက်နိုင်ဘဲ၊ ကောင်းမွန်တဲ့ စကားတွေ ဘယ်ရောက်မှန်းမသိဘဲ အရည်မရအဖတ်မရ စကားလုံးတွေနဲ့သာ အာခံတွင်းတစ်ခုလုံး ပြည့်နှက်နေခဲ့တာ။
အင်းလေ ဒါကြောင့်လဲ သေမှာကို ပိုပိုကြောက်လာတာ ဖြစ်မှာပေါ့။
ပြီးတော့ ကြိုးတွေ၊ ကြိုးတွေပေါ့လေ။ သံယောဇဉ်ကြိုး၊ လောဘကြိုး၊ အတ္တကြိုး၊ ရမ္မက်ကြိုး အို ကြိုးကို စုံလို့။ ချည်ထားတာများ။ ကိုယ့်ကိုယ် ချည်တဲ့ကြိုးကို ပြန်ချစ်လိုက်တာလေ။ ပြတ်သွားမှာကိုစိုးရိမ်နေတာ။
လက်ရှိလောကီမှာ ကျင်လည်နေတဲ့ အချိန်အခိုက်အတန့်လေးကိုပဲကြည့်။ ကိုယ်ထိုင်တဲ့ နေရာလေးက နေရာ ကောင်းနေ၊ မြင့်မားနေ၊ ၀င်ငွေစီးဆင်းမှုအလွန်ကောင်းနေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်ပြေချောမွေ့နေတယ်ဆိုရင်ပဲ တခြားနေရာတစ်ခုကို သွားဖို့ တွန့်သွားတတ်ကြတာပဲလေ။ ဒီနေရာလေးကို ဖက်တွယ်ထားချင်တဲ့စိတ်ကလေးကလည်း အရင်းခံရှိနှင့်နေသေးတာကိုး။
သားရယ် သမီးရယ်၊ ဇနီးမယားရယ်နဲ့ ဥစ္စာတွေက လက်ရှိကျင်လည်ရာ ဘ၀အသိုက်အ၀န်းလေးကို အကျေနပ် ကြီးကျေနပ်၊ အပျော်ကြီးပျော်နေတာပေါ့။ နောက်တစ်ဘ၀ဆိုတာက ဘယ်ဆီနေမှန်းမသိ၊ ဘယ်ကိုသွားလို့ ဘာဖြစ်မှန်း သိတာမဟုတ်ရယ်။ ဒီလောကီကြီးထဲမှာပဲ သံသရာဆွဲစန့်လို့ ဘယ်လောက်ပင်ရှည်ရှည်ဆိုသကိုး၊ နေချင်သေး၊ ပေချင် သေး၊ ပျော်ချင်သေး၊ မော်ချင်သေးတာကိုး။
သံသရာကြီးမှာ လည်ပတ်နေသ၍ ဘယ်ဘ၀ဘယ်ဘုံမှ မမြဲဘူးဆိုတာအသိလေးက သိချင်ယောင်ဆောင်နေ တယ်ဆိုပေမင့် တကယ်တန်းတော့ မမြဲဘူးဆိုတဲ့ သတိလေးမရှိတော့ မြဲသမှ မြဲ မြဲ မြဲ ထင်လို့။ မြဲတယ်လို့ ထင်မိလို့လဲ သေမှာကို ကြောက်တဲ့ စိတ်တွေက ပိုပိုလို့တိုးလာတာထင်ပါရဲ့။
(၄)
သေခြင်းတရားဆိုတာ အချိန်မရွေးဘူး၊ နေရာမရွေးဘူး၊ အသက်အရွယ်မရွေးဘူး။ လက်တစ်ဖျစ်အတွင်းမှာ သက်တမ်းကုန်ဆုံးသွားတတ်တယ်။ တချို့ အမိဝမ်းအတွင်းမှာတင် သေဆုံးရ၊ တချို့ လူကောင်းပတိကြီးက တစ်နည်းနည်းနဲ့ ဗြုန်းခနဲဆို သေဆုံးရ၊ အဲသလိုနဲ့ အမှတ်မထင်ရောက်လာတတ်တဲ့ တရား။
အာယုက္ခယ၊ အသက်တမ်းကုန်၍ သေဆုံးခြင်း(မီးစာကုန်၍ မီးငြိမ်းခြင်း)၊ ကမ္မက္ခယ၊ အသက်တမ်းရှိသေးသော် လည်း ကံကုန်၍ သေခြင်း(မီးစာရှိသေးသော်လည်း ဆီခမ်း၍မီးငြိမ်းခြင်း)၊ ဥဘယက္ခယ၊ အသက်တမ်းနှင့် ကံကုန်၍ သေခြင်း(မီးစာကုန်ဆီခမ်း၍ မီးငြိမ်းခြင်း)၊ ဥပစ္ဆေဒက၊ အသက်တမ်းမစေ့၊ ကံမကုန်မီ ဥပစ္ဆေဒကံကြောင့် သေရခြင်း (မီးစာနှင့်ဆီရှိသေးသော်လည်း ကြားလေတိုက်၍ မီးငြိမ်းခြင်း) ဆိုတဲ့ သေခြင်း ၄ မျိုးရှိပါတယ်။
အသက်ဥာဏ်စောင့်သတဲ့။ မီးစာကုန်ဆီခမ်းအထိ နေနိုင်အောင်ကြိုးစားကြပေမဲ့ ကံသေကံမ ပြောမရတဲ့ ဘ၀ အခြေအနေတွေဆိုတော့ ဘယ်ပုံဘယ်နည်းနဲ့ သွားကြရမလဲ ကြိုမသိနိုင်။
ကြိုမသိနိုင်ပဲ ဘ၀တစ်ပါးလားရပြီဆိုရင်တော့ အဲဒီဘ၀တစ်ပါးကို ကျွန်တော်တို့ ဘာတွေယူသွားလို့ ရသလဲ၊ ကျွန်တော်တို့နောက်ကို ဘာတွေပါလာသလဲ၊ ကျွန်တော်တို့ ဘ၀တစ်လျှောက်လုံး ပြုခဲ့သမျှ ကုသိုလ်၊ အကုသိုလ်ကံ တွေသာ ပါလာကြရမှာပါ။ ကျွန်တော်တို့ ရှာဖွေသမျှသော ဥစ္စာတွေ ထားခဲ့ကြရမယ်၊ ချစ်လှစွာသော ဇနီးမယား၊ သမီး သားတွေထားခဲ့ရမယ်။
လိုက်ပါမလာနိုင်တဲ့ ဥစ္စာတွေ၊ ချစ်သူခင်သူမုန်းသူတွေကို စွဲငင်နေရင်တော့ မကျွတ်မလွတ်နိုင်တဲ့ ပြိတ္တာတွေ၊ အသူရကယ်တွေ ဖြစ်သွားနိုင်တယ်။ သေခါနီးဇောတွေအကျ၊ လားရာဂတိနိမိတ်တွေကိုမြင်တဲ့အခါ ကိုယ့်ရဲ့လားရာ ဂတိတွေဟာ ကြောက်စရာကောင်းလွန်းနေတဲ့အခါ သေရမှာကိုကြောက်တဲ့ စိတ်တွေ ပိုလို့တိုးလာမယ်ထင်ရဲ့။ အဲဒီအချိန်ကြမှ နောင်တရကြ၊ မျက်ရည်တွေ တွေတွေစီးရမဲ့ အဖြစ်တွေက တွေးကြည့်လေ ကြောက်စရာကောင်းလေ ပါလားလေ။
(၅)
အသက်အရွယ်ကြီးရင့်လာခြင်းနဲ့အတူ အတ္တတွေဟာ ပိုပိုကြီးလာသလား။ လူတွေက အတ္တကြီးလာတာနဲ့အမျှ သေမှာပိုကြောက်လာတတ်ကြတယ်။ သို့သော်လည်းပေါ့လေ သေမှာမကြောက်တဲ့ စိတ်တွေနဲ့ ပေတစ်ရာလျှောက်ကြတဲ့ သူတွေမဟုတ်လား။
နံနက်ခင်းအလင်းမှာ မျက်နှာလေးသစ်၊ ခိုင်ခန့်နေအောင်၊ ဖွေးနေအောင် သွားလေးတွေတိုက်၊ လူမြင်ကောင်း သူမြင်ကောင်းအောင်၊ ကိုယ့်ရုပ်ကလေး မှန်ရှေ့ကမခွာရက်နိုင်အောင် ပြင်ဆင်၊ ဆံနွယ်လေးတွေ ဖြူနေသလား၊ ပါးရေ နားရေတွေတွန့်နေပြီလား တတ်နိုင်သမျှသော ဖန်တီးပြင်ဆင်ချက်တွေနဲ့ သေမင်းကြီးကို မျက်စိမှောက်မှားအောင် လှည့်စားနေကြတာပဲလေ။
ဒါ့အပြင် လောဘဇော၊ ဒေါသဇောတွေနဲ့ အထုပ်တွေထုတ်ကြ၊ သယ်ပိုးကြ၊ ရှာဖွေကြ။
ည အိပ်ရာထဲဝင်၊ နဖူးပေါ် လက်ကလေးတင်၊ စီးပွားရေးကြီးပွားရေး၊ သမီးရည်းစားအရေး၊ သားရေးသမီးရေး၊ ဟိုအရေး ဒီအရေးတွေနဲ့ ကမ္ဘာကုန်ကျယ်သ၍ ရှာပုံတော်ချဲ့လေကြ။ သေရေးဆိုတာထက် တုံးလုံးစာ၊ မတ်တတ်စာအတွက် ပူပင်ရ။ နောင်ဘ၀အရေးထက် နောင်အရေးတွေလို့ ပူပင်ရ။ အဲသလိုနဲ့ပဲ ကိုယ့်ဘ၀ကိုယ် မေ့နေ ကြတဲ့ ကျွန်တော်တို့တတွေ။
" ကိုယ့်ကိုယ်ကို သနားပါ များသတ္တ၀ါ ...
ကိုယ့်ကိုယ်ကို သနားပါ များသတ္တ၀ါ ...
လောဘ ဒေါသ မောဟ လောင်မီး ကိလေသာ ...
လောဘ ဒေါသ မောဟ လောင်မီး ကိလေသာ ...
တဟုန်းဟုန်း တောက်လို့ သာ ... တဖြုန်းဖြုန်း မောက်မို့ စွာ ...
တဟုန်းဟုန်း တောက်လို့ သာ ... တဖြုန်းဖြုန်း မောက်မို့ စွာ ...
အကုသိုလ် စရိုက်ဆိုးတွေဟာ ပြုလွယ်ဖြစ်လွယ် စိတ်အား ထက်သန်စွာ ...
အကုသိုလ် စရိုက်ဆိုးတွေဟာ ပြုလွယ်ဖြစ်လွယ် စိတ်အား ထက်သန်စွာ ...
နတ်ရွာနိဗ္ဗာန်လမ်းကို လှမ်းဖို့ အမှုဟာ ထဲစိတ်ကမပါ ...
နတ်ရွာနိဗ္ဗာန်လမ်းကို လှမ်းဖို့ အမှုဟာ ထဲစိတ်ကမပါ ...
နေရာဟောင်းကို အလွန်အောင်းမေ့တာ ...
လေးဘုံပါယ်ရွာ ... လေးဘုံပါယ်ရွာ ... ထဲမှာ ...
နေမြဲသာ ... များသည်သတ္တ၀ါ ... "
(၆)
" အလို မောင်ပိုင် ခုတလေ သေခြင်းတရားတွေ အကြောင်းတွေကြောင်း တယ်လဲရေးလှပါလား "
" ရေးရတာပေါ့ဗျာ သေခြင်းတရားက ဘယ်အချိန်လာမယ်မှန်းမှမသိတာ "
" ဘာလဲ ခုမှ သေရမှာကြောက်နေပြီလား "
" သေရမှာ ကြောက်တာပေါ့ဗျာ "
" ဟား ဟား ဟား ဟား ဟား ဟား "
" ဘာ ရယ်တာလဲ ဗျ "
" မင်းက ကြောက်သတဲ့လား.. ဟား ဟား ဟား.. ကြောက်ချင်ယောင် ဆောင်တာပါကွာ ဟား ဟား ဟား "
*************
မေတ္တာဖြင့်
မောင်ပိုင် (လေးမျက်နှာ)
၃-၁၁-၂၀၁၆
အယူအဆအမှားများ၊ အမှတ်အမှားများရှိ၊ အရေးအသားမှားယွင်းမှုများရှိနေပါက
သည်းခံ၍ ပြုပြင်ပေးစေလိုပါတယ်ခင်ဗျား။

0 comments:

Post a Comment

Followers