မြန်မာရဲ့ ဘက်မလိုက်နဲ့ ကြားနေရေး နိုင်ငံခြားရေးဝါဒ


ဂျပန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက အရာရှိတစ်ယောက် ၀န်ကြီးချုပ်အာဘေးရဲ့ ဟာဝိုင်အီ ခရီးစဉ်ကို သမိုင်းဝင် ပထမဦးဆုံး ခရီးစဉ်ဆိုပြီး ပြောလိုက်တဲ့နောက် (သမိုင်း)ပညာရှင် အသိုင်းအ၀ိုင်းကဒီအချက်ဟာ မမှန်ကန်ကြောင်း ဝေဖန်ထောက်ပြမှုတွေ ရှိခဲ့တယ်။


မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရကတည်းကစပြီး ဘက်မလိုက်နဲ့ကြားနေရေး နိုင်ငံခြားရေးဝါဒ ကျင့်သုံးခဲ့တယ်ဆိုပြီး ပြောပြောနေကြလို့ နည်းနည်း အထွန့်တက်ပြမလို့ပါ။ ၁၉၄၇ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မည်သည့်နိုင်ငံခြားရေးမူဝါဒ ကျင့်သုံးမည်ဆိုတာကို ဖေါ်ပြထားခြင်းမရှိပါ။ ပုဒ်မ ၂၁၁ မှာ - "ပြည်ထောင်စု မြန်မာနိုင်ငံသည် စစ်မက်ကို နိုင်ငံတော်ဝါဒ၏ လက်နက်သဖွယ် အသုံးမပြု စွန့်ပယ်သည်။ ထို့ပြင် နိုင်ငံခြားနှင့် ဆက်ဆံရာ၌ ပြည်ထောင်စုချင်းချင်းဥပဒေ၏ သဘောတရားများကို ကျင့်စဉ်အဖြစ်ဖြင့် လိုက်နာလက်ခံသည်။" ပုဒ်မ ၂၁၂ တွင် - "ပြည်ထောင်စု မြန်မာနိုင်ငံသည် ပြည်ထောင်ချင်းချင်း တရားမျှတမှုနှင့် နိုင်ငံတကာတို့ စောင့်ရှောက်အပ်သော ကျင့်ဝတ်သိက္ခာတို့ကို အခြေခံ၍ ကမ္ဘာ့ငြိမ်းချမ်းရေးကို နိုင်ငံတကာ တို့နှင့် မိတ်ဝတ်မပျက် ပေါင်းဖက်ဆောင်ရွက်ရေးကို၎င်း ရှေ့ရှုမည်ဟူ၍ ခိုင်မြဲသော အဓိဋ္ဌာန်ကိုပြုသည်။" ဟုသာ ပါရှိပါသည်။

တကယ်တော့ ၁၉၅၀ ပြည်နှစ် ပထမ လေးလပါတ် ကာလအထိ မြန်မာ့နိုင်ငံခြားရေးမူဝါဒဟာ ကြားနေရေးနဲ့ဘက်မလိုက်ရေး မဟုတ်သေးပါ။ အနောက်နဲ့ပေါင်းဖို့ ကြိုးစားတာ မအောင်မြင်တဲ့နောက်မှ ဘက်မလိုက်ကြားနေရေး ဖြစ်လာတာပါ။ ၀န်ကြီးချုပ်ဦးနု ၁၄ ဇွန် ၁၉၄၉ ရက်နေ့မှာ ပါလီမန်မှာ ပြောတဲ့မိန့်ခွန်းမှာ စစ်မဟာမိတ်စာချုပ်ချုပ်ဖို့ လိုနေပြီဆိုပြီးတော့ ပြောခဲ့တယ်။ များမကြာမီဘဲ ထိုစဉ်က ဒုဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေ၀င်းရယ် နိုင်ငံခြားရေးဝန်ကြီး ဦးဧမောင်ရယ် ဇူလိုင်နဲ့ သြဂုတ် ၁၉၄၉ခုနှစ်မှာ ဗြိတိန်နဲ့ အမေရိကန်ရောက်တော့ "ပါစိဖိတ်ဒေသဆိုင်ရာ လုံခြုံရေးစာချုပ် (Pacific Area Security Pact)" တစ်ခုလုပ်သင့်ကြောင်းနဲ့ အဲ့ဒီမှာ ပါဝင်ချင်ကြောင်း ပြောခဲ့ကြတယ်။

နောက်တော့ ၁၉၅၀ပြည့်နှစ် ဖေဖေါ်ဝါရီလလယ် (၁၄ရက်ဖြစ်ဖို့များတယ်) မှာ ဗိုလ်ချုပ်ကြီးနေ၀င်းက ဗိုလ်စင်္ကြာကို အမေရိကန်သံရုံးက တာဝန်ရှိသူတစ်ဦးကို သွားတွေ့စေပြီး အမေရိကန်ပြည်တောင်စုအနေနဲ့ စစ်လက်နက်နဲ့ ပညာရှင်များအပါအ၀င် ရေရှည်ကူညီမယ်ဆိုရင် အနောက်အုပ်စုနဲ့ မဟာမိတ်ပြုဖို့ လုံးဝအဆင်သင့်ဘဲ - Burma is fully prepared to align with the West if the United States is willing to extend long-term assistance, including military supplies and technicians. - ဆိုပြီး သွားပြောခိုင်းတယ်။ [အဲ့ဒီအချိန်မှာ သံရုံးမှာ သံအမတ်မရှိပါ၊ သံအမတ်အသစ် David McKendree Key က ဧပြီလမှ ရောက်တာပါ။] ဒါနဲ့ အမေရိကန်သံရုံးက တာဝန်ရှိသူက ၁၄ ဖေ ၁၉၅၀ ရက်စွဲနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး (Secretary of State) ကို ကြေးနန်းရိုက် အစီရင်ခံတယ်။ ၃ရက်အကြာ - ၁၇ ဖေ ၁၉၅၀ရက်နေ့ - မှာ နိုင်ငံခြားရေးဝန်ကြီး Dean Acheson က ရန်ကုန်ရှိ အမေရိကန်သံရုံးကို ကြေးနန်းပြန်ရိုက်ပြီး အကူအညီပေးနိုင်မည့် နည်းလမ်းများ ရှာကြံပါဆိုပြီး အကြောင်းပြန်ခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီအချိန်မှာ KMT ကိစ္စ ပေါ်လာပြီး အမေရိကန်ရဲ့ ရပ်တည်ချက်အပေါ် မြန်မာအစိုးရက သဘောမတွေ့တော့တာကို တွေ့လာရတယ်။

မြန်မာ့နိုင်ငံခြားရေးဝါဒဟာ လွတ်လပ်ရေး ရပြီးကာစ ကနဦးအပိုင်းမှာ collective security ကိုအခြေပြုတဲ့ ကုလသမဂ္ဂနဲ့ collective defence ကိုအခြေပြုတဲ့ စစ်ဖက်မဟာမိတ်တစ်ခုခုမှာ ပါဝင်ထားပြီး မိမိနိုင်ငံလုံခြုံရေးကို ရယူထားဖို့ ကြိုးစားခဲ့တာ တွေ့ရတယ်။ နောက်တော့ ကုလသမဂ္ဂကလည်း အားကိုးလို့မရ၊ စစ်မဟာမိတ်အဖွဲ့ကလည်း မဖြစ်နိုင် (SEATO ဟာ ၁၉၅၄ခုနှစ် အနှောင်းပိုင်းမှ ပေါ်တာပါ။) ဆိုတော့ ၁၉၅၀ပြည်နှစ် အနှောင်းပိုင်းလောက်ကစပြီး ကြားနေရေးနဲ့ဘက်မလိုက်ရေးကို မဏ္ဍိုင်ပြုလိုက်ရတော့တယ်လို့ ဆိုရမှာပါ။

မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရပြီးကတည်းက ကြားနေရေးနဲ့ဘက်မလိုက်ရေး နိုင်ငံခြားရေးဝါဒကို စတင်ကျင့်သုံးတယ်ဆိုပြီး - ကိုယ်ပြောခဲ့တာကို ကိုယ့်ဟာကိုမေ့ပြီး - ပြောခဲ့တာ ၀န်ကြီးချုပ်ဦးနုပါ။ ၅ ဧပြီ ၁၉၆၀ ရက်နေ့က ပြည်သူ့လွှတ်တော်မှာ ပြောတဲ့ဝန်ကြီးချုပ်ရဲ့ မိန့်ခွန်းမှာ "လွတ်လပ်ရေးရကတည်းက positive neutrality and non-alignment" မူဝါဒ ကျင့်သုံးခဲ့တယ်ဆိုပြီး ပြောသွားတာပါ။ ဒါကိုဘဲ နှောင်းလူတွေက ဆက်လက်ပြီး သံယောင်လိုက်ပြောနေကြ တယ်လို့ထင်ပါတယ်။ သမိုင်းအထောက်အထားအရဆိုရင်တော့ ၁၉၅၀ပြည်နှစ် ပထမ လေးလပါတ်ကာလအထိ မြန်မာနိုင်ငံဟာ ကြားနေရေးနဲ့ဘက်မလိုက်ရေး ကျင့်သုံး တယ်လို့ ပြောလို့မရပါဘူး။ အနောက်အုပ်စုနဲ့ (စစ်)မဟာမိတ်ပြုချင်ခဲ့တာပါ။



ဒေါက်တာ မောင်အောင်မျိုး  

0 comments:

Post a Comment

Followers