ကျနော်နဲ့ ကိုကိုကျွန်းခရီးစဉ် ( အပိုင်း-၅ )



တစက္ကန့် -----နှစ်စက္ကန့်
တမိနစ်----နှစ်မိနစ်------
-
-
-
အားလုံးရဲ့ စိတ်ပူနေတဲ့ အချိန်မှာဘဲ
ပင်လယ်ရေ ပြည့်လုပြည့်ခင်ဖြစ်နေတဲ့ Manholeကနေ
မျိုးလွင် ပြန်တက်လာပါပြီ။

ကျနော်အပါအဝင် အားလုံးက
အခြေအနေကို သိချင်ကြပေမဲ့
ဘယ်သူမှ စကားမေးမထွက်။
ဘာလို့ လည်းဆို မျိုးလွင်အနေနဲ့  Diverမဟုတ်ပါဘဲ
သူ့ ရဲ့ စွန်းစားရဲ့မှု တခုထဲနဲ့  အားလုံးအတွက်ဆိုတဲ့
စိတ်ကြောင့်သာ အရဲစွန့် ဆင်းငုပ်သွားတယ်ဆိုပေမဲ့
သူ့ မျက်နှာမှာ ပင်ပန်းမွမ်းကျပ်နေတဲ့ အနေအထားက
ဖုံးကွယ်ထားမရ။
ခဏလောက်သူအမောဖြေပြီးမှာတော့ EOကြီးကစပြီး
အခြေအနေဘယ်လိုရှိလဲ စမေးပါတော့တယ်။
ဒီမှာတင် သူက
""""အသက်ရှူမဝလို့  အနားထိတော့ မရောက်ဘူး
ဒါပေမဲ့ အပြင်ရေအောက်အလင်းရောင်ကြောင့်
အပေါက် ၂ပေါက်တော့ တွေ့တယ်။
တပေါက်က လက်သီးဆုပ်လောက် ထင်ပြီး
တပေါက်ကတော့ တပေ ပတ်လည်လောက်
ရှိမယ်ထင်ပါတယ်"""""တဲ့။
ဒါနဲ့  ကျနော်တို့ လည်း Bridge ပေါ်က စီအိုကြီးကို
သတင်းပို့ ဖို့  သွားတော့ စီအိုကြီးက
ထမင်းစားခန်းမှာဘဲ စုပြီး ပြောဖို့  စီမံထားပါတယ်။
ဒီနေရာမှာ မင်းသားက မျိုးလွင်ပါဘဲ။
သူ ဆင်းငုပ်တဲ့အချိန် ပိုက်သေးသေးလေးကနေ အသက်ရှုရ သိပ်ခက်တယ် ဒါကြောင့်ကြာကြာမနေရဲဘူး
ဝေးဝေးလည်း မသွားရဲဘူး"""တဲ့။
ဒီအချိန်မှာ EOကြီးရဲ့ Damage Control အတွက်
စဉ်းစားရသလို
ရေငုပ်မဲ့သူကို လေပေးနိုင်ဖို့ အတွက်ကလည်း
အရေးကြီးဆုံး စဉ်းစားစရာဖြစ်လာပြီ။
ဒါနဲ့ အဖွဲထဲက တယောက်က GEအဖွဲ့ တွေသယ်လာတဲ့
ပစ္စည်းတွေထဲမှာ ရေသွယ်တဲ့ ပလပ်စတစ်ကြိုးပိုက်ပျော့ခွေတွေ တွေ့ မိပါသတဲ့။
အဲ့မှာတင် ရေယာဉ်ပေါ်ပါလာတဲ့ GE လမ်းဗိုလ်ကို
ခေါ်လိုက်ပြီး မေးကြည့်တော့ ဟုတ်ပါတယ်တဲ့။
အားလုံးရဲ့ ပျော်သွားတဲ့ မျက်နှာက ဖော်မပြတတ်တော့။
ဒါနဲ့  စီအိုကြီးက Level ပိုက်က သေးလို့ 
ကြိုးပိုက်ခွေ သုံးချင်တယ်လို့  ပြောတာမှမဆုံးသေး
လမ်းဗိုလ်ကြီးက ဝုန်းဆိုထရပ်ပြီး
""""ကျနော်ခုသွားယူပေးမယ် ဗိုလ်မှူးကြီး""ဆိုပြီး
သွားယူချလာပါလေရော။
သူသွားယူနေချိန် ဆက်ဆွေးနွေးကြတာပေါ့။
ကျနော်ကတော့ ကိုယ်တိုင်ဘဲ အခန်းထဲက
Army Rum ( ကျနော်တိုခေတ်မှာ Navy Rum မရှိပါ ၊
ခုရှိလား မရှိလားလည်း မသိပါ ) ပုလင်းထဲက
Rum နည်းနည်းကို ပလပ်စတစ်သောက်ရေခွက်ထဲ
နည်းနည်းထဲ့ ရေကိုတော့ မျိုးလွင်ကိုဘဲ
သူ့ စိတ်တိုင်းကျ ရောခိုင်းပြီး မော့ခိုင်းလိုက်ပါတယ်။
တကယ်တော့ သူက အရက် အင်မတန်ကြိုက်သူပါ။
ခုဟာကတော့ သူ့ အကြိုက်ကို တိုက်တာထက်
စိတ်ဓါတ်တက်ကြွအောင် Up Spirit လုပ်ပေးရင်း
ခန္ဓာကိုယ်နွေးစေဖို့ လည်း ရည်ရွယ်လိုက်လို့ ပါ။
နောက်တော့ ထမင်းစားခန်းကို ပြန်သွား ယူလာတဲ့
ူကြိုးပိုက်ပျော့အခွေကို လိုသလောက်ခန့် မှန်းဖြတ်
အသက်ရှူကြည့် လုပ်ရပါတယ်။
All OK ပါ။
သူပြောတာက စောစောကထက် အလွန်သာပါ သတဲ့။
ဒီနောက် နည်းနည်းကြာတော့ EOကြီးနဲ့ အဖွဲ့ ပြန်လာပြီး
ပျက်စီးထိန်းဘယ်လို လုပ်ကြမယ်
ဘယ်ပစ္စည်းဘယ်လို ကိုင်မယ်
ဘယ်နေရာထည့်မယ် ဘယ်သူလုပ်မယ်
စသဖြင့် အားလုံး တိုင်မင်ကိုက်ရပါပြီ။
ဒီနေရာမှာတော့ စီအိုကြီးထက် EOကြီးရဲ့
ဆုံးဖြတ်စီစဉ်ပေးမှုကို နာခံရပါတယ်။
လောလောဆယ် ရေဝင်များတဲ့ အပေါက်ကြီးကို အရင်ဖာမယ်
သင်္ဘောဦးရေပေါ် ပေါ်မှ အပေါက်သေးကို ဆက်ဖာကြမယ်ပေါ့။
သူစားပွဲပေါ် တင်ထားတဲ့ ပစ္စည်းတွေက
ကြိုးခွေ ဖော့ဖြူအတုံး တပေပတ်လည်သာသာ
စက်ဝိုင်းပုံ သံပြားကို အလယ်တည့်တည့်မှာ
သံချောင်းတွဲထားတဲ့ ပစ္စည်း ( နာမည်မခေါ်တတ်ပါ )
ဒီသံပြားကိုမှ ၂၈လမ်း ဖိနပ်ဆိုးလ်ပြားကြီးဆိုင်မှာ
ရောင်းတဲ့ ရာဘာစကြီး ကော်သုတ်ကပ်ထားပါတယ်။
ဒီလိုဖော့ပြားတွေက ရေယာဉ်တိုင်းနီးပါးရှိကြပါတယ်။
ပူးပေါင်းပါဝင်ရမဲ့သူအားလုံးကို ၂ ခါ ၃ ခါ
ဘယ်သူ ဘာလုပ်ရမယ် သင်ပေးရတာပေါ့။
ကျနော်ကတော့ မျိုးလွင်ကိုဘဲ တတွတ်တွတ်မှာရတာပေါ့လေ။
နောက်ဆုံးမှာတော့ အစီအစဉ် စကြပါပြီ။
ပထမတခေါက်လိုဘဲ မျိုးလွင်ရေငုတ်ပေါ့။
ဒါပေမဲ့ ပထမအခေါက်ထက်ပစ္စည်းတွေက ပိုသွားပြီ။
လက်ထဲမှာ ဖော့ဖြူစပါတဲ့ ကြိုးခွေနဲ့  အသက်ရှူပိုက်။
ကံကောင်းတာက လေပိုက်က ပိုကြီးသလို
ကြိုးပိုက်မို့  ပိုက်ခေါက်ပြီး လေပိတ်မှာ မစိုးရိမ်ရတော့။
မျိုးလွင် စငုပ်သွားပါပြီ
ကျနော်ကတော့ အရင်လိုဘဲ နာရြီကည့်
တဖက်စကို ရေယာဉ်မှာချည်ထားတဲ့ ကြိုးစကို အလိုက်သင့်လျှော့ပေးပေါ့။
ဒီအချိန်မှာ စစ်အန်ဒါဝယ်ယာ ( Underwear ) ဝတ်ထားတဲ့ EOကြီးနဲ့ အဖွဲ့ က
ရေယာဉ်ဘေးကနေ ကုပ်ကပ်ပြီး
ကျောက်ဆူးရှိရာဖက်ကို ငုံ့ကြည့်သူကြည့်
ပြင်ဆင်သူပြင်ဆင်နဲ့  ရှုပ်နေကြပါတယ် ။
ဒီအချိန်မှာ ရေယာဉ်ရဲ့ Speedကလည်း
သွားတယ်ဆိုရုံ လှိုင်းဒဏ်ခံနိုင်တယ်ဆိုရုံဘဲ ရှိတာပေါ့။
ရပ်ထားလို့ တော့ လုံးဝမရကြောင်း စီအိုကြီးက
စောစောထဲက ပြောပြပါတယ်။
တပည့်တွေကို သင်ပေးတာလည်း ပါတာပေါ့။
လက်ရှိရေယာဉ်ရဲ့ Stabilityအရ ရေမျှောထားတုန်း
ဘေးတိုက်လှိုင်းသာမိလို့ ကတော့ ရေယာဉ်လဲသွားနိုင်တယ်တဲ့။
ကျနော့အနေနဲ့ ကတော့ မျိုးလွင်ဆင်းသွားတာကို
အချိန်ကြည့်တာထက် စိတ်လှုပ်ရှားတာက
ပိုပို လာတာပေါ့။
သိပ်မကြာပါဘူး EOကြီးနဲ့ အဖွဲ့ က ဟေးးးးးးးးးးဆိုတဲ့အသံနဲ့ အတူ
လှုပ်ရှားမှုတွေ မြင်လိုက်ရပါတယ်။
စိတ်က ချက်ချင်းပြေးကြည့်လိုက်ချင်ပေမဲ့
ကျနော်တာဝန်ယူထားတဲ့ မျိုးလွင် ရေပေါ်ပြန်တက်မလာသေးလို့ 
သွားမရ။
မှန်တာပြောရရင် ကျနော် နာရီမကြည့်မိတော့ ။
လက်ထဲကိုင်ထားတဲ့ ကြိုး ရေအောက်ပါပါသွားထဲက
မျိုးလွင် Ok နေတာသိပြီး ဒီကြိုးမြန်မြန်နဲ့  များများလျှော့ပါစေဘဲ ဆုတောင်းနေမိတာပေါ့။
နည်းနည်းကြာတော့ ကြိုးလျှော့တာ တန့်သွားတာနဲ့ အတူ
မရှေးမနှောင်းမှာဘဲ Manhole ဘောင်ကို
လက်မဲမဲတဖက် ( မျိုးလွင်က ဂေါ်ရခါးပါ) ဖမ်းကိုင်လိုက်ချိန်မှာတော့
ကျနော် မနေနိုင်မထိုင် ကျနော့နေရာကနေ
သူ့ နားကို ထပြေးမိပါတော့တယ်။
တကယ်တော့ ထပြေးတယ်သာ ပြောတာပါ
ဘယ်လိုပုံစံနဲ့  ကျနော်သူ့ နားရောက်သွားတယ်ဆိုတာ
ယနေ့ တိုင် ကျနော်စဉ်းစားမရ-----

#အပိုင်း၆ ဆက်ရန်


0 comments:

Post a Comment

Followers